Facebook ရဲ့တန်ကြေးဟာ..........








Facebook ရဲ့တန်ကြေးဟာဒေါ်လာ ၂၆၅.၃ ဘီလီယံရှိနေပြီး လတိုင်းသုံးစွဲသူ ၁.၅ဘီလီယံရှိနေပါတယ်… 

Facebook ဟာ ဟားဗက်တက္ကသိုလ်ထဲကနေစတင်ခဲ့ပြီး ကမ္ဘာ့ထိပ်ဆုံးရောက်ခဲ့တဲ့ ဆီလီကွန်တောင်ကြား ရဲ့ classic အောင်မြင်မှုပုံပြင်တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ရှင် မာ့ခ်ဇူကာဘတ်ကိုမဟာ အောင်မြင်သူ တစ်ဦးဖြစ်စေခဲ့ပြီး သာမန်လူငယ်တစ်ယောက်ကိုနည်းပညာဈေးကွက်ရဲ့ထိပ်ဆုံးကိုတွန်းပို့ခဲ့တဲ့ ဖြစ်ရပ်တစ်ခုလဲဖြစ်ပါတယ်။ 

ယနေ့မှာ Facebook ရဲ့တန်ကြေးဟာ ဒေါ်လာ ၂၆၅.၃ ဘီလီယံရှိနေပြီး လတိုင်းသုံးစွဲသူ ၁.၅ ဘီလီယံ ရှိနေပါတယ်။ အခု ၂၀၀၄ ဖေဖော်ဝါရီကနေ ယနေ့အထိ Facebook ရဲ့ကြောက်ခမန်းလိလိ အောင်မြင် မှုနောက်ကွယ်ကအချက်အလက်တစ်ချို့ကို ပုံအချို့နဲ့အတူဖော်ပြလိုက်ပါတယ်။  ၂၀၀၃ ခုနှစ်မှာ ဟားဗက်ရဲ့ ဒုတိယနှစ်ကျောင်းသားဇူကာဘတ်ဟာ ‘Face mash’ လို့ခေါ်တဲ့ ပရိုဂရမ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ ၄င်းပရိုဂရမ်ဟာ Hot or Not စတိုင် APP တစ်ခုဖြစ်ပြီး ကျောင်းအုပ်ချုပ်ရေး ရုံးထဲကနေ သူဟက်ခ်ယူထားတဲ့ ကျောင်းသားတွေရဲ့ဓါတ်ပုံတွေကိုအသုံးပြုထားတာဖြစ်တယ်။ 

တင်တင်ပြီးချင်းတစ်နာရီအတွင်းမှာ လူပေါင်း ၄၅၀ ဆီကနေ Page View နှစ်သောင်းနှစ်ထောင်ကျော် ရခဲ့ပါတယ်။ ဒါပေမယ့်လဲ ကျောင်းသားတွေရဲ့အချက်အလက်တွေကိုခိုးယူပြီးပြုလုပ်ထားတာဖြစ်တဲ့အတွက် ရက်အနည်းငယ်အတွင်းမှာပဲ ဟားဗက်အုပ်ချုပ်ရေးကပိတ်သိမ်းစေခဲ့တယ်။ ဒီကိစ္စအတွက် အရေးယူခြင်းခံခဲ့ရပေမယ့် ကျောင်းထွက်စရာတော့မလိုခဲ့ပါဘူး။ ဒီလိုနဲ့ ၂၀၀၄ ဖေဖော်ဝါရီမှာ Facebook က သူကိုယ်တိုင်စပြီးထုတ်လွှင့်စတင်ခဲ့တယ်။

