ကားဆီမကုန်အောင် ဘယ်လိုတွေချွေတာမလဲ










လူအတော်များများကိုယ်ပိုင် ကားစီးနင်းလာနိုင်တဲ့ ဒီနေ့လိုခေတ်မျိုးမှာ ကိုယ်တိုင်လည်း တစ်နေ့ မဟုတ်တစ်နေ့တော့ ကိုယ်တိုင်ကားမောင်းနှင်သူတစ်ဦးဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ခရီးဝေး သွား သည်ဖြစ်စေ၊ အနီးဖြစ်စေ ကားပိုင်ရှင်တစ်ဦးဖြစ်လာပြီဆိုတာနဲ့ ကိုယ့်ကားကို နေ့စဉ်နဲ့အမျှမောင်းနှင် မှုပြု တော့မှာပါ။ အဲဒါကြောင့် ဆီတွေလည်း အတော်များများ အသုံးပြုရပါလိမ့်မယ်။ ကားမောင်းနှင် သူတစ်ဦးအနေနဲ့ လောင်စာဆီဖိုးကုန်ကျရတယ်ဆိုတာ ဆန်းပြားတဲ့ဖြစ်ရပ်တစ်ခုမဟုတ်ပေမယ့် လူတိုင်း ကတော့ လိုအပ်တာ ထက်ပိုကုန်လာမယ့် ဆီပမာဏကို လျှော့ချချင်မှာပါပဲ။ ဒီအထဲမှာ ကိုယ်ရော ပါနေပြီလား။ ပါနေပြီဆိုရင်တော့ ဆီကုန်သက်သာအောင် ဘာတွေလုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံကောင်းလေးတွေပေးချင်ပါတယ်။ 

ခရီးစဉ်စီစဉ်မှုပါးနပ်ပါစေ
ခရီးတစ်ခုသွားတော့မယ်ဆိုရင်  အမြဲတမ်း အဲဒီကိုသွားဖို့ တစ်ခုထက်ပိုတဲ့လမ်းကြောင်းတွေ ရှိနေမှာပါ။ ဒါကြောင့် ကိုယ်သွားမယ့်ခရီးစဉ်အတွက် လမ်းကြောင်းရွေးချယ်ရာမှာ  ပါးပါးနပ်နပ်နဲ့ နီးစပ် တဲ့လမ်း ကြောင်းကို ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်။ ဒါဟာ ကိုယ့်အတွက်ခရီးသွားရင်း အသုံးချရမယ့်အချိန် ကိုလျော့ကျ သွားစေမှာဖြစ်သလို ဆီကုန်တာကိုလည်း သိသိသာသာလျော့ချနိုင်မှာ အသေအချာပါ။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့ပါးနပ်တဲ့ခရီးစဉ်ရွေးချယ်မှုကြောင့်  ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း အကောင်းဆုံးလျှော့ချနိုင် မှာဖြစ်ပါတယ်။ ဝေးကွာလှတဲ့နေရာတစ်ခုဆီ ခရီးသွားသူတစ်ယောက်အဖို့ ဒီအချက်က အရေးကြီးဆုံးဖြစ်တာ ကြောင့် လမ်းကြောင်းရွေးချယ်ရာမှာ ကိုယ့်ရဲ့ပါးနပ်မှုဘယ်လောက်အထိ အရေးပါတယ်ဆိုတာ သိထားသင့် တာပါ။ 

အလှည့်ကျ မောင်းနှင်ပါ
နောက်တစ်ခုပြုလုပ်ဖို့ လိုအပ်တာကတော့ အလှည့်ကျကားမောင်းနှင်တဲ့ဓလေ့တစ်ခု ပျိုးထောင် ထား ဖို့ပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကိုယ်မြို့ထဲကို သွားဖို့အစီအစဉ်ရှိနေချိန်မှာ ကိုယ့်အိမ်နီး နားချင်းကလည်း မြို့ထဲသွားဖို့ရှိနေတာမျိုးပါ။ ဒီလိုလမ်းကြောင်းချင်းတူညီနေခဲ့ရင် တစ်ဦးရဲ့ကားကို အိမ်မှာချန်ထားခဲ့နိုင်တာ ကြောင့် ဆီကုန်မှုကို တစ်ဝက်တိတိလျှော့ချနိုင်မှာဖြစ်ပါတယ်။ ကလေးကျောင်း သွားပို့ရင် သူ့အလှည့်၊ ကိုယ့် အလှည့်ဆိုပြီး အလှည့်သတ်မှတ်ပို့ပေးတာမျိုး၊ နေ့စဉ်မဖြစ်မနေ ဈေးသွားဝယ် ရတဲ့အခါမျိုးမှာ အလှည့်ကျကား ကို ခွဲတမ်းချအသုံးပြုတာမျိုးစတာတွေက ဆီစားနှုန်းကိုထင်ထင်ရှားရှား လျှော့ချပေးနိုင်မှာဖြစ်တာကြောင့် မဖြစ်မနေပြုလုပ်သင့်တဲ့ အရာတွေလို့သတ်မှတ်ထားရမှာပါ။ 

အပူမလွန်တဲ့နေရာမျိုးမှာ ပါကင်လုပ်ပါ
အရမ်းပူပြင်း ခြောက်သွေ့လွန်းတဲ့နေရာတွေမှာ ကားပါကင်ထိုးမှုကို အလေးထားရှောင်ရှားသင့်ပါ တယ်။ ဘာကြောင့်လဲဆိုရင်တော့ ပြင်းထန်လွန်းတဲ့အပူရှိန်က လောင်စာတွေကို အငွေ့ပျံသွားစေ တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အေးချမ်းတဲ့နေရာမျိုးတွေမှာ ကားကိုရပ်နားထားခြင်းက အခြားကောင်း ကျိုးတွေလည်း ရရှိနိုင်သေးတာပါ။ အဲဒါကတော့ ကားအဲယားကွန်းကို မလိုအပ်ဘဲ အစွမ်းကုန်ဖွင့်ရ တဲ့အခြေအနေမျိုးက လွန်မြောက်နိုင်တာကြောင့် ဆီစားနှုန်းကို နောက်တစ်နည်းနဲ့ လျှော့ချနိုင်တာပဲဖြစ် ပါတယ်။ 

မလိုအပ်ဘဲ ၀န်မတင်နဲ့
လိုအပ်တာထက်ပိုပြီး လေးလံတဲ့အရာတွေသယ်ဆောင်ခြင်းကလည်း လောင်စာကုန်ဆုံးရခြင်း အ ကြောင်းပြချက်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ လေးလံလွန်းတဲ့ ၀န်ထုတ် ၀န်ပိုးတွေ ကြောင့် ကားကိုပိုရုန်းအောင်ခိုင်းစေရခြင်းဟာ ဆီကုန်ဖို့အတွက် လုံလောက်တဲ့ အကြောင်းပြ ချက်တစ်ရပ်ဖြစ် နေတာကြောင့်ပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ ခရီးသွားလာခြင်းက ကားဆီစားနှုန်းကို လျော့ကျလာစေမှာဖြစ်သလို စိတ် ပင်ပန်းရမှုကိုလည်း ဖြစ်ပေါ်လာစေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ခရီးတစ်ခုခုသွားတော့မယ်ဆိုရင် မလိုအပ်တဲ့ ၀န်ထုတ်ဝန်ပိုးတွေကို အိမ်မှာချန်ထားခဲ့တာက တစ်ခုထက် ပိုတဲ့ အကျိုးတွေရရှိလာစေမှာအသေအချာပါ။ ကျွမ်းကျင်သူတချို့ကတော့ ပေါင်(၁၀၀)ထက်ပိုတဲ့ အလေး ချိန်က ကားဆီစားနှုန်းကို (၂) ရာခိုင်နှုန်းလောက် အထိမြင့်တက်လာစေတယ်လို့ ဆိုထားတာကြောင့် တတ်နိုင်သလောက် တန်ပိုတွေမတင်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ အကြံပြုချင်ပါတယ်။

အရမ်းမြန်အောင် မမောင်းပါနဲ့
ကားကိုအရမ်းမြန်အောင် မောင်းနှင်ခြင်းက ကားအင်ဂျင်ကို အနားမရအောင် အလုပ်ပေးထားရခြင်း ဖြစ်တာကြောင့် လောင်စာတွေကို ခပ်ထုတ်နေသလို အလျင်အမြန်ကုန်ဆုံးသွားစေမှာပဲ ဖြစ်ပါတယ်။ ကားတစ် စီးကို လေခွင်းအားကောင်းကောင်းနဲ့ တရိပ်ရိပ်ပြေးနေအောင် မောင်းနှင်လေ၊ အင်ဂျင်အလုပ် လုပ်ရမှုကလည်း ပိုမြင့်လာလေလေဖြစ်လာပြီး ဆီစားနှုန်းလည်း သိသိသာသာမြင့်တက်လာမှာ အသေအချာပါပဲ။ ဒါကြောင့် ကားကို မလိုအပ်ဘဲ အရမ်းမြန်အောင်မောင်းနှင်ခြင်းက ဆီဖြုန်းတီးခြင်းဆိုတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုဖြစ်တာကြောင့် ရှောင်ရှားထားသင့်တာပါ။

အခြားလိုအပ်သည်များ
ဆီစားနှုန်းလျှော့ချနိုင်ဖို့ အခြားလိုအပ်တဲ့အရာတွေကတော့ ကားဘီးတွေကို မျှတတဲ့လေပေါင်ရှိနေ အောင် ချိန်ညှိထားတာ၊ ဘရိတ်ကိုလိုအပ်တာထက်ပိုပြီး အရမ်းမသုံးတာ၊ အင်ဂျင်ကိုပစ်မထားဘဲ အမြဲတမ်း ဂရုစိုက်ပေးနေတာစတဲ့ အချက်တွေလည်းပါဝင်ပါတယ်။  ဒီအချက်တွေကို လိုက်နာနိုင်မယ်ဆိုရင်တော့ အနည်း နဲ့အများဆိုသလို ဆီစားနှုန်းကို အတိုင်းအတာတစ်ခုအထိ သေချာပေါက်လျှော့ချနိုင်မှာပဲ ဖြစ်ပါ တယ်။
အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment