ဒီနှစ်သတင်းကျွတ်ကတော့ မိဘ၊ ဆရာတွေကို ကန်တော့ရင်းနဲ့ ဖြတ်သန်းသွားမှာပါ အိချောပို






အနုပညာပျိုးခင်းရဲ့ မင်းသမီးတွေထဲမှာ သရုပ်ဆောင်ကောင်းသူလို့ နာမည်ထွက်လာတဲ့ အိချောပိုနဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ပြောဖြစ်ခဲ့သလို သူမရဲ့ လူငယ်ခံစားမှုလေးတွေကိုလည်း မေးဖြစ် ခဲ့ပါတယ်။

လက်ရှိမှာတော့ ဒါရိုက်တာ သားကြီးရိုက်ကူးတဲ့ ယောက္ခမအထာ ဗီဒီယိုကားမှာ မြင့်မြတ်၊ ခိုင်နှင်းဝေ တို့နဲ့ ရိုက်ကူးလျက်ရှိပြီး ယောက္ခမနဲ့ချွေးမ မတည့်ကြတဲ့ မြင့်မြတ်ရဲ့ မိန်းမနေရာက သရုပ်ဆောင်ရပါတယ်။ ဒီကားလေးက ရိုက်နေကျဇာတ်ကားတွေထက် ထူးခြားမှုရှိတဲ့ ဇာတ်လမ်းလို့ ပြောလို့ရပါတယ်လို့ ဆိုလာသူ အိချောပိုနဲ့ ပြောဖြစ်ခဲ့တာတွေက

ရုပ်ရှင်နဲ့ဗီဒီယိုရွေးချယ်မှုက …
ရုပ်ရှင်နဲ့ဗီဒီယို အဓိကဘာကိုကြည့်ပြီးတော့ လက်ခံလဲဆိုတော့ ဇာတ်လမ်းနဲ့ကာရိုက်တာကို အရင်ဦး ဆုံး ဖတ်ကြည့်တယ်။ ကိုယ်တကယ်ကြိုက်ရင်ရိုက်ဖြစ်တယ်။ ဒီနှစ်ထဲမှာဆိုရင် ရုပ်ရှင်ကားကြီးတွေ အများကြီး ရိုက်ခဲ့ပေမယ့် ဇာတ်လမ်းပုံစံနဲ့ကာရိုက်တာတွေ မလုပ်ဖူးသေးတဲ့ကာရိုက်တာတွေဖြစ်တာကြောင့် ပိုပြီးတော့ ရင် ခုန်မိပါတယ်။ ဒီလထဲမှာ ဒါရိုက်တာဦးဇာဂနာဦးစီးတဲ့ ဖျော်ဖြေရေးပွဲမှာ မင်းမော်ကွန်း၊ ထွန်းထွန်း၊ တခြား အနုပညာရှင်တွေနဲ့ စင်ကာပူမှာ ဖျော်ဖြေဖို့ရှိပါတယ်။ အဲဒီကအပြန် မင်းသားအားသစ်နဲ့ ၀မ်းဝမ်းလေး ရုပ်ရှင်ကားမှာ ကိုရန်လေး၊ မမိုးတို့နဲ့ ရုပ်ရှင်ကားကြီးရိုက်အပြီးမှာ ကိုရန်လေး၊ မထွန်းအိန္ဒြဗိုလ်တို့နဲ့ ချစ်ခြင်းကို မခွဲပါနဲ့ ရုပ်ရှင်ရိုက်ပါမယ်။

ပျိုးခင်းရဲ့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ လက်ရှိရပ်တည်နေတဲ့ပုံစံက …
ကိုယ့်ကိုတာဝန်ပေးတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ ကိုယ့်ကိုယုံလို့လာအပ်တဲ့ အလုပ်ကို သစ္စာရှိရှိနဲ့စေတနာထားပြီးလုပ်တယ်။ ဆရာ၊ အစ်ကိုတွေကလည်း သူတို့တင်ပေးတဲ့ မင်းသမီးတွေ ကို စေတနာထားပြီး လုပ်ပေးပါတယ်။

အိချောတို့ရဲ့ပျိုးခင်း(၁)နဲ့ ပျိုးခင်း(၂)ကြား အနေအထား ကွာခြားတယ်လို့ထင်လား …
အနည်းအကျဉ်းတော့ ကွာမယ်ထင်တယ်။ အိချောတို့က စည်းကမ်းတွေပိုပြီး တင်းကျပ်မလားမသိဘူး။ အိချောတို့ကို ၃ နှစ်ပြည့်မှ အပြင်မင်းသားတွေနဲ့ အပြင်တိုက်တွေနဲ့ ရိုက်ခွင့်ရှိတာလေ။ အိချောတို့ ဒီ ၃ နှစ် အတွင်းမှာ ဒီအစ်ကိုတွေနဲ့ပဲ ရိုက်ခဲ့တာပါ။ သူတို့လည်းသေချာသင်ပေးပါတယ်။ နောက်ပျိုးခင်းတွေကတော့ လွတ်လပ်မှုပိုရှိမယ်လို့ ထင်ပါတယ်။

ပျိုးခင်း(၂)ကသူတွေက ပျိုးခင်း(၁)ကသူတွေကို အားကျတယ်လို့ပြောတော့ ကိုယ်ကရောဘယ်သူတွေကို အား ကျလဲ …
ကိုယ်တွေကတော့ ကိုယ့်ရဲ့စီနီယာတွေကိုလည်း အကုန်လုံးသဘောကျပါတယ်။ ဘယ်သူရယ်မှ မဟုတ်ပါဘူး။ သူတို့မှာလည်း သူတို့အိုက်တင်တွေရှိကြပါတယ်။ သူတို့နဲ့အတူတူရိုက်ခဲ့တဲ့ ကားတွေလည်းရှိပါ တယ်။

ကိုယ့်ဆီရောက်လာတဲ့ကာရိုက်တာတွေကိုကြည့်ပြီးတော့ ရိုက်ချင်တယ်။ မရိုက်ချင်ဘူးဆိုပြီး ငြင်းပိုင်ခွင့်ရှိလား …
ကိုယ်မလုပ်ချင်တဲ့ ကာရိုက်တာမျိုးကိုငြင်းခွင့်ရှိပါတယ်။ မလုပ်ချင်တာကို အတင်းကြီးလုပ်ရမယ်ဆို ပြီးတော့ ဖိအားပေးတာမျိုးမရှိပါဘူး။

အခုကိုယ်လုပ်လာခဲ့တာလည်း အချိန်တစ်ခုရောက်နေပြီဆိုတော့ ပရိသတ်ဆီက ဘာတွေကြားရလဲ …
အနုပညာနဲ့ပတ်သက်တာဆိုရင်တော့ ကောင်းတဲ့သတင်းပဲ ပြန်ကြားပါတယ်။ လူမှုရေးဆိုရင်လည်း ကိုယ်ကဆင်ခြင်တဲ့သူဆိုတော့ သိပ်ပြီးအပြောခံရတာမရှိပါဘူး။

အမျိုးသမီးတစ်ယောက်မှာ ရှိအပ်တဲ့ဂုဏ်သိက္ခာကို ကိုယ့်လမ်းကြောင်းပေါ်မှာ လျှောက်ရင်းနဲ့ မထိခိုက် ရအောင် ဘယ်လိုကြိုးစားဖြစ်လဲ …
ညီမက ကျောင်းတက်တဲ့အရွယ်ကတည်းက အခုအချိန်ထိ မိဘတွေနဲ့ကင်းကွာပြီး သွားတယ် လာတယ် ဆိုတာမျိုးမရှိပါဘူး။ မိဘအုပ်ထိန်းမှုအောက်မှာပဲနေရင်းနဲ့ အလုပ်နဲ့ဂုဏ်သိက္ခာကို တစ်ထပ်တည်း ကျအောင်နေပါတယ်။ ညီမအတွက်ကတော့ ဒါကိုတမင်ထပ်တူကျအောင် လုပ်ဖို့ကြိုးစားရတာမရှိပါဘူး။

အောင်မြင်မှုတွေ ရေရှည်တည်တံ့ဖို့အတွက် အဓိကထိန်းသိမ်းရမယ့်အချက်က ဘာတွေဖြစ်မလဲ …
အကုန်လုံးပါပဲ။ မင်းသမီးတစ်ယောက်လုပ်ပြီဆိုကတည်းက ကိုယ့်ကိုတစ်နိုင်ငံလုံးက စောင့်ကြည့် နေကြပြီ။ ဒါကြောင့် ကိုယ်ဘာလုပ်မလဲဆိုတာ ကြည့်မှာပါ။ ဒါကြောင့်အားလုံးကို ဆင်ခြင်မှရမှာပါ။

ရုပ်ရှင်မှာ အပြောနဲ့အပြဆိုတာရှိတယ်။ အပြောမပါတဲ့ အပြဘက်ကိုရော အိချောစိတ် ၀င်စားလား…
တချို့ကားတွေဆိုရင် ဒိုင်ယာလော့ပြောလိုက်မှ သိသိသာသာနဲ့ ထိရောက်သွားတာရှိသလို အပြလေး ပြလိုက်ရုံနဲ့လုံလောက်သွားတာလည်း ရှိပါတယ်။ လိုအပ်တဲ့နေရာမှာ လိုအပ်သလိုလုပ်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်။

ကျီးမနိုးပွဲလိုဇာတ်ကားထဲက နေရာမျိုးနဲ့ ကာရိုက်တာမျိုးကိုရောကြိုက်လား …
နှစ်သက်ပါတယ်။ ပါးပါးလေးနဲ့ လုပ်သွားရတဲ့အရာမျိုးပေါ့။ ဇာတ်လမ်းအရလည်းဆန်းတယ်။ ဒိုင်ယာ လော့လဲနည်းတယ်။ သိပ်ပြီးတော့မထင်မရှားပုံစံလေးနဲ့ သူလိုလိုကိုယ်လိုလိုလေး ရိုက်ထားတာပါ။ ဇာတ်လမ်း လေးဆန်းတဲ့အခါ Actor တွေအကုန်လုံးက အံဝင်ခွင်ကျဖြစ်သွားတာပေါ့။