အဲဒီလိုထုတ်လွှင့်ပြီးခြောက်ရက်အကြာမှာပဲ ဟားဗက်ရဲ့စီနီယာကျောင်းသားတွေဖြစ်တဲ့ (ဇူကာဘတ် ထက်တစ်နှစ်ကြီးတဲ့) ကင်မရွန်းနဲ့တိုင်လာဝင်ကယ်ဗိုစ့်အမြွှာညီနောင်က ဒါဟာသူတို့ရဲ့ အကြံဥာဏ်ပါ လို့စွပ်စွဲကြပါတယ်။ သူတို့က ဇူကာဘတ်ဟာ Harvard Connection.com လို့ခေါ်တဲ့ဝက်ဆိုက်ကို သူတို့အတွက်ဖန်တီးပေးမယ်လို့သဘောတူပြီးမှ သူတို့ကိုထားခဲ့ပြီး အလားတူ Facebook ကိုတည်ဆောက် ခဲ့တယ်လို့ပြောကြားခဲ့ကြပါတယ်။ ဒီကိစ္စဟာ လေးနှစ်ကြာတရားရင်ဆိုင်ခဲ့ပြီး ၂၀၀၈ ရောက်မှပြေအေး ခဲ့တယ်။ ထိုစဉ်က သူတို့ဟာ Facebook ရဲ့ပေါက်ဈေး ဒေါ်လာ ၁.၂ သန်းတန်ဖိုးရှိ ရှယ်ယာတွေကိုရခဲ့ပြီး အခုလက်ရှိပေါက်ဈေးနဲ့ဆိုရင်တော့ ဒေါ်လာသန်းသုံးရာလောက်တန်နေပြီဖြစ်ပါတယ်။

 ဒါပေမယ့်ဇူကာဘတ်ဟာ တကယ်ပဲသူများရဲ့အိုင်ဒီယာနဲ့အောင်မြင်လာခဲ့တာလား။
ဘာပဲပြောပြော စတင်ပြီးတစ်လအတွင်းမှာ ဟားဗက်ကျောင်းသားတစ်ဝက်လောက်က ThewFacebok ပေါ်ရောက်လာခဲ့ပြီ။ မတ်လ၂၀၀၄မှာတော့ ယေးလ်၊ ကိုလံဘီယာနဲ့စတန်းဖိုဒ့်တက္ကသိုလ်တွေကိုပါ ချဲ့ထွင်ခဲ့တယ်။ သူ့ရဲ့ကျောင်းနေဖက် Dustin Moskovitz (၀ဲဘက်)၊ Eduardo Saverin, Andrew MeCollum, Chris Hughs တို့ဟာ ပူးတွဲတည်ထောင်သူတွေအဖြစ်နဲ့ ကြီးမားလာတဲ့လုပ်ငန်းရဲ့ အရှိန်ကိုဝိုင်းဝန်းထိန်းကျောင်းပေးထားပြီး စီးပွားရေးအသွင်သို့ကူးပြောင်းခဲ့ကြပါတယ်။
Facebook ရဲ့ပထမဆုံးကြော်ငြာလက်ခံမှုကိုထုတ်လွှင့်ပြီး လအနည်းငယ်အကြာမှာပဲ ဆက်တိုက်ထုတ်လွှင့်ပေးခဲ့ပြီး ဆိုက်ရဲ့အံ့မခန်းတိုးတက်မှုကိုပြသခဲ့ပါတယ်။

ဒီအချိန်မှာ Face book ဟာ တက္ကသိုလ်ကျောင်းဆောင်ထဲမှာပဲလည်ပတ်နေသေးပေမယ့် လေးလေးနက်နက်လုပ်ကိုင်ရမယ့်အချိန်ကိုရောက်လာခဲ့ပါပြီ။ ဒါ့ကြောင့် ဇူကာဘတ်ဟာ ၂၀၀၄ မှာတင် ဟားဗက်ကနေကျောင်းထွက်ခဲ့တယ်။ သူ့ရဲ့ရှေ့ကအလားတူပြုမူခဲ့တဲ့သူတစ်ယောက်ကတော့ ဘီလ်ဂိတ်ပါ။
၂၀၀၄ နှစ်လည်မှာ ဇူကာဘတ်ဟာ Napster ပူးတွဲတည်ထောင်သူရှောင်ပါကားကို ကုမ္ပဏီရဲ့ ပထမဆုံးဥက္ကဌအဖြစ်ခန့်အပ်လိုက်တယ်။

ထိုစဉ်က ဇွန်လ ၂၀၀၄ အချိန်မှာ Facebook ကို ကာလီဖိုးနီးယား Palo Alto မှ အလွန်သေးငယ်တဲ့ ရုံးခန်းလေးထဲကိုပြောင်းရွှေ့ခဲ့ကြတယ်။ အဲဒီအချိန်က ကုမ္ပဏီဟာ အလေးအနက် Srartup ကုမ္ပဏီ ငယ်အသစ်စက်စက်နဲ့မတူဘဲပါတီပွဲပေးနေကြအိမ်ဖြစ်နေတယ်လို့လူသိများခဲ့ပါတယ်။ Palo Alto မြို့လည်ခေါင်ကရုံးခန်းလေးဟာ တော်တော်ကိုပုံမလာပါဘူး။ ပုံထဲမှာမြင်တဲ့အတိုင်း မှန်တံခါးအမှတ် ၄၇၁ ဟာ ကောင်းကင်ပေါ်ထိပေါက်လောက်တဲ့လှေကားအရှည်ကြီးဆီခေါ်သွားပါတယ်။ ထောင့်ဘက်မှာတော့ ဆူရှီဆိုင်ကောင်းကောင်းရှိလေရဲ့။

