"မင်္ဂလာဆောင်ခြင်း"



မင်္ဂလာဆောင်တယ်ဆိုတဲ့စကားအဓိပ္ပာယ်လေးအတိုင်း မင်္ဂလာပွဲတစ်ခုမှာ မင်္ဂလာမောင်နှံနှင့်တကွ အားလုံးသော ဆွေမျိုးမိတ်ဆွေ ဧည့်ပရိသတ်တွေပါ ပွဲစဉ်အစအဆုံးမှာ မင်္ဂလာရှိစွာ ကျက်သရေရှိစွာ ပျော်ရွှင်ကြည်နူးစွာ အောင်မြင်စွာ အထမြောက်သွားဖို့ က အဓိကပါပဲ။
ထုံးတမ်းအစဉ်အလာအတိုင်းတော့ မင်္ဂလာရက်သတ်မှတ်ပြီးတာနဲ့ မင်္ဂလာခန်းမနေရာ၊ အချိန်၊ မိတ်ကပ်၊ ဝတ်စုံ ဒီသုံးမျိုးက အရေးကြီးဆုံးဆိုပြီး ဦးစွာစီစဉ်ကြရပါတယ်။ တော်တော်များများတော့ တစ်နှစ်လောက် အချိန်ယူစီစဉ်ကြပါတယ်။
ဘယ်လောက်ပဲ အချိန်ယူစီစဉ်စေကာမူ ပွဲအနားနီးရင် လူပင်ပန်း စိတ်ပင်ပန်းတာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ၊ မတော်တဆသော အလွဲအချော်လေးများ ဖြစ်တတ်တာ၊ နေထိုင်မကောင်း ဖြစ်တတ်တာလေးတွေ ကြုံတတ်တ ဖြစ်တတ် ရှိတတ်ပါတယ်။
ကျမ ပြီးခဲ့တဲ့ ဇန်နဝါရီလ မှာ မင်္ဂလာဆောင်ခဲ့ပါတယ်။ မင်္ဂလာမဆောင်ခင်မှာရော ဆောင်ချိန်မှာရော ဆောင်ပြီးသွားတဲ့အခါမှာပါ စိတ်အေးချမ်းစွာ ဖြတ်သန်းခဲ့ရတဲ့ ကျမရဲ့ သတို့ သမီးဘဝ အတွေ့ အကြုံလေးများက ပျော်စရာ စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့ပါတယ်ရှင့်။
"ဆုံးဖြတ်ချက်/Plan A and B"
.............................................
ကျမ ပွဲအတွက်ကို နှစ်ဦးတည်းသာ တိုင်ပင်ရွေးချယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူများအဆင်ပြေတိုင်း ကိုယ်နဲ့အဆင်မပြေတာ ဖြစ်နိုင်သလို သူများအဆင်မပြေတိုင်း ကိုယ်နဲ့ အဆင်ပြေတာမျိုးက ဖြစ်တတ်လို့ ပါ။ ဘယ်နေရာမှာ ဘာတွေနဲ့ ဘယ်သူနဲ့ ဘယ်လိုအဆင်အပြင်၊ ဘယ်လမှာ ဘယ်နေ့ ရက်မှာ ဘာကိစ္စတွေ ပြီးစီးရမယ်ဆိုတာကို လအလိုက်ခွဲပြီး စာအုပ်ထဲသေချာ ချမှတ်ပါတယ်။ ဒီ့အတွက်ပွဲနေ့ မှာ လိုအပ်တာတွေ ပူပန်ရတာတွေ မရှိတော့ပါဘူး။ အားလုံးသော ကိစ္စတိုင်းအတွက် plan A အဆင်မချောခဲ့ရင်ဆိုပြီး plan B ဆိုပြီး back up စီစဉ်ထားပါတယ်။ (ဥပမာ- မိတ်ကပ်ဆရာပွဲနီးမှ ပယ်ဖျက်ပစ်ခဲ့ရင် ဘယ်မိတ်ကပ်ဆရာနဲ့ ပြင်မယ်ဆိုတာမျိုး)
"ကိုယ်ပိုင်အခြေအနေ"
..................................