အိချောရဲ့အနုပညာပန်းတိုင်ကိုဘာနဲ့သတ်မှတ်ထားလဲ …
ပရိသတ်ရဲ့အားပေးခြင်းနဲ့ပဲ သတ်မှတ်ထားပါတယ်။ အားပေးတဲ့ပရိသတ်များလေ ကိုယ့်အတွက် အောင် မြင်မှုပန်းတိုင်တစ်ခု ရောက်လေပေါ့။

အိချောအနေနဲ့စိတ်ကြိုက် ကာရိုက်တာတစ်ခုအနေနဲ့တွေးမယ်ဆိုရင်ရော…
အခုရိုက်နေတာလည်းအစုံပါပဲ။ ရိုးမန့်ပါတယ်၊ ဒရာမာပါတယ်၊ ဟာသလည်းပါပါတယ်။ တချို့ကား တွေမှာ တစ်ကားလုံးဘန့်လုပ်ရတာတွေလည်း ရှိပါတယ်။ အဲဒီဟာက ဇာတ်လမ်းအရကိုယ့်အတွက်လည်း လုပ်ကွက်ရှိတယ်။ Main ဖြစ်နေရင် အိချောရိုက်ပါတယ်။

မင်းသမီးအပြိုင်တွဲရိုက်ရတဲ့ကားမျိုးတွေမှာရော ကိုယ့်အတွက်ဖိအားတွေရှိလား…
ဒါကတော့ အဖွဲ့လိုက်သွားရတာမျိုးဆိုတော့ ကိုယ်လည်းကောင်းမှ သူများအတွက်လည်းကောင်း မယ်လေ။ အဲဒါကြောင့် ကိုယ်လုပ်ရတဲ့နေရာပီပြင်ဖို့အတွက်လည်း အာရုံကတော့ထည့်ထားရပါတယ်။

အခုမြန်မာ့ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ပြည်ပနိုင်ငံတွေနဲ့တွဲရိုက်နေတာရော ဘယ်လိုမြင်လဲ။ ကိုယ်ရော ဇာတ်လမ်းတွဲတွေဘက် အချိန်မပေးဖြစ်ဖူးလား။
သူများနိုင်ငံနဲ့ရောပြီး ရိုက်ရတာကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ်ပညာလည်းရတယ်။ ကိုယ့်အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ထင်တယ်။ အခုဆိုရင် အိချောက ရုပ်ရှင်ကားကြီးတွေနဲ့ဗီဒီယို တွေရိုက်ရက် Date တွေပြည့်နေပါပြီ။ အခွင့်အရေးရရင်လည်း အိချော ဇာတ်လမ်းတွဲတွေရိုက်ဖြစ်မှာပါ။

သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုကြား အနုပညာအားခွဲထားတာမျိုးရောရှိလား …
ကိုယ့်ဆီလာအပ်တဲ့အလုပ်ကို စေတနာထားတယ်။ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဗီဒီယိုပဲဖြစ်ဖြစ်၊ ကြော်ငြာပဲဖြစ် ဖြစ်၊ သေချာပြင်ဆင်ပြီးမှရိုက်တယ်။ ပေါ့ပေါ့လေးပဲဆိုပြီး ဘယ်တော့မှပြီးစလွယ်မလုပ်ပါဘူး။

သီချင်းတွေလည်းဆိုတယ်လို့ သိရတော့ မင်းသမီးတွေသီချင်းဆိုတာကို Style တစ်ခုလိုလုပ်ဖြစ်လား။
သီချင်းက အဆိုတတ်ကြီးတော့မဟုတ်ပါဘူး။ ဆိုလည်းမဆိုတတ်ပါဘူး။ အရမ်းကျွမ်းကျင်တဲ့အထဲမှာ လည်းမပါဘူး။ ဒါပေမဲ့ ပရိသတ်တွေက တောင်းဆိုတယ်။ ပရိသတ်တွေက သီချင်းဆိုပေးပါလို့ ပြောတာဖြစ်တဲ့ အတွက် အတတ်နိုင်ဆုံးဆိုပေးဖြစ်တာပါ။ တချို့သရုပ်ဆောင်တွေဆိုရင် အသံကောင်းတာတွေရှိပါတယ်။

ဒီနှစ်သီတင်းကျွတ်နဲ့ပတ်သက်လို့…
ဒီနှစ်သတင်းကျွတ်ကတော့ မိဘ၊ ဆရာတွေကို ကန်တော့ရင်းနဲ့ ဖြတ်သန်းသွားမှာပါ။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment