အခြားလူတွေ စိတ်အနှောင့်အယှက်မဖြစ်အောင် ဘယ်လိုမောင်းမလဲ









တစ်ခါတရံမှာ ကားမောင်းရင်းလမ်းရဲ့အကျယ်အ၀န်းကို တစ်ယောက်တည်း တွက်ချက်နေတတ်ပါ သလား။ ဒါမှမဟုတ် ကိုယ်က ကားတစ်စီးနဲ့ လမ်းမပေါ်မှာ အများငြိုငြင်ချင်စရာလူတစ်ယောက် ဖြစ်နေပြီလား။ ဒီလိုမျိုးဖြစ်နေပြီဆိုရင်တော့ ကားမောင်းချိန်မှာ အများကိုအနှောင့်အယှက် မဖြစ်စေအောင် ဆင်ခြင် သင့်ပြီလို့ သတိပေးရတော့မှာပါ။ ကားတစ်စီးကို လမ်းပေါ်မှာ သတိလက်လွတ်မောင်းနှင်တာဟာ လွယ်ကူတတ်ပေမယ့် နည်းစနစ်ကျကျနဲ့ စနစ်တကျပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်အောင် မောင်းနှင်နိုင်ဖို့ကတော့ အတော် လေး မလွယ်ကူတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီလိုမဖြစ်အောင် ဘာတွေ လုပ်ရမလဲ။ ကားမောင်းနှင်နေချိန်မှာ ကိုယ့်ကြောင့် ပတ်ဝန်းကျင်က လူတွေအနှောင့်အယှက်မဖြစ်အောင် ဘယ်လိုထိန်းသိမ်းနေထိုင်မလဲ။ စတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အကြံဥာဏ်ကောင်းပေးချင်ပါတယ်။

မျှတနေဖို့က အဓိက
တည်တည်ငြိမ်ငြိမ် မောင်းနှင်တတ်ဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ အရမ်းကြီး အရှိန် တင်မောင်းနှင်ဖို့ မလိုအပ်သလို တုံ့ဆိုင်းဆိုင်းလုပ်ပြီး မောင်းနှင်နေဖို့လည်း မလိုအပ်ပါဘူး။ လမ်းမပေါ်မှာ မောင်းနှင်နေချိန်တွေမှာ မမြန်လွန်း၊ မနှေးလွန်း မောင်းနှင်နေတတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ပုံမှန်မောင်းနှင် နေရင်း ဘာအကျိုးကျေးဇူးတွေရလာနိုင်သလဲလို့ အမေးရှိလာခဲ့ရင်တော့ ကားမောင်းနှင်နေသူအနေနဲ့ ဘယ်လို ပြဿနာမျိုးတွေဖြစ်လာနိုင်သလဲဆိုတာကို ကြိုပြီးဟောကိန်းထုတ်နိုင်စွမ်းရှိနေမှာဖြစ်တယ်လို့ ဖြေရပါလိမ့်မယ်။ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်ကိုပိုပြီး သတိထားစောင့်ကြည့်နိုင်စွမ်း ရှိလာမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က သာ ကားကိုအလျင်စလိုမောင်းနှင်နေမယ်ဆိုရင် ပတ်ဝန်းကျင်အပေါ်အာရုံစိုက်နိုင်စွမ်း လျော့နည်းသွားမှာ ဖြစ်သလို ကိုယ်နဲ့အတူလမ်းပေါ်မှာ ယှဉ်တွဲမောင်းနှင်နေသူတွေကိုပါ စိတ်အနှောင့် အယှက်ဖြစ်စေမှာဖြစ်လို့ သတိထားဆင်ခြင်သင့်တာပါ။ ဒီလိုအခြေအနေမျိုးမှာ နောက်ထပ် သတိထားရမှာ တစ်ခုကတော့ ယဉ်စီးကြောင်း က သာမန်အတိုင်း အစီအစဉ်ကျကျ ရွေ့လျားနေချိန်တွေမှာ မီးပွိုင့်တွေမှာ လည်း ကားပိတ်ခြင်းမရှိဘဲ ချောချော မွေ့မွေ့ လည်ပတ်နိုင်မယ်၊ အခြားကားမောင်းနှင်သူတွေကိုလည်း စိတ်အနှောင့်အယှက်မဖြစ်စေဘဲ အားလုံး အဆင်ပြေနေမယ်ဆိုတဲ့ အချက်ကိုဖြစ်ပါတယ်။

အခြားယာဉ်တွေကို မနှောင့်ယှက်နဲ့
အခြားနိုင်ငံတွေက အဝေးပြေးလမ်းမကြီးတွေပေါ်မှာ မောင်းနှင်နိုင်မယ့် အမြန်နှုန်းတွေသတ်မှတ်ထား ပြီး သတ်မှတ်ထားတဲ့မိုင်နှုန်းအတိုင်း မောင်းနှင်တာကိုဆိုလိုပါတယ်။ ဥပမာ တစ်နာရီကို (၁၀၅) ကီလိုမီတာ မောင်းနှင်နိုင်တဲ့ ကားလမ်းမကြီးပေါ်မှာ ကိုယ်က သတ်မှတ်ထားတဲ့ မိုင်နှုန်းထက်လျှော့မောင်းနှင်ပြီး အခြား သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတာကို ဆိုလိုတာပဲဖြစ်ပါတယ်။ တချို့လူတွေကတော့ သတ်မှတ် ထားတဲ့ လမ်းကြောင်းပေါ်မှာ မောင်းနှင်နေဖို့ထက် ညာလမ်းကြောင်းကိုယူပြီး မောင်းနှင်လိုတတ်ကြတာပါ။ ဒီလို အခြေ အနေမျိုးတွေမှာ စိတ်အနှောင့်အယှက်ဖြစ်စရာမျိုးတွေ ဖြစ်ပေါ်လာတတ်တာကြောင့် ကိုယ့်အနေနဲ့ ကားမောင်း နှင်တော့မယ်ဆိုရင် သတ်မှတ်ထားတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်း မောင်းနှင်သင့်ပါတယ်။

အချက်ပြဖို့ လိုတယ်
ကားမှာ အင်ဂျင်ပိုင်းဆိုင်ရာ ပြဿနာတစ်စုံတခုရှိနေတယ်ဆိုရင်တော့ အချက်ပြမီးဖွင့်ပြီးမောင်းနှင် တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကားက ကောင်းကောင်းမောင်းနှင်မရလို့ အရှိန်လျှော့မောင်း ရတဲ့အချိန်မျိုး မှာ စုံမီးဖွင့်ပြီးမောင်းနှင်တာ အခြားကားမောင်းသူတွေကို အကောင်းဆုံးသတိပေးထားခြင်းဖြစ်လို့ သူတို့ အတွက်လည်း အဆင်ပြေစေမှာဖြစ်သလို ကိုယ့်အတွက်လည်း အန္တရာယ်ကင်းကင်း မောင်းနှင်စေနိုင်မှာ ဖြစ်ပါ တယ်။

အရမ်းကပ်ပြီး မမောင်းနှင်ပါနဲ့

ကုန်တင်ကား၊ ထရပ်ကားလိုကားကြီးမျိုးတွေနောက်က မလိုအပ်ဘဲ အရမ်းကပ်မမောင်းနှင်သင့်ပါဘူး။ ဒါဟာ နှစ်ဦးနှစ်ဖက်စလုံးကို စိတ်အနှောင့်အယှက်အကြီးအကျယ် ဖြစ်စေသလို၊ အတော်လည်း အန္တရာယ် များ တဲ့အလုပ်ဖြစ်ကြောင်း ကောင်းကောင်းသိထားသင့်ပါတယ်။ တချို့ကားမောင်းသူတွေဟာ သာမန် အခြေအနေ တစ်ခုမှာထက် အရှိန်လျှော့မောင်းနှင်ရတဲ့ အချိန်မျိုးတွေမှာ ရှေ့ကားနောက် ကကပ်မောင်း တာမျိုးလုပ်တတ် လေ့ရှိပါတယ်။ တကယ်တော့ ဒီအပြုအမူဟာ ကောင်းမွန်တဲ့အပြုအမူတစ်ခုတော့ မဟုတ်ပါဘူး။ ရှေ့ကားက မောင်းနှင်နေသူရဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး မျှော်လင့်မထားတာတွေ အချိန်မရွေးဖြစ်ပေါ်လာတတ်တာ ကြောင့် အန္တရာယ်များတဲ့အလုပ်တစ်ခုဖြစ်ကြောင်း သတိထားမိဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ ကိုယ့်ရှေ့ က မောင်းနှင်နေတဲ့ကားက လိုအပ်တာထက်ပိုပြီး နှေးကွေးလေးလံနေတဲ့အချိန်မျိုးတွေမှာ ကိုယ်ကစိတ်မရှည် ဘဲ မီးခဏခဏထိုးနေတာမျိုး၊ ဟွန်းသံရှည်ဆွဲပြီးတီးနေတာမျိုးလည်း မလုပ်သင့်တာပါ။ တကယ်လို့ တစ်လမ်း မောင်းကားလမ်းပေါ်မှာ ရှေ့ကကားကို ကျော်တက်လိုရင်လည်း ရှေ့ကားလမ်းဘေးချပေးမယ့် အချိန်မျိုးကို အတိုင်းအတာ တစ်ခုအထိ စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းနိုင်ဖို့ပဲလိုအပ်မှာ ဖြစ်ပါတယ်။

မှန်တွေကို စစ်ဆေးပါ
နောက်ထပ်ပြုလုပ်ရမှာတစ်ခုကတော့ ကားမှန်တွေကို အမြဲတမ်းပြောင်လက်နေအောင် တိုက်ချွတ် ထားသင့်တာပါပဲ။ ကားမောင်းနှင်နေရသူတစ်ဦးအတွက် နောက်ကြည့်မှန်တွေအပါအ၀င် ကားမှန်တွေကို ကြည် လင်နေအောင် တိုက်ချွတ်ထားတာဟာ မရှိမဖြစ်ပြုလုပ်ထားဖို့လိုအပ်တဲ့ အရာတစ်ခုဆိုတာ မေ့မထားသင့်ပါ ဘူး။ နောက်ဆုံးအနေနဲ့ လိုအပ်တာတစ်ခုကတော့ ကားဘရိတ်ကိုအသုံးပြုချိန်မှာ လိုအပ်တာထက်ပိုပြီး အရှိန် သေသွားအောင် ဖိနင်းလိုက်တဲ့ အပြုအမူမျိုးကို ရှောင်ကျဉ်သင့်တာပဲဖြစ်ပါတယ်။ ရုတ်တရက် ကားဘရိတ်ကို ဆောင့်နင်းလိုက်ခြင်းက ကိုယ့်ကားအတွက်လည်းမကောင်းမွန်သလို ကိုယ့်နောက်က လိုက်ပါမောင်းနှင်နေသူ တွေအတွက်ပါ အန္တရာယ်မကင်းတဲ့အပြုအမူဖြစ်ကြောင်း သတိထားသင့်တာပါ။

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape
Share on Google Plus

0 comments:

Post a Comment