မာ့ခ်ဇူကာဘတ်ကို သူ့ရုံးခန်းထဲမှာဘောင်းဘီတိုတစ်ထည်နဲ့လျောက်သွားနေတာကိုတွေ့ရမှာဖြစ်ပြီး ခြေဗလာနဲ့လက်ထဲကဘီယာပုလင်းဟာ သူ့စတိုင်လ်ပါပဲ။ တကယ်ပါ။ သူတို့အဖွဲ့က ဘီယာ အတော်ကြိုက်ကြတယ်။ ဒီပုံမှာ Facebook ၀န်ထမ်းတစ်ယောက်ဘီယာတစ်ပုလင်းယူနေချိန်မှာ အနောက်က Andrew McCollum နဲ့သူ့ရဲ့အမျိုးသမီး သူငယ်ချင်းကိုတွေ့ရမယ်။

သူတို့ရုံးခန်းဟာ ရှော့ရစရာနံရံပန်းချီ Graffiti လက်ရာတွေကြောင့်လဲလူသိများပြန်တယ်။
ဒီရုံးခန်းကိုပြောင်းလာတဲ့လထဲမှာပဲ Facebook ဟာ ပြင်ပရင်းနှီးမြုပ်နှံမှုကို ပထမဆုံးလက်ခံရခဲ့ပါတယ်။ အဲဒါကတော့ Paypal ရဲ့အကြီးအမှူးဟောင်း Peter Thiel ထံမှဒေါ်လာငါးသိန်းပါ။ ပုံထဲမှာ Peter Thiel ရဲ့ တည်ထောင်သူ Elon Musk ကိုမြင်နိုင်ပါတယ်။

ဒါပေမယ့်လည်း Facebook ဟာစူပါစတားအဖြစ်ကို ခဏလေးနဲ့ရောက်လာခဲ့တာဖြစ်ပြီး မေလ ၂၀၀၅ မှာ ရင်းနှီးငွေဒေါ်လာ ၁၃.၇ သန်းအထိရန်ပုံငွေရရှိခဲ့ပါပြီ။ ၂၀၀၆ ခုနှစ်မှာတော့ သူ့ရဲ့ icon နဲ့ အကြီးမား ဆုံးပြောင်းလဲမှုဖြစ်တဲ့ Newfeed ကိုစပြီးမိတ်ဆက်ခဲ့တယ်။ ဒီပုံထဲမှာ Facebook အသင်းသားတွေဟာ Newfeed ကိုထည့်သွင်းလိုက်ဖို့ ခလုတ်ကိုနှိပ်လိုက်ပုံအမှတ်တရဖြစ်ပါတယ်။

၂၀၀၇ နှစ်နှောင်းပိုင်းမှာ ဇူကာဘတ်ဟာ ဂူဂဲလ်ရဲ့အကြီးအကဲတစ်ယောက်ဖြစ်တဲ့ Sheryl Sandberg နဲ့ ခရစ္စမတ်ပါတီတစ်ခုမှာတွေ့ခဲ့တယ်။ ထိုစဉ်က  သူမဟာဝါရှင်တန်ပိုစ့်ကိုပြောင်းလဲလုပ်ကိုင်ဖို့ စဉ်းစားနေ တာပါ။ ဒါပေမယ့် ဇူကာဘတ်က သူမနဲ့တွေ့အပြီးမှာ Facebook ဟာ Chief Operating Officer လိုအပ်တာကို သတိထားမိပြီး ၂၀၀၈မှာ သူမကိုရအောင်အလုပ်ခန့်ခဲ့ပါတယ်။

သူတို့ရဲ့မှန်ကန်တဲ့ဝန်ထမ်းခေါ်ယူမှုတွေအပြီးမှာ အရင်ကထက်လျင်မြန်စွာတိုးတက်လာခဲ့တယ်။ ဒါပေမဲ့စမတ်ဖုန်းတွေပေါ်ထွက်လာတာက Facebook အတွက် ပိုပြီးများပြားတဲ့သုံးစွဲသူတွေ ကိုခေါ်လာခဲ့ တာပါ။ ၂၀၀၉ ခုနှစ်မှာ Facebook ကို နည်းနည်းပိုကြီးတဲ့ ရုံးခန်းဆီပြောင်းလဲခဲ့ပြီး ကြီးမားတဲ့အောင်မြင်မှု ရဲ့အစကိုထင်ဟပ်ခဲ့တယ်။ ၂၀၁၀ ခုနှစ်မှာတော့ တစ်လကိုဝင်ရောက်ကြည့်ရှုမှုသန်း တစ်သန်း/ တစ်ထရီလီယံ/ တစ်ထောင်ဘီလီယံကျော်သွားခဲ့ပါတယ်။

ရုံးခန်းအသစ်ကတော့ အောင်မြင်မှုကြီးမားစွာရလာတဲ့ Facebook ကိုအကြာကြီးထမ်းပိုးမထားနိုင်ခဲ့ဘူး။ သူတို့ဟာ Oracle ရဲ့လက်အောက်ကိုကျရောက်ခဲ့တဲ့ Sun Microsystems ကုမ္ပဏီပိုင်တဲ့ရုံးခန်း ကျယ်ကျယ်ကို ၂၀၁၁မှာ ထပ်ပြီးရွှေ့ခဲ့ကြပြန်တယ်။  Facebook ဟာသူတို့ရဲ့နယ်မြေထဲက အဓိကလမ်းကိုတောင် “ဟက်ကာဝေးလို့အမည်ပေးထားပြီး ဇူကာဘတ်ရဲ့ “move fast and break things” ဆိုတဲ့ နာမည်ကျော်ဖီလိုဆိုဖီကိုအခြေခံထားတယ်။

၎င်းဟာ အဓိကနိုင်ငံရေးလှုပ်ရှားမှုပါဝါတစ်ခုအဖြစ်တောင်ပေါ်ထွက်လာခဲ့ပြီး ၂၀၁၁ ဖေဖော်ဝါရီမှာဖြစ်ပေါ် ခဲ့တဲ့ အီဂျစ်နိုင်ငံက အာဏာရှင်ဖြုတ်ချရေးလှုပ်ရှားမှုကြီးဟာ Facebook အပါအ၀င် ဆိုရှယ်နက်ဝပ်ဆိုက် များမှာစတင်ဖွဲ့စည်းဖြစ်ပေါ်လာခဲ့တာပါ။ အခြားတစ်ဖက်မှာလဲ ဇူကာဘတ်ကိုယ်တိုင်က နိုင်ငံရေး နယ်ပယ်ထဲကိုတစ်စစ၀င်ရောက်လာခဲ့ပြီး တစ်ကမ္ဘာလုံးကိုအင်တာနက်ရရှိစေနိုင်ဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တော်တော်များများနဲ့ တွေ့ဆုံစကားပြောခဲ့တယ်။

Facebook ဟာအမြဲတမ်းပဲ လိင်ခွဲခြားမှုရပ်တန့်ရေးနဲ့ လွတ်လပ်စွာလက်ထပ်နေထိုင်နိုင်ရေးကို ထောက်ခံခဲ့တဲ့ပြယုဒ်တစ်ခုလဲဖြစ်ပါတယ်။ ဆိုရှယ်နက်ဝပ်လုပ်ငန်းကြီးဟာ ရပ်တန့်လို့မရအောင်ကြီးထွားလာခဲ့ပြီး ၂၀၁၂ မေ၂၂မှာ ဒေါ်လာငါးဘီလီယံတန်တဲ့သမိုင်းဝင် Public offeringကို စတင်ခဲ့ပါတယ်။

အလားတူ ၂၀၁၂ မှာပဲ Facebook ၀န်ထမ်းတွေဟာ legendary “Little Red Book” ကိုလက်ခံရရှိကြတယ်။ ထိုစာအုပ်ထဲမှာ ကုမ္ပဏီရဲ့ဝန်ထမ်းအားလုံး တူညီတဲ့ခံယူချက်ရှိစေဖို့ ကြွေးကျော်ချက်တွေပါဝင်ပါတယ်။

၂၀၁၂ နှစ်ကုန်မှာတော့ ဇူကာဘတ်ဟာ သူ့ရဲ့များပြားလှတဲ့အလုပ်ချိန်တွေထဲကနေ ဟားဗက်တက္ကသိုလ်မှာထဲကချစ်ကျွမ်းဝင်ခဲ့တဲ့ချစ်သူ Priscilla Chan ကိုလက်ထပ်ဖို့စီမံနိုင်ခဲ့တယ်။
သူတို့ဟာအမြဲပဲတိုးတက်လာနိုင်ခြေရှိတဲ့ Startup ကုမ္ပဏီငယ်လေးတွေကိုစောင့်ကြည့်လေ့ရှိပြီး လုပ်ငန်းအတွက်အကျိုးရှိရင်၊ ဒါမှမဟုတ်သူတို့ကိုထိခိုက်ယှဉ်ပြိုင်လာနိုင်ရင်ဝယ်ယူလိုက်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဒေါ်လာတစ်ဘီလီယံနဲ့ Instagram ကိုဝယ်ယူခဲ့တာ နမူနာတစ်ခုဖြစ်ပြီး အခုအခါသုံးစွဲသူသန်းလေးရာကျော်ရှိနေပါပြီ။

နောက်တစ်ခုကတော့ Virtual Reality နည်းပညာကုမ္ပဏီ Oculus ဖြစ်ပြီး အစမှာတင် Facebook ဟာ ဒေါ်လာ၂ ဘီလီယံနဲ့ ၂၀၁၄ မတ်လမှာဝယ်ယူခဲ့ပြန်တယ်။
၂၀၁၄ ဖေဖော်ဝါရီမှာတော့ မိုဘိုင်းမက်ဆေ့ခ်ျဝန်ဆောင်မှု Whatapp ကို ဒေါ်လာ၁၉ဘီလီယံ ထိပေးပြီးဝယ်ယူခဲ့ပါတယ်။ ၄င်းရဲ့ ပူးတွဲတည်ထောင်သူတစ်ယောက်ဖြစ်တဲ့ Jan Koum ဟာ အခုအခါမှာတော့ Facebook ရဲ့ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်နေပြီး whatapp ဟာလည်သုံးစွဲသူ သန်းကိုးရာကျော်သွားပြီ။၂၀၁၄ ဖေဖော်ဝါရီမှာ ဆယ်နှစ်သားပြည့်တဲ့အချိန်မှာတော့ သုံးစွဲသူပေါင်း ၁.၂၃ ဘီလီယံကျော် လတိုင်းဝင်ရောက်နေတဲ့အဖြစ်ကိုရောက်ရှိလာခဲ့ပါပြီ။ သုံးစွဲသူအများစုဟာဖုန်းတွေနဲ့သုံးစွဲကြတာဖြစ်ပြီး ကမ္ဘာ့ရဲ့နည်းပညာလှိုင်းပြောင်းလဲသွားပေမယ့် Facebook ကတော့ဆက်ပြီးအောင်မြင်နေပါပြီ။

ဒီလိုတိုးပွားလာမှုကိုထောက်ပံ့ပေးနိုင်ဖို့သူ့ရဲ့ရုံးခန်းကိုထပ်ချဲ့ရပြန်တယ်။ အခုနှစ်မှာတင် Facebook ရဲ့ နယ်မြေအသစ်ကိုဖွင့်လှစ်ခဲ့ပြီး ၀န်ထမ်း ၂၈၀၀ ကျော်အတွက် နာမည်ကျော်ဗိသုကာပညာရှင် Frank Gehry  ကိုယ်တိုင်ဒီဇိုင်းဆွဲပေးထားတာပါ။

ဘာပဲဖြစ်ဖြစ် ကုမ္ပဏီဟာ ဇူကာဘတ်ရဲ့တစ်ကမ္ဘာလုံးကိုချိတ်ဆက်ပေးမယ့်မစ်ရှင်ထဲမှာပဲလည်ပတ်နေဦးမှာပါ။ Facebook ရဲ့ရင်းနှီးမြုပ်နှံသူတွေဆီပေးပို့တဲ့စာထဲမှာ ရိုးရှင်းစွာပြောရရင် ကျွန်တော်တို့ဟာ ပိုက်ဆံထုတ်လုပ်တဲ့ဝန်ဆောင်မှုကိုတည်ဆောက်နေတာမဟုတ်ဘူး။ ပိုကောင်းတဲ့ဝန်ဆောင်မှုကိုတည်ဆောက်ဖို့ပိုက်ဆံရှာနေတာဖြစ်တယ်လို့ ရေးသားထားတယ်။

မင်းသုနောင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment