အမဲခြောက်ကြော်၊ ဆူးပုတ်အာလူးဆီပြန်၊ ချဉ်စော်ကားသီးဟင်းရည်။











          ဒီတစ်ပတ်တော့ ပအို့တုင်းရင်းသားရိုးရာဟင်းလေးတွေပဲ ချက်စားကြတာပေါ့ဆွေမျိုးတို့ရာ အမဲ ခြောက်ကို တစ်နေလှမ်းမှာဆိုတော့ ဒီတစ်ခါပိတ်ရက်မှာ ညနေစာပဲကောင်းကောင်းဆွဲရတော့မှာပဲ သူတို့တွေ  ကျတော့ ညနေဘက်တောင်ယာကနေ ပြန်လာတဲ့အချိန် အလုပ်ပင်ပန်းလာ၊ အိမ်ပြန်ရောက်တော့ မောမောနဲ့ ဒီလိုဟင်းပူပူလေးချက်စားကြတာကိုး၊ ကိုယ်တွေလည်း အလည်ရောက်သွားတော့ သူတို့စားသလို လိုက်စား တာ ကောင်းမှကောင်းပဲဗျို့ အဲဒါကြောင့် ရန်ကုန်ပြန်ရောက်တော့ စားချင်သေးတာနဲ့ မယ်တော်မားသားဈေး သွားတော့ အရွက်ကြော်မပါတဲ့ အမဲသားရယ် ဆူးပုပ်နဲ့အာလူးရယ် ငရုတ်သီးစိမ်းနဲ့ နံနံပင်ရယ်မှာလိုက်တယ်။ ဟင်းရည်ချက်ဖို့လို့တဲ့ ချဉ်စော်ကားသီးခြောက်က အိမ်မှာအသင့်ရှိပြီးသားဆိုတော့ အေးဆေးပဲပေါ့နော်။ အခု ရန်ကုန်မှာလည်း  ချဉ်စော်ကားသီးခြောက်က လွယ်လွယ်ဝယ်လို့ရပြီဆိုတော့ ဆွေမျိုးတို့လည်း ချက်စားဖို့ အဆင်ပြေမှာပါ။
အမဲခြောက်ကြော်
          အမဲသားကို သူ့အမျှင်အတိုင်းမလှီးဘဲ အမျှင်ကိုကန့်လန့်လေး ပါးပါးလှီးထားပြီးရင် ငရုတ်သီးခွဲခြမ်း ဆား၊ သကြားနဲ့အရက်လေးနည်းနည်း ထည့်နယ်၊ ပြီးရင် ကြိုးလေးမှာသီပြီး ညနေထိလှမ်းထားရုံပါပဲ။ ညနေ ရောက်တော့ ဒီလိုရာသီဥတုနဲ့ဆို တော်တော်လေးခြောက်နေပြီလေ။ အဲ့တော့ ကြိုးကနေ အမဲသားခြောက်လေး တွေပြန်ဖြုတ် ဆီများများလေးနဲ့ကြော်လိုက်ရုံပေါ့နော်။ ဒါဆိုရင်တော့ အမဲသားခြောက်ကြော် မွမွကြွပ်ကြွပ်လေး နဲ့ ခပ်စပ်စပ်လေးဆိုတော့ စားကောင်းမှာ အသေအချာပဲပေါ့။

ဆူးပုတ်အာလူးဆီပြန်
          အာလူးလေးကို အခွံခွာ မထူမပါးလေးလှီးထား၊ ဆူးပုပ်ရွက်ကိုရင့်တာလေးတွေဖယ်ပြီး အနုလေးတွေ ကို ခြွေ၊ ရေစင်စင်ဆေး ရေစစ်ထား၊ ကြက်သွန်ဖြူလေး ဓားပြားရိုက်စဉ်းထားတာကို ဆီသတ်၊ နနွင်းမှုန့်လေးပါ နည်းနည်းထည့်၊ ပြီးရင် အာလူးထည့်ပြီးခပ်နာနာလေးလုံးပေး၊ ဆား၊ ကြက်သားမှုန့်လေးထည့်၊ ရေနည်းနည်း ချင်း ထည့်ပြီး နူးအောင်တည်၊ အာလူးနူးလာပြီ အရသာလေးလည်း အဆင်ပြေပြီ ဆီကျန်ရေကျန်အနေအထား လေးလည်း ရပြီဆိုရင် ခြွေထားတဲ့ ဆူးပုပ်ရွက်လေးအပေါ်ကနေအုပ်ပြီး မီးဖိုပေါ်ကနေချလိုက်ရုံပါပဲ။ ဆူးပုပ်ရွက် နံ့မွှေးမွှေးလေးနဲ့ အာလူးအရသာဆိမ့်ဆိမ့်လေးနဲ့ ဆိုတော့ စားလို့ကတော့ ကောင်းမှကောင်းပဲပေါ့နော်။
ချဉ်စော်ကားသီးဟင်းရည်
          နံနံပင်ကိုခြွေပြီး ရေစင်စင်ဆေး ရေစစ်ထား ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို ဓားပြားရိုက်ထား ချဉ်စော် ကားသီးခြောက်ရယ် ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူဓားပြားရိုက်ထားတာကို ပန်းကန်တစ်ခုထဲထည့် ဆား၊ သကြား၊ ကြက်သားမှုန့်လေးပါထည့် အပေါ်ကနေ ရေနွေးအဖြူဆူဆူလောင်းထည့်၊ နံနံပင်ထည့် ဒါဆိုရင်တော့ ချက်ရတာလွယ်ပြီး ခံတွင်းအရမ်းလိုက်တဲ့ ချဉ်စော်ကားသီးဟင်းရည်တစ်ခွက် ရပြီပေါ့နော်။
     အမဲသားမစားတဲ့သူတွေအတွက်ကျတော့ ၀က်လိုင်းသား၊ ကြက်ရင်ပုံသားလေးနဲ့ လုပ်စားလည်း အဆင်ပြေပါတယ်။
ဒီတစ်ပတ်ကတော့ ဒီလောက်ပဲချက်ရအောင်လား၊ ဆွေမျိုးတို့ရာ နောက်တစ်ပတ်မှ နောက်တစ် မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 

Share on Google Plus

0 comments:

Post a Comment