ကဲဆွေမျိုးတို့ရေ ဒီတစ်ပတ်ကတော့ အချိန်လေးရတာနဲ့
ကြက်သားလုံးလေးလုပ်ပြီး ဆီပြန်လေးကြော်မယ်။ ပြီးတော့ ပဲကပ်ကြော်ကို အာလုံးပြုတ်နဲ့သုပ်မယ်။
အရည်သောက်အတွက်ကတော့ ဘူးညွန့်ကို အရည် ခပ်များများလေးနဲ့ ကြော်ချက်လေးချက်မယ်။ ကြက်သားလုံးဆီပြန်နဲ့
ပဲကပ်ကြော် သုပ်နှစ်မျိုးကတော့ နည်းနည်း အလုပ်ရှုပ်မယ်။ ဒါပေမဲ့ အရမ်းတော့မခက်ပါဘူး။
ပိတ်ရက်လေးမှာဆိုတော့ တစ်ခါတစ်လေလည်း အစား အသောက်ပိုင်းကို အချိန်ယူချက်ပြီး မိသားစုတွေ
ပျော်ပျော်ပါးပါးစားရတာ လည်း အားလုံးပျော်ရွှင်မှုရစေတာပေါ့ နော်။ ရာသီကလည်းပြောင်းပြီး
ပူလာပြီဆိုတော့ အစားအသောက် ကိုလည်း သေချာဂရုတစိုက်လေး စားပေး သင့်တာပေါ့။ ဒီတစ်ပတ်အတွက်
ဟင်းပွဲအတွဲအစပ်ကတော့ မယ်တောမားသားစားချင်တဲ့ ဟင်းလေးတွေချည်း ပဲချက်ထားတယ်။ မယ်တော်မားသားဈေး သွားနေ တုန်းလေးမှာ
လုပ်စရာရှိတာလေးတွေကြိုလုပ်ထားလိုက်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီတစ်ပတ်ဟင်းပွဲလေးတွေထဲမှာ
လုပ်ရကိုင်ရတာလည်း များလို့ပါ။
ကြက်သားလုံးဆီပြန်
အရင်ဆုံးအိမ်မှာအသင့်ရှိတဲ့အာလူးကို
ပဲကပ်ကြော်သုပ်ထဲထည့်ဖို့ ပြုတ်ထားလိုက်မယ်။ ပြီးရင် အသုပ် သုပ်မယ့်ထည့်ဖို့ Sauce
လေးလည်း ကြိုချက်ထားလိုက်မယ်။ ရေနည်းနည်းဆူအောင်တည် ရေဆူလာရင် ကျောက်ပန်းတောင်းထန်းလျက်
အညိုလေးနှစ်ခဲလောက်ရယ် ငါးရုတ်သီးစိမ်း ဓားပြားရိုက်ထားတာ လေးငါး တောင့်လောက်ရယ်ထည့်ပြီး
ထန်းလျက်ပျော်တဲ့အထိထား။ ပြီးရင် Chito ငရုတ်ဆီစားပွဲတင်ဇွန်း နှစ်ဇွန်း သံပုရာရည်
စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ ဆားနဲ့ကြက်သားမုန့်သင့်ရုံထည့် အရသာကချိုချဉ်ငံစပ်ကလေးနဲ့
ခပ်ပြစ် ပြစ်လေးဖြစ်လာပြီဆိုရင် ငရုတ်သီးစိမ်းဖတ်တွေဖယ်ပြီး အေးအေးခံထားလိုက်ရုံပါပဲ။
မယ်တော်မားသားပြန် ရောက်လာတာနဲ့ ပါလာတဲ့ကြက်ရင်ပုံသားက အရိုးနဲ့အရေခွံဖယ်ပြီး အသားကြီးသက်သက်ကို
ဓားနဲ့နုတ်နုတ် စဉ်း ကြက်ဥအကာရည်၊ ဂျုံမုန့်၊ ကြက်သွန်ဖြူဓားပြားရိုက်ပြီး ညက်အောင်စဉ်းထားတာရယ်၊
ခရုဆီ၊ ဆား၊ သကြား သင့်ရုံထည့်ပြီးနယ် ပြီးရင်အနေတော်လေးတွေလုံးပြီး ကော်မှုန့်လေးနည်းနည်းကပ်ပြီး
ကျက်ရုံကြော် ထား။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ညက်အောင်စဉ်းထားတာကို အရင်ဆီသတ်ပြီးရင်
ကြက်သွန်နီလှီးထား တာနဲ့ ငရုတ်သီးအရောင်တင်မှုန့်နဲ့ နနွင့်မှုန့်နည်းနည်းပါထည့်။ အားလုံးစိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုမှ
ခရမ်းချဉ် သီးပါးပါးလှီးထားတာကိုထည့် မြန်မြန်ကြေပြီးအနှစ်ရအောင် ပုဇွန်ငံပြာရည်လေးပါထည့်ပြီးမွှေပေး။
ခရမ်းချဉ်သီး က ကြေပြီး အနှစ်လည်းဖြစ်ပြီဆိုမှ ခုနကြော်ထားတဲ့ ကြက်သားလုံးလေးထည့် ရေနည်းနည်းထည့်ပြီး
ငါးမိနစ် လောက်ထား အားလုံးစိတ်ကြိုက်ရပြီဆိုမှ နံနံပင်လေးအုပ်ပြီး မီးဖိုပေါ်ကနေချလိုက်ရုံပါပဲ။
ပဲကပ်ကြော်သုပ်
ပဲကပ်ကြော်သုပ်ဖို့အတွက်ကတော့ ခုနက မယ်တော်မားသား
ဈေးသွားနေတုန်းပြုတ်ထားတဲ့ အာလူး ကို အခွံခွာ အနေတော်လေးတုံး ကြက်သွန်နီပါးပါးလှီးပြီးရေဆေး
ရေစင်အောင်ညှစ်ထား ခရမ်းချဉ်သီးလည်း မထူမပါးလှီးထား။ ဆီချက်ကတော့ အိမ်မှာအသင့်ဆောင်ထားတာမို့
အထွေအထူးထပ်လုပ်စရာမလိုတော့ဘူး ပေါ့နော်။ ပြီးရင် အာလူးပြုတ် ကြက်သွန်နီခရမ်းချဉ်သီးဆီချက်နဲ့
ခုနကချက်ထားတဲ့ Sauce လေးထည့်ပြီး ခပ်ဖွ ဖွလေးနှံ့အောင်နယ်၊ အရသာချိုချဉ်ငံစပ်လေးနဲ့
အဆင်ပြေမှ ပဲကပ်ကြော်လေးခြေထည့်ပြီး နယ်ပေးလိုက်မယ် ဆိုရင် စားလို့ကောင်းမှာသေချာတဲ့
ပဲကပ်ကြော်သုပ်တစ်ပွဲရပါပြီ။
ဘူးညွန့်ကြော်ချက်
ဘူးညွန့်ကြော်ချက်အတွက် ဘူးညွန့်ကိုပေါ်က
အခွံပါးလေးတွေဖယ်ပြီး အနေတော်လေးတွေပိုင်းထား ကြက်သားလုံးလုပ်ဖို့ထဲက မလိုလို့ဖယ်ထားတဲ့
ကြက်ရိုးကိုပြုတ်ထား။ ကြက်ရိုးနူးပြီဆိုမှ ကြက်သွန်နီခပ်ထူထူ လှီးထားတာကို ဆီသတ်၊ ပုဇွန်ငံပြာရည်လေးပါနည်းနည်းထည့်၊
ဘူးညွန့်လေးတွေပါထည့်လုံး ပြီးမှခုနကပြုတ် ထားတဲ့ ကြက်ရိုးပြုတ်လေးထည့် ဆူလာရင်အရသာလေးမြည်းကြည့်
လိုအပ်ရင် ကြက်သားမှုန့်လေးထည့် ဒါဆို ရင်တော့ ကြက်သားလုံးဆီပြန် ပဲကပ်ကြော်သုပ် ဘူးညွန့်ကြော်ချက်
အရည်သောက်ဟင်လေးတစ်ခွက်ရပြီပေါ့ နော်။
ဒီတစ်ပတ်ကတော့ ဒီလောက်ပဲချက်ရအောင်လား၊
ဆွေမျိုးတို့ရာ နောက်တစ်ပတ်မှ နောက်တစ် မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment