ကားလှူဖို့ပြင်ဆင်နေပြီလား




အလှူဒါနပြုတယ်ဆိုတာ ဘယ်လိုဘာသာဝင်တွေအတွက်မဆို ကောင်းမွန်မှန်ကန်တဲ့လုပ်ရပ်တစ်ခု အဖြစ်ရှိနေပါတယ်။ လှူဒါန်းတဲ့အခါမှာလည်း ကိုယ်ကုသိုလ်ရဖို့ဆိုတာထက် ကိုယ်လှူဒါန်းလိုက်တဲ့ အရာတစ်ခု ကြောင့်တစ်ဖက်မှာ အကျိုးဖြစ်ထွန်းသွားခဲ့ရင် ပိုပြီးအလှူဒါနအထမြောက်တယ်လို့ဆိုကြတာပါ။ ဒါကတော့ အလှူဒါနနဲ့ပတ်သက်လို့ အနည်းငယ်လေးနက်တဲ့စိတ်မျိုးရှိမှ သိမြင်နိုင်မယ့်အချက်ဆိုရင်လည်း မမှားပါဘူး။ ဒီ လိုဆိုရင် ကိုယ့်အတွက်အသုံးမ၀င်တော့တဲ့ ပစ္စည်းတစ်ခုကို အသုံးချတန်ဖိုးမရှိဘဲ အလဟဿသိမ်းဆည်း ထားတာထက် တစ်နေရာကိုလှူဒါန်းလိုက်တာက ပိုအကျိုးမများဘူးလားလို့ မေးချင်စရာရှိပါတယ်။ ဟုတ်ကဲ့ … တကယ်တော့ ဒါကလည်း လှူဒါန်းခြင်း မည်သလို ကိုယ့်အလှူကြောင့် တစ်ဖက်လူမှာ အသုံးချတန်ဖိုးရှိသွား ရင် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမှာ အသေအချာပါ။ ဒီတစ်ပတ်မှာတော့ ကားတစ်စီးကိုဘယ်လိုလှူဒါန်းနိုင်လဲဆို တဲ့အကြောင်းလေး ပြောချင်ပါတယ်။ အထူးသဖြင့် ပရဟိတအဖွဲ့တစ်ခုကို လှူဒါန်းတဲ့နေရာမှာဖြစ်ပါတယ်။

တကယ်တော့ ကားတစ်စီးကို လှူဒါန်းလိုက်တယ်ဆိုတာ ထင်သလောက်ခက်ခဲတဲ့အလုပ်မဟုတ်သလို ကိုယ့်ကိုတကယ်ပီတိဖြစ်စေမယ့် လုပ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ တချို့သူတွေကတွေးလေ့ရှိမှာပါ။ ကိုယ် လှူဒါန်းမယ့်ကားက အသစ်မဟုတ်လို့ အိုမင်းဟောင်းနွမ်းနေလို့ လှူဒါန်းလို့သင့်လျော်ပါ့မလားဆိုတဲ့ အတွေး ပါပဲ။ သင့်လျော်မှုရှိတယ်လို့ပဲ ဖြေရပါလိမ့်မယ်။ ကိုယ့်ကားက ဟောင်းနွမ်းနေလို့ပဲဖြစ်ဖြစ် ပြန်ရောင်းလိုက်ရင် ဈေးကောင်းမရနိုင်မှန်းသိလို့ပဲဖြစ်ဖြစ် ပရဟိတအဖွဲ့တစ်ခုခုကို လှူဒါန်းပစ်လိုက်နိုင်ပါတယ်။ တကယ်လို့ ကိုယ့် ကားက အလှူခံဖို့မရနိုင်လောက်အောင် ယိုယွင်းတဲ့ကားဖြစ်နေရင် တချို့ပရဟိတအဖွဲ့(ဥပမာ NGO တို့လို အဖွဲ့အစည်းမျိုး) အစည်းတွေက လက်မခံတတ်ကြပေမယ့် သာမန်အသုံးချလို့ရနိုင်မယ့် အခြေအနေမျိုးမှာ ဆိုရင်တော့ ကိုယ့်ကိုထိုက်သင့်သလောက် ဂုဏ်ပြုမှုမျိုးကိုတောင် ပြန်လည်ပြုလုပ်တတ်ကြတာပါ။

အကျိုးအမြတ်မယူဘဲ ပရဟိတတွေလုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ဆက်သွယ်သင့်ပါတယ်။ အထူး သဖြင့် ကိုယ်လှူဒါန်းလိုတဲ့ တစ်ပတ်နွမ်းကားမျိုးကို အလှူခံပေးနိုင်မယ့် အဖွဲ့အစည်းမျိုးဆိုရင် ပိုပြီးတော့ အဆင်ပြေမှာဖြစ်ပါတယ်။ သတိထားရမှာတစ်ခုကတော့ မှတ်ပုံတင်မထားတဲ့ ပရဟိတအဖွဲ့အစည်းမျိုးကို သွားပြီး မလှူဒါန်းဖြစ်ဖို့ပဲဖြစ်ပါတယ်။ အကြောင်းကတော့ ကားအခွန်ကိစ္စတွေနဲ့ပတ်သက်လာရင် အရှုပ်အထွေး တွေ ဖြစ်လာစေမှာကြောင့်ပါပဲ။

ဘယ်လိုအဖွဲ့အစည်းမျိုးကို ရွေးချယ်လှူဒါန်းသင့်တယ်ဆိုတဲ့ အချက်ကိုလည်း လှူဒါန်းမမပြုလုပ်ခင် သေချာအောင် စုံစမ်းထားသင့်တယ်လို့ ထင်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို အဖွဲ့ အစည်းအသီး သီးကလည်း ရပ်တည်ချက်အမျိုးမျိုးနဲ့ရှိနေကြတာပါ။ ဒီတော့ လှူဒါန်းလိုက်တိုင်း ကုသိုလ်ရတတ်တာမျိုး မဟုတ်တာကြောင့် အများအကျိုးအတွက် အမှန်တကယ်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းမျိုးဆိုမှ ကိုယ့် အလှူက ပိုပြီးအဓိပ္ပါယ်ရှိနေမယ့်အတွက်ကြောင့်ဖြစ်ပါတယ်။


ကိုယ့်ကားကိုလှူဒါန်းမှု ပြုလုပ်တော့မယ့်နေရာမှာ ဘယ်လိုလုပ်ထုံးလုပ်နည်းတွေနဲ့ အလှူခံတဲ့အဖွဲ့က လက်ခံတာလည်း ဆိုတဲ့အချက်ကိုလည်း သိအောင်လေ့လာထားသင့်တာပါ။ ကိုယ့်အနေနဲ့ကလည်း ကားကို အလှူခံ (အလှူလက်ခံသူ) သူထံမှာ ဘယ်လိုလုပ်ထုံးလုပ်နည်းတွေနဲ့ အလှူခံလေ့ရှိလဲ။ ကားနဲ့ပတ်သက်တဲ့ ဘယ်လိုအချက်အလက်တွေပေးဖို့လိုမလဲ။ ပေးဖို့လိုသလို ကိုယ့်ကားနဲ့ပတ်သက်တဲ့ အာမခံစာရွက်စာတမ်း တွေရှိထားတယ်၊ မရှိထားဘူးဆိုတဲ့အချက်တွေကိုလည်း သူတို့ကိုအသိပေးထားသင့်ပါတယ်။



အာကာထက်ဝေ

-------------------------------------------------------- ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape





Share on Google Plus

0 comments:

Post a Comment