နှစ်ဖက်မိဘနဲ့ နှစ်ဦးသား ရင်းနှီးပွင့်လင်းစွာ အတိုင်ပင်သင့်ဆုံး ဖြစ်ပါတယ်။ ကိုယ့်အနေအထားနဲ့ အခမ်းအနားကို ဘယ်လောက်ထိ ချဲ့ မယ် ချုံ့ မယ်ဆိုတာ သေချာ တွက်ချက်ပါတယ်။ အပိုမကုန်သင့်တာ မကုန်အောင် အလေအလွင့်မဖြစ်အောင် သိပ်သည်းစွာ စီစဉ်ခဲ့ပါတယ်။ တစ်သက်မှာ တစ်ခါဆောင်တာ ဘယ်လောက်ကုန်ကုန်ကွာ မလုပ်သင့်ပါဘူး။ တကယ့်လက်တွေ့ ဘဝက မင်္ဂလာပွဲပြီးမှ စလာမှာပါ။
"မင်္ဂလာခန်းမ/တာဝန်နှင့်နေရာချထားမှု"
.........................................................
ခန်းမနေရာကို နှစ်ခါအနည်းဆုံးသွားကြည့်ဖြစ်ပါတယ်။ ဘယ်လိုပန်းကို ဘယ်အရောင်သုံးမယ်၊ ဓာတ်ပုံတွေကို ဘယ်နားထားမယ်၊ လက်ဖွဲ့ လက်ခံတဲ့နေရာလေး ဘယ်လိုလုပ်မယ်ကအစ မန်နေဂျာနဲ့ သေချာတိုင်ပင်လုပ်ဆောင်ပါတယ်။
ပွဲနေ့ မှာ တွေ့ ကရာလူကို အားရင် လက်ဖွဲ့ ကောင်တာ ထိုင်ပေးပါ ၊ လက်ဖွဲ့ သယ်ပေးပါတွေ လုံးဝ မလုပ်သင့်ပါဘူး။ ပွဲမတိုင်ခင်ကတည်းက ဘယ်သူက ပစ္စည်းလက်ခံ၊ လက်ဖွဲ့ ငွေသားလက်ခံ၊ လက်ဖွဲ့ သယ်ယူခြင်း ဆိုတာတွေကို ကြိုတင်သတ်မှတ်ထားလိုက်ပါတယ်။ လက်ခံပေးသူနှင့် သယ်ယူပေးသူတို့ အား ဦးဆုံး မိတ်ဆက်ပေးထားခြင်းဖြင့် ကြားထဲမှာ လက်ဖွဲ့ ပျောက်တာ ကျန်တာ အထားမှားတာတွေ ဘယ်သူယူလို့ ယူမှန်း သိမ်းလို့ သိမ်းမှန်း မသိတာတွေ မဖြစ်တော့ပါဘူး။
ဧည့်သည်တွေကို seating plan စရကတည်းက ဝိုင်းတွေမှာ ထိုင်စေမယ့် အဖွဲ့ အလိုက် စာလေးတွေ ကြိုရေးထားလိုက်ပါတယ်။ ဧည့်သည်ကြိုဖို့ အတွက် နှစ်ဖက်မိဘဆွေမျိုးတွေပါ လိုက်ပါကူညီပေးတာ အဆင်ပြေဆုံးပါ။ ဘယ်ဧည့်သည် ဘယ်ဝိုင်းပို့ ရမယ်မှန်း မသိတာတွေ အားနာရတာတွေ မဖြစ်တော့ပါဘူး။ ခင်မင်ပြီးသား မျက်နှာသိဖြစ်ပြီးသား ဧည့်သည်ချင်းထိုင်ခွင့်ရရင် ဧည့်သည်တွေလည်း စိတ်လက်ပေါ့ပါးမှု ရှိစေတာပေါ့။ စကားပြောဖော်ရတာပေါ့။

"မိတ်ကပ်"
..............
ကျမ ရွေးချယ်ထားခဲ့တဲ့ မိတ်ကပ်ဆရာက အချေဆုံးဆိုပြီး နာမည်ကြီးနေချိန်ပါ။ သို့ ပေမယ့် ကျမဆီ အစောဆုံးလာပြီး သေချာလိမ်းပေးသွားပါတယ်။ စကားလည်း မများ ပျာယာလည်းခတ်မနေပါဘူး။ ကျမကိုယ်တိုင်ကလည်း အလှပြင်ဆိုင်တွေသွားတိုင်း စကားမများတတ်တဲ့ဆိုင်ကိုသာ နှစ်သက်သူမို့ အဆင်ပြေပါတယ်။ သူတို့ ကိုလည်း စကားမများပါနဲ့ ။ ဆရာ သွားမလုပ်ပါနဲ့ ။ သူတို့ အိုင်ဒီယာက ကိုယ်တွေထက် သာလွန်ုပြီးသားပါ။ ကျမအိမ်ကနေ မိတ်ကပ်ပစ္စည်းတစ်ချို့ ယူဆောင်သွားပါတယ်။ သူပြင်ပေးထားတာလေးတွေမှာ လိုအပ်မယ်ထင်တာလေးတွေ ကိုယ့်ဘာသာ ပြန်ပြင်နိုင်အောင်ပါ။
"ဝတ်စုံ"
............
ဝတ်စုံကို သေသေချာချာ စေတနာပါပါနှင့် ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ပုံဖော်နိုင်ပေးသူကို ရွေးချယ်ခဲ့ပါတယ်။ နောက်တစ်ခုက သွားရေးလာရေးအဆင်ပြေတဲ့နေရာလေးဖြစ်ရင် ပိုကောင်းပါတယ်။ ဝတ်စုံက ခဏခဏ သွားကြည့်ရတာ တိုင်းတာရတာ လိုအပ်တာတွေ ပြုပြင်ရတာတွေ လုပ်ရမှာ ဖြစ်တဲ့အတွက် ကားပါကင်နေရာ အဆင်ပြေတဲ့ဆီကို ရွေးချယ်ဖြစ်ပါတယ်။ အတွင်းခံအတွက်ပါ သေချာစီစဉ်ပါတယ်။ ပွဲနေ့ အတွက်ကိုလည်း ဘယ်သူဝတ်ပေးမလဲဆိုတာ သေချာအောင် ကြိုလုပ်ထားရပါတယ်။ တစ်ချို့ က ဒီဇိုင်နာကိုယ်တိုင်ဝတ်ပေးတယ်။ တစ်ချို့ မိတ်ကပ်ဆရာတွေက ဝတ်စုံကို အပိုခမယူဘဲဝတ်တာရော ယူပြီး ဝတ်ပေးတာရော ရှိပါတယ်။ ပွဲတစ်ပွဲမှာ ကြုံဖူးလို့ ပါ။ ဒီဇိုင်နာနဲ့ မိတ်ကပ်ဆရာ မတည့်တော့ ဝတ်စုံတွေကို မဝတ်ချင်ဝတ်ချင်နဲ့ ဖြစ်သလို ဝတ်ပေးလိုက်တာ အရမ်းကို ရုပ်ပျက်လွန်းပါတယ်။
"သတို့ သား"
....................
သတို့ သားလည်း အရေးကြီးပါတယ်။ သတို့ သမီးကိုပဲ အရာရာ မင်းစိတ်တိုင်းကျဆိုပြီး ပစ်မထားသင့်ပါဘူး။ အစစအရာရာ ဝိုင်းကူညီပေးရပါမယ်။ ကျမတို့ နှစ်ယောက်လည်း အစိုးရဝန်ထမ်းမို့ အားတဲ့အချိန် ပိတ်ရက်လေးတွေ အတူတူ လုပ်ထားသင့်တာလေးလုပ်တယ်။ တစ်ယောက်မအားတဲ့အခါ လူခွဲပြီး လုပ်ထားသင့်တာ ကြိုလုပ်တယ်။ ကျမရဲ့ ချန်ပီယံသတို့ သားကတော့ ကျမကို ဂရုစိုက်တာမှ ခေါင်းအစ ခြေအဆုံးပါ။ ထမသိမ်းမှာ ကျောက်လေးတွေ လိုတာ ပိုတာအစ ခြေသည်းလက်သည်းရောင်လေးတွေထိ ဂရုစိုက်ပေးပါတယ်။ ဒါဟာ သတို့ သားတိုင်း သတို့ သမီးတိုင်း အများကြီး အကုန်လုံးမဟုတ်တောင် အေးအတူပူအမျှ နှစ်ဦးသားတိုင်တိုင်ပင်ပင် ချစ်ချစ်ခင်ခင် မငြင်းမခုံ ရန်မဖြစ်ဘဲ အတ္တမထားဘဲ တစ်ဦးနဲ့ တစ်ဦး ကူညီပေးသင့်တာပါ။ ကိုယ်ဖြစ်ချင်တာထက် အဖြစ်သင့်ဆုံးကို အဆင်ပြေဆုံးကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
"သတို့ သမီး"
....................
မင်္ဂလာဆောင်ခါနီးလေ သတို့ သမီးတွေမှာ ဝမ်းနည်းလွယ်တယ်၊ မျက်ရည်လွယ်တယ်၊ ဒေါသထွက်လွယ်တာလေးတွေဟာ စိတ်ပင်ပန်းမှုကြောင့်ရော ၊ မသိစိတ်ကနေ တစ်အိုးတစ်အိမ်ထူထောင်ရတော့မှာပါလားဆိုတဲ့စိတ်တွေကြောင့်ရော ခံစားမှုပေါင်းစုံနေတတ်ပါတယ်။ ဒါကို မိသားစုဝင်တွေကရော သတို့ သားကပါ နားလည်ပေးဖို့ လိုပါတယ်။
ပွဲနေ့ မှာ စိတ်ပူပန်ပြီး မျက်နှာက မပြုံးနိုင်၊ သတို့ သားနဲ့ ရန်ဖြစ်ကြတဲ့ ပွဲတွေ မြင်ဖူးထားတဲ့ ကျမဟာ ဒီလို မဖြစ်ရအောင် အားလုံးကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ ပွဲနေ့ မှာ အိပ်ရေးဝဝ အိပ်သွားတယ်။ မိတ်ကပ်လိမ်းရ ချွတ်ရ အဆင်ပြေမယ့် ဝတ်စုံကို ဝတ်သွားတယ်။ ခေါင်းကို တစ်ရက် ကြိုလျှော်တယ်။ တန်ဖိုးကြီး ပစ္စည်း ဘာမှ မယူမဝတ်သွားပါဘူး။ ပိုက်ဆံနဲ့ ဖုန်းကို စိတ်ချရသူတစ်ဦးဆီ သတ်သတ်မှတ်မှတ်အပ်ထားတယ်။ အရံတွေ ဝတ်ရမယ့်ဝတ်စုံနဲ့ ဖိနပ်တွေကို ကြိုပေးထားနှင့်တယ်။ ကိုယ်တွေအတွက် ဝတ်စုံနဲ့ ခန်းမကို ယူသွားရမယ့်အရာအားလုံးကို ညကတည်းက စာရင်းလုပ်ထားတယ်။ ထိုင်မသိမ်းဝတ်ခင် အိမ်သာသွားဖို့ ကလည်း အရေးကြီးပါတယ်။
"မင်္ဂလာအခြံအရံများ"
...............................
မင်္ဂလာပွဲမှာ မင်္ဂလာမောင်နှံပဲ လှနေလို့ မဖြစ်ပါဘူး။ အရံလေးတွေလည်း လှနေမှ ပွဲက ပိုပြီး ကျက်သရေတင့်တယ်မှာပါ။ အရံလေးတွေအတွက် ဝတ်စုံကို ကိုယ်တိုင် ဒီဇိုင်နာဆီ သွားမေး သွားအပ်တယ်။ ဝတ်ရမယ့် ဖန်စီပစ္စည်းလေးတွေကို လိုက်ဖက်အောင် ကိုယ်တိုင်သွားဝယ်တယ်။ ဖိနပ်လည်း သေချာသွားရွေးတယ်။ ကိုယ်မိတ်ကပ်ပြင်နေတုန်း သူတို့ မိတ်ကပ် ဆံပင် ဝတ်စုံ အဆင်ပြေရဲ့ လား ခိုးခိုးကြည့်တယ်။
ကျမ အရံခြောက်ခါလောက် လုပ်ဖူးပါတယ်။ ကိုယ်အရံလုပ်တုန်းက အဆင်မပြေဖြစ်သလိုမျိုး မဖြစ်စေချင်တာလည်း ပါပါတယ်။ အရံမို့ ဖန်စီအဟောင်းတွေဆင်လိုက်တာမျိုး ၊ဝတ်စုံကို ဖြစ်သလို ဝတ်ပေးလိုက်တာမျိုး၊ သတို့ သမီးထက် လှသွားမှာစိုးလို့ မိတ်ကပ်ကို တမင်လျှော့လိမ်း လိုက်တာမျိုး ကြုံဖူးပါတယ်။
မင်္ဂလာပွဲတစ်ခုမှာ လူတိုင်းက သတို့ သမီးကို အာရုံအစိုက်ဆုံးပါ။ ဒီပွဲခင်းကြီးတစ်ခုလုံးမှာ ဒီလိုဆံထုံး ဒီလို ထမသိမ်း ဒီလို လက်ကိုင်ပန်းနဲ့ သတို့ သားကို လက်ချိတ်ပြီး ပွဲထွက်လာမှာ သတို့ သမီး တစ်ဦးတည်းသာ ရှိပါတယ်။ သို့ ပေမယ့် အရံလေးတွေအပေါ်မှာပါ ဂရုတစိုက်နဲ့ လှလှပပသပ်သပ်ရပ်ရပ် ပြင်ဆင်ပေးရင် တစ်ဦးက စေတနာ တစ်ဦးက မေတ္တာနဲ့ မင်္ဂလာပိုရှိစေပါတယ်။
"ကိုယ်ရံတော်"
......................
ကျမရဲ့ ပြောမနာဆိုမနာ အားမနာရတဲ့အမဝမ်းကွဲတစ်ဦးကို ပွဲနေ့ မှာ အနားမှာနေပေးဖို့ အကူညီတောင်းထားပါတယ်။ ကျမ လိုအပ်တာလေးတွေ လုပ်ပေးဖို့ ၊ ကျန်ရှိပစ္စည်းလေးတွေကောက်သိမ်းဖို့ ၊ အရံလေးတွေ မိတ်ကပ် ဆံပင် အင်္ကျီ ဖိနပ် စသဖြင့်ပေါ့လေ တစ်ခုခု လိုအပ်တာ အဆင်မပြေတာရှိရင် ကူညီဖော်ရတာပေါ့။ သူ့ လက်ထဲကို ဘယ်အရံလေးတွေကို ဘာတန်ဆာဆင်ပေးဖို့ ကို နာမည်နှင့်တကွ ရေးပြီးလည်း အပ်ထားလိုက်ပါတယ်။ အမကိုလည်း အပ်ချည် ၊ချိတ် ၊တစ်ရှူး ၊ဆယ်လိုတိပ်၊ ပင်အပ် ၊အဆာပြေစားဖို့ မုန့် နဲ့ ရေဗူး တိုလီမိုလီကိစ္စလေးတွေ သူ့ ဆီမှာပဲ အပ်ထားလိုက်ပါတယ်။ လျှောက်လမ်းထွက်တော့လည်း ရေသီနားလေး ပုဝါလေး လိပ်နေ ခေါက်နေတာတွေအတွက် ကူညီဖော်ရပါတယ်။
"ဆွေမျိုး/ မိတ်ဆွေ/သူငယ်ချင်းများ"
...................................................
သတို့ သမီး မိတ်ကပ်ပြင်ချိန်ဆို လာကြည့်ချင်တယ်။ ဓာတ်ပုံရိုက်ချင်ကြတယ်။ ဒါပေမယ့် အလှပြင်ခန်းထဲ အပိုဝင်လာတဲ့သူတွေဟာ စည်းကမ်းရှိရပါမယ်။ တစ်ချို့ က စေတနာနဲ့ ၊တစ်ချို့ က စပ်စုလိုစိတ်နဲ့ ၊ တစ်ချို့ က ကဲ့ရဲ့ ပြစ်တင်လိုစိတ်နဲ့ အလှပြင်ခန်းထဲ အစောကြီးလာပြီး သတို့ သမီးကိုရော မိတ်ကပ်ဆရာကိုပါ ဟိုလိုလေး ဒီလိုလေး လုပ်လိုက်ပါလား၊ ဟိုနေရာက ဒီနေရာက ဘာဖြစ်နေတယ် ၊ လှလည်းမလှဘူး ဘယ်လိုကြီးလဲ ဆိုတဲ့ အကျိုးမဲ့စကားတွေ မပြောဆိုသင့်ပါဘူး။ အားလုံးအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
မိတ်ကပ်ဆရာ စိတ်ဆိုးရင် သတို့ သမီးရော အရံတွေပါ မလှဖြစ်ကုန်မှာပါ။ သတို့ သမီးစိတ်ဆိုးရင် ပွဲတစ်ခုလုံး အဆင်မပြေဖြစ်တော့မှာပါ။ နှစ်နာရီစာ ကျင်းပမယ့် ဒီပွဲလေးအတွက် လပေါင်းများစွာ ငွေကုန်အချိန်ကုန် စီစဉ်ထားရတာမို့ မင်္ဂလာပွဲမှာ ကိုယ်ရော သူတစ်ပါးပါ မင်္ဂလာရှိသော စကားနဲ့ အပြုအမူကိုသာ လုပ်ဆောင်သင့်ပါတယ်။
ကျမရဲ့ ပွဲလေးမှာ
ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများ အားလုံးက အစောကြီးလာပြီး ကူညီပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အပြောအဆို အပြုအမူ အနေအထိုင်တွေ ဘယ်သူမှ မလုပ်ဘဲ သိပ်လှတာပဲ လို့ အားလုံးက ချစ်စကားလေးတွေ ပြောပေးခဲ့အတွက် မင်္ဂလာပွဲလေးက ပိုပြီး အေးချမ်းပျော်ရွှင်ခဲ့ရပါတယ်။
"အဆန်းအပြား"
.......................
မင်္ဂလာမောင်နှံတွေ ပွဲနားနီးမှ ခရီးသွားတာ၊ အစားအစာ အဆန်းတွေ စားတာ၊ မလုပ်ဖူးတဲ့ မျက်နှာ ပေါင်းတင်တာ၊ အပြင်မှာ အလှပုံထွက်ရိုက်တာတွေ မလုပ်သင့်ပါဘူး။
ပွဲနေ့ မှာလည်း သူများနဲ့ မတူအောင် အထူးအဆန်းကိစ္စတွေ ရုတ်တရက် မစီစဉ်သင့်ပါဘူး။ အရိုးဆုံးက အဆန်းဆုံးပဲ အမြဲဖြစ်နေပါလိမ့်မယ်။
"မေတ္တာတရားနှင့် အပြုံးများ"
.........................................
ကျမရဲ့ ပွဲနေ့ မှာ အိမ်က ထွက်လာခါနီး ဘုရားရှိခိုးပါတယ်။ ယနေ့ တွေ့ ဆုံရမယ့် ပုဂ္ဂိုလ်များ အားလုံးကို မေတ္တာပို့ ပါတယ်။ မိတ်ကပ်ဆံပင်နဲ့ ထမသိမ်း ပြင်ဆင်ပြီးချိန်မှာ တစ်ကိုယ်လုံး လေးလံနေပါပြီ။ လက်ကိုင်ပန်းက ပန်းအစစ်မို့ တအားလေးပါတယ်။ သို့ ပေမယ့် လေးတဲ့စိတ်ကြောင့် ရုပ်က မဲ့မဲ့သွားရင် ဓာတ်ပုံရိုက်ရင် မလှမှာစိုးလို့ အစွမ်းကုန်သာပြုံးနေခဲ့ပါတယ်။
ကြွရောက်လာတဲ့ဧည့်သည်တွေအားလုံးလည်း ပြုံးပျော်နေကြလို့ မင်္ဂလာပွဲဟာ မင်္ဂလာအရှိဆုံးဖြစ်နေခဲ့ပါတယ်။
ဗိုက်ဗိုက်လေးနဲ့ လာတဲ့ ဧည့်သည်တွေအတွက်လည်း မေတ္တာလက်ကမ်းခဲဖိုးလေးတွေလည်း စီစဉ်ထားဖို့ မမေ့ပါနဲ့ နော်။
(မင်္ဂလာမောင်နှံတိုင်း မင်္ဂလာပွဲမှာ ပြုံးပျော်ကြည်နူးရပါစေ)
ခွာဖြူ (10-10-17)
Share on Google Plus

0 comments:

Post a Comment