အနုပညာရှင်ဆိုတာက မီဒီယာ မရှိလို့မဖြစ်ပါဘူး။ ........... ချောရူပါသက်




အနုပညာလောကကိုစပြီးတော့ ၀င်ရောက်ဖြစ်ခဲ့ပုံနဲ့ အခုဆိုရင် အနုပညာသက်တမ်းက ဘယ်လောက် ရှိသွားပြီ လဲ။

အနုပညာလောကကိုဝင်ရောက်ဖြစ်တာက ၂၀၁၁ခုနှစ်က၀င်ရောက်ဖြစ်ခဲ့တာပါ။ အတွေ့အကြုံရဖို့ အတွက် မော်ဒယ်ပြိုင်ပွဲလေးတွေ ၀င်ပြိုင်ရင်းနဲ့ အနုပညာလောကဘက်ကို ရောက်လာတာပါပဲ။ အခုဆို ၄နှစ်လောက်ရှိသွားပါပြီ။

အနုပညာသက်တမ်းတစ်လျှောက်လုံးမှာ ဒီနေ့အထိမေ့လို့မရတဲ့အမှတ်တရတွေရှိခဲ့လား။

မော်ဒယ်လောကကို စပြီးဝင်ရောက်ခဲ့တုန်းကတော့ အခက်အခဲတွေနဲ့ အမှတ်တရတွေအများကြီးရှိခဲ့ပါ တယ်။ ဒါပေမဲ့ မှတ်မှတ်ရရကြီးတော့မရှိပါဘူး။

အခုလိုလူသိများတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုအခက်အခက်တွေနဲ့ ရင်ဆိုင်ခဲ့ရလဲ။ ဘယ်လို ရင်းနှီးမှုတွေနဲ့ ကြိုးစားခဲ့ရလဲ။

ညီမအရမ်းကိုကြိုးစားခဲ့ပါတယ်။ ညီမပြိုင်ပွဲတွေ ဆက်တိုက်ဝင်ပြိုင်ပါတယ်။ ညီမကိုလူသိဖို့လည်း အချိန်တွေအများကြီး ပေးဆပ်ခဲ့ပြီးတော့ ကြိုးစားခဲ့ရပါတယ်။ ညီမအနေနဲ့လည်း ပြိုင်ပွဲတွေမှာအကောင်းဆုံး ရလဒ်တွေရအောင် အမြဲကြိုးစားတယ်။ အဲ့ပြိုင်ပွဲတွေကနေ မီဒီယာဘက်မှာ Phot Modle အဖြစ် ရပ်တည်လာခဲ့ပြီးတော့ အနုပညာလောကထဲမှာ ရပ်တည်နိုင်အောင်ကြိုးစားခဲ့တယ်။ ကြိုးစားခဲ့သလောက် တော့ ပရိသတ်အားပေးမှုကို အခုအချိန်မှာ ပြန်ပြီးတော့ရရှိနေပါပြီ။

အနုပညာရှင်တစ်ယောက်အပြင် တခြားဝါသနာ သို့မဟုတ် စီးပွားရေးတစ်ခုခုလုပ်နေတာတွေ ရှိလား။

စီပွားရေးလုပ်ငန်းတော့ မလုပ်ပါဘူး။ ဒါပေမဲ့ ညီမက Hotel နဲ့ ပတ်သက်ပြီးတော့ ဘွဲ့ရထားတာပါ။ အခုဒီဇင်ဘာကျရင်တော့ အိန္ဒိယမှာမြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲတစ်ခုပြိုင်စရာရှိပါသေးတယ်။ အဲ့အတွက် လည်းအများကြီးအချိန်ပေးပြီးတော့ လေ့ကျင့်နေပါတယ်။ အဲဒီပြိုင်ပွဲပြီးသွားရင်တော့ ညီမ စိတ်ဝင်စားတဲ့ Hotel နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုခုလုပ်ဖို့ အတွက်စဉ်းစားထားပါတယ်။

မီဒီယာနဲ့အနုပညာရှင်ကြားက ဆက်နွယ်မှုကို ညီမနေနဲ့ဘယ်လိုမြင်လဲ။

အနုပညာရှင်နဲ့မီဒီယာဆိုတာကတော့ အမြဲတွဲနေရတာပါပဲ။ အနုပညာရှင်ဆိုတာကလည်း မီဒီယာ မရှိလို့ မဖြစ်သလို မီဒီယာတွေကလည်း အနုပညာရှင်တွေ မရှိလို့မဖြစ်ပါဘူး။ အနုပညာရှင်တွေကလည်း မီဒီယာတွေကနေတဆင့် ပရိသတ်ကို ဆက်သွယ်လို့ရတယ်။ အနုပညာရှင်တစ်ယောက်က မီဒီယာတွေစီကနေ အကူအညီတွေလည်း အများကြီးရှိပါတယ်။ မီဒီယာတွေကလည်း အနုပညာရှင်တွေစီကနေရရှိတဲ့ သတင်း တွေကို ပြည်သူတွေကိုပြန်လည်မျှဝေပေးရတဲ့တွက် သူတို့မီဒီယာအတွက်လည်း ပရိသတ်များလာတာပေါ့။ အပြန်အလှန် အကူအညီပေးကြတဲ့သဘောပါပဲ။

လူတစ်ယောက်ရဲ့ Fashion မှာ ဘယ်လိုအစိတ်အပိုင်းက အရေးကြီးဆုံးလဲ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အလှအပဆုံးဖြစ်အောင် ဘယ်လိုပုံစံတွေပြင်ဆင်ဖြစ်လဲ။

ကိုယ့်ကိုယ်ကိုယ်ကတော့ အလှပဆုံးဖြစ်အောင်မပြင်ဆင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့မှန် ထဲမှာအရင်ဆုံးကြည့်တယ်။ ငါဘာတွေလိုအပ်တယ်။ ငါဘယ်လိုလုပ်လိုက်ရင် အဆင်ပြေမယ်ဆိုပြီးတော့ ဂရုစိုက်တာမျိုးတွေတော့ ရှိပါတယ်။ မျက်နှာပေါ်က အပြုံးတွေကအစ ကိုယ်နဲ့လိုက်တဲ့အပြုံးတွေကိုပဲ ရွေးပြုံး တယ်။ Fashion ပိုင်းကအစ ကိုယ်နဲ့လိုက်တဲ့ပုံစံမျိုးကိုပဲ အမြဲစဉ်းစားတယ်။ အိမ်မှာဆိုလည်း ကိုယ့်ရဲ့ နေထိုင်ပုံ ပုံစံတွေကအစ သတိထားလေ့ကျင့်ပါတယ်။ ကိုယ်ပိုငှ်းအပူန ကိုယ်ပိုင်ဟန်နဲ့နေတာကတော့ အကောင်းဆုံးပဲလို့အကြံပြုချင်ပါတယ်။

အချိန်တွေကိုသာ နောက်ပြန်လှည့်လို့ရမယ်ဆိုရင် ဘယ်အချိန်တွေကို အလိုချင်ဆုံးဖြစ်မလဲ။

(၁၀)တန်းစာမေးပွဲဖြေပြီးတဲ့အချိန်ကို ပြန်လိုချင်ပါတယ်။ စာမေးပွဲဖြေတုန်းက ညီမအကောင်းဆုံးကြိုး စားခဲ့ပေမယ့် ညီမမျှော်မှန်းထားတဲ့ အိမ်မက်ကြီးကိုမရခဲ့ပါဘူး။ ဒါပေမဲ့ အခုလည်း Hotel နဲ့ ပတ်သက်တဲ့ ပညာ တွေကို သင်ခွင့်ရနေပါတယ်။ အဲ့အတွက်လည်း အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားသွားမှာပါ။

ညီမအနေနဲ့ မကောင်းမှန်းသိရက်နဲ့ပြန်ပြီးတော့ လုပ်တတ်တဲ့အကျင့်ဆိုးလေးတွေရှိလား။

လူတိုင်းကတော့မကောင်းတဲ့အရာတွေကို မလုပ်ဖြစ်အောင်တတ်နိုင်သလောက်တော့ ထိန်းကြပါ တယ်။ ဒါပေမဲ့ တစ်ခါတလေတော့လည်း စိတ်ထဲမှာအလေးမထားတဲ့အရာတွေဆို ဆိုးချင်ဆိုးပါစေဆိုပြီးတော့ ရည်ရွယ်ပြီးတော့ လုပ်တတ်တာက ညီမအကျင့်ဆိုးလေးတွေပါပဲ။

လေးစားရတဲ့ ပြည်တွင်း အနုပညာရှင်တွေက ဘယ်သူတွေဖြစ်မလဲ။

ညီမမော်ဒယ်လောကထဲကို စ၀င်တဲ့အချိန်မှာ မော်ဒယ်လောကမှာနာမည်ကြီးနေတဲ့ အနုပညာရှင်တွေ က ညီမလေးစားရတဲ့သူတွေပါပဲ။ စီနီယာတွေအကုန်လုံးကိုလည်း လေးစားပါတယ်။ သူတို့ကိုလည်း အားကျ မိတာတွေရှိပါတယ်။ သူတို့လိုဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ အနုပညာရှင်တွေမှာဆိုလည်း အရမ်း လေးစားရတဲ့ အနုပညာရှင်တွေလည်း ရှိပါတယ်။ အားလုံးကိုကြိုက်ပါတယ်။

ခေတ်နဲ့အညီဝတ်ဆင်ရတာနဲ့ မြန်မာလိုဝတ်ဆင်ရတဲ့အခါ ဘယ်ဟာကိုပြီးတော့ သဘောကျလဲ။

မြန်မာအမျိုးသမီး ဖြစ်လို့လားမသိဘူး။ မြန်မာလိုဝတ်ရတာ ပိုသဘောကျတယ်။ အဲလိုဝတ်တဲ့အခါ ပိုပြီးတော့ယုံကြည်မှုရှိတယ်။ ရိုးရာဝတ်စုံလေးတွေလည်း သဘောကျတယ်။ အပြင်သွားတဲ့အခါလည်း မြန်မာ ၀တ်စုံလေးတွေ ၀တ်တာက ပိုများပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape
Share on Google Plus

0 comments:

Post a Comment