ကားဘော်ဒီပြင်ရုံ ဘယ်လိုဖွင့်မလဲ







ကားတင်သွင်းခွင့်ဆိုင်ရာ မူဝါဒတွေပြောင်းလိုက်ပြီးကတည်းက ကားတွေအုံကျင်းဖွဲ့ပြီး ရန်ကုန်မြို့ လမ်းမတွေထက်ကို ရောက်လာခဲ့ပါတယ်။ ဒီနေရာမှာ လူတန်းစားအတော်များများ ကားတွေဝယ်နိုင်လာကြ သလို ကားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေလည်း ကျွဲကူးရေပါဆိုသလို ၀င်ငွေတွေမြင့်တက် လာခဲ့တာပါ။ ဒီအထဲမှာတစ်ခုအဖြစ်ပါဝင်နေတာကတော့ ကားဘော်ဒီပြင်တဲ့ဝပ်ရှော့တွေပဲဖြစ်ပါတယ်။ ကားတွေများပြား လာတာနဲ့အမျှ တိုးပွားလာတဲ့ယာဉ်မတော်တဆမှုတွေနဲ့အတူ ကားဘော်ဒီပြင်တဲ့နေရာတွေဟာလည်း အရေး ပါတဲ့အခန်းကဏ္ဍက ပါဝင်လာတာပါ။

ဒါကြောင့် မျက်မှောက်ခေတ်မှာ ကားဘော်ဒီပြင်ရုံဖွင့်လှစ်လိုသူတွေလည်း ဒုနဲ့ဒေးရှိနေပါတယ်။ တချို့ က ဒီလုပ်ငန်းလုပ်ကိုင်ဖို့ ကျွမ်းကျင်သူတွေကိုငှားရမ်းပြီး လုပ်ငန်းတည်ထောင်ကြသလို တချို့ကတော့ ကိုယ်တိုင်ဒီလိုနယ်ပယ်ထဲမှာ ၀င်ရောက်ကျင်လည်ပြီးမှ လုပ်ငန်းထူထောင်တာတွေလည်းရှိကြတာပါ။ တကယ် တော့ ပျက်စီးယိုယွင်းနေတဲ့ ကားတစ်စီးကို အလုံးစုံကောင်းမွန်အောင်ပြုပြင်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တစ် ခုတော့မဟုတ်ပါဘူး။ ဒါကြောင့် ကားတစ်စီးရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ပြန်လည်ကောင်းမွန်သွား အောင်လုပ်ဆောင်ပေးမယ့် ကားဘော်ဒီပြင်ရုံတစ်ခု ဘယ်လိုဖွင့်မလဲဆိုတာနဲ့ ပတ်သက်လို့ အကြံဉာဏ်ပေး ချင်ပါတယ်။

မျက်စိကျယ်ကျယ်ဖွင့်ထား
လုပ်ငန်းထူထောင်ချင်ပေမယ့် ကိုယ်ကကျွမ်းကျင်မှုမရှိဘူးဆိုရင်တော့ ရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရမှာပါ။ ဒီတော့ ကားဘော်ဒီရုံတစ်ခုဖွင့်ဖို့ အစီအစဉ်ရှိပြီဆိုရင် ကိုယ်တိုင်မျက်စိကျယ်ကျယ်ဖွင့်ထားပြီး လေ့လာမှုတွေပြု လုပ်ဖို့ လိုအပ်နေပါပြီ။ ပထမဆုံးလုပ်သင့်တာကတော့ ဘော်ဒီပြုပြင်ရေးနဲ့ ပတ်သက်ပြီး သင်တန်း တက်ဖို့ပဲဖြစ်ပါ တယ်။ ဒီဘက်ခေတ်မှာတော့ ကားဘော်ဒီပြုပြင်ရေးအတွက် ဖွင့်လှစ်ထားတဲ့သင်တန်းတွေ ရှိနေပါပြီ။ ကိုယ် ကြိုက်နှစ်သက်ရာ သင်တန်းတစ်ခုကိုရွေးချယ်တက်ရောက်နိုင်သလို သင်တန်းကာလပြီး ဆုံးရင်လည်း ကာလ အတိုင်းအတာတစ်ခုအထိ အတွေ့အကြုံရဖို့ ပြင်ဆိုင်တစ်ခုခုမှာဝင်ရောက် လုပ်ကိုင် သင့်တာပါ။ ဒီလိုပြုပြင်ခြင်း အားဖြင့် ကျွမ်းကျင်မှုအပြင် အတွေ့အကြုံကောင်းတွေပါ ရလာနိုင်ပါတယ်။

လုပ်ငန်းတူတွေကိုလေ့လာပါ
လုပ်ငန်းနယ်ပယ်တိုင်းမှာ ပြိုင်ဘက်တွေရှိတာနဲ့အညီ ကားဘော်ဒီနယ်ပယ်မှာလည်း လုပ်ငန်းတူ ယှဉ်ပြိုင် မှုတွေရှိနေမှာပါ။ ပြိုင်ဘက်တွေကို အလဲထိုးဖို့မဟုတ်ပေမယ့် ကိုယ့်ဆီရောက်လာတဲ့ Customer ကို အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ဖို့နဲ့ သူများတွေထက် အစစအရာရာသာလွန်တဲ့ စိတ်ကျေနပ်မှုမျိုးဖန်တီး ပေးနိုင်ဖို့ပြိုင်ဘက်တွေ ဘာတွေလုပ်ပေးနေလဲဆိုတာ ကြည့်ထားနိုင်ဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်တွေရဲ့ ၀န်ဆောင်မှု၊ ဈေးနှုန်းအနေအထား၊ လက်ရာကောင်းမွန်မှုစတာတွေကို လေ့လာထားပြီး ကိုယ်ကသူ့ထက် ကောင်းအောင် ဆောင်ရွက်ပေးနိုင်ဖို့လိုအပ်ပါတယ်။

ခိုင်မာတိကျတဲ့ မူဝါဒထားရှိပါ
လုပ်ငန်းအစီအမံတွေနဲ့ ပတ်သက်လို့ အသေးစိတ်အကွက်ချထားဖို့ လိုအပ်ပါတယ်။ လုပ်ငန်းမထူ ထောင်ခင်ကတည်းက လုပ်ကိုင်ထားသင့်တဲ့အရာဖြစ်ပြီး ကားဘော်ဒီရုံတစ်ခုထူထောင်ဖို့ ငွေဘယ်လောက် သုံးမယ်။ ဖွင့်ပြီးလို့ အချိန်ဘယ်လောက်ကြာရင် ၀င်ငွေဘယ်လောက်ရဖို့ ပစ်မှတ်ထားမယ်။ အခွန် ဘယ်လောက် ဆောင်ရမယ်။ ၀န်ထမ်းလစာတွေအတွက် ဘယ်လိုစီမံမယ်စတာတွေပါ ပါဝင်ပါတယ်။

အရင်းအနှီးကိုအလေးထား
လုပ်ငန်းမစတင်မီဖြစ်စေ၊ လည်ပတ်နေချိန်မှာပဲဖြစ်စေ၊ လုပ်ငန်းဆက်လက်လည်ပတ်နေနိုင်ရေး အတွက် အရေးကြီးတဲ့နေရာကရှိနေတာက ငွေကြေးပိုင်းပါပဲ။ ဒီအတွက် ငွေကြေးစိုက်ထူပေးမယ့် ရင်းနှီးမြုပ်နှံ သူတွေလိုအပ်သလို ဘဏ်တစ်ခုခုနဲ့ ချိတ်ဆက်ထားနိုင်ဖို့လည်း လိုအပ်ပါတယ်။

ဘယ်လိုအော်ပရေးရှင်းနဲ့ သွားမလဲ
လက်ရာအသင့်အတင့်၊ ဈေးသက်သက်သာသာ အခြေအနေမျိုးနဲ့ လည်ပတ်မှာလား။ ဒါမှမဟုတ် ဈေးကောင်းကောင်းယူပြီး ၀န်ဆောင်မှုကောင်းကောင်းပေးမလား စတဲ့အခြေအနေတွေအတွက် ခိုင်မာသေချာ တဲ့ အဖြေတစ်ခုရှိနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အလုပ်ရုံတည်ထောင်ပြီးရင် အာမခံလုပ်ထားသင့်သလို သတင်းစာ၊ ဂျာနယ်၊ Bee talk စတဲ့နေရာတွေကတစ်ဆင့် ကိုယ့်လုပ်ငန်းအကြောင်း ကြေညာထားသင့်တာပါ။

အာကာထက်ဝေ


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape





Share on Google Plus

0 comments:

Post a Comment