ပုစွန်ကင်မွန်းချဉ်ရွက်ကြော်၊ ပဲထောပတ်နှပ်၊ ဘူးသီးဟင်းခါး။












ဒီတစ်ပတ်မှာတော့ ရာသီဥတုပူပူလေးမှာ အရသာစုံစုံလင်လင်လေးနဲ့ စားလို့အဆင်ပြေမယ် ထင်တာ လေးတွေတွဲချက်လိုက်မယ် စိတ်ကူးတယ်။ မယ်တော်မားသား ဘာစားချင်လည်းမေးကြည့်တော့ ပဲထောပတ် လေးနှပ်တာစားချင်တယ်တဲ့။ အဲဒါဆိုလိုက်ဖက်သွားအာင် ပုစွန်နဲ့ကင်မွန်းချဉ်ရွက်ကို ချဉ်စပ်လေးကြော်မယ်၊ အရည်သောက်ကိုတော့ ဘူးသီးလေးကိုပဲ ငရုပ်ကောင်းလျှော့လျှော့လေးနဲ့ ဟင်းခါးလေးချက်လိုက်မယ်လေ၊ အဆင်ပြေမလားဆိုတော့ အဆင်ပြေတယ်ဆိုတာနဲ့ပဲ ဒီအတွဲအစပ်လေး အတိုင်းပဲချက်ဖြစ်လိုက်တယ်ပေါ့။ ရာသီဥတုကပူနေတော့ အကြာကြီးလည်းမီးဖိုနားချက်ရပြုတ်ရတာ အဆင်မပြေဘူးလေ။ ထုံးစံအတိုင်း မယ်တော်မားသားဈေးကပြန်လာလို့ ဈေးခြင်းတောင်းလေးချတာနဲ့ ကိုယ်ကချက်ဖို့ပြုတ်ဖို့ စပြင်ရတော့တာပေါ့။

ပုစွန်ကင်မွန်းချဉ်ရွက်ကြော်
ပုဇွန်လေးတွေအခွံခွာပြီး ပုစွန်ငံပြာရည်ထည့်၊ ခနနှပ်ထားတုန်း ကင်မွန်းချဉ်ရွက်လေးတွေခြွေ၊ ရေ ဆေးပြီးရေစစ်ထား၊ ကြက်သွန်နီနဲ့ ငရုပ်သီးခွဲခြမ်းမှုန့်ကို နနွင်းမှုန့် နည်းနည်းထည့်ပြီး မွှေးလာတဲ့ထိ ဆီသတ် ပေး၊ ပြီးမှ ခုနပ်ထားတဲ့ ပုစွန်လေးတွေထည့်လုံး၊ ကင်မွန်းချဉ်ရွက်လေးပါထည့်၊ ကင်မွန်းချဉ်ရွက်က အချဉ် ထွက်လာပြီဆိုရင် အရသာလေးမြည်းကြည့်၊ ချဉ်ငံစပ်လေးရပြီဆိုရင် ပိုမွှေးသွားအောင် ငရုပ်သီးစိမ်းလေးတွေ ပါဓါးပြားရိုက်ပြီး ထည့်လိုက်ရုံပေါ့နော်။ ဒါဆိုရင်တော့ ပုစွန်ကင်မွန်းချဉ်ရွက်ကြော် ချဉ်ငံစပ်လေးရပါပြီ။

ပဲထောပတ်နှပ်
ပဲကိုအခွံခွာရေပြန်ဆေးပြီး ရေစစ်ထား၊ ကြက်သွန်နီကိုမထူမပါးလှီးထား၊ ကြက်သွန်ဖြူကို ဓါးပြားရိုက်၊ စဉ်းထား၊ ကြက်သွန်နီကိုအရင်ကြော် ရွှေရောင်လေးသန်းလာရင် ပြန်ဆယ်ပြီးဆီစစ်ထား၊ ကြက်သွန်ဖြူ ဓါးပြားရိုက်ထားတာကို ဆီသတ်၊ စိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုရင် နနွင်းမှုန့်နည်းနည်းနဲ့ ရေစစ်ထားတဲ့ပဲတွေ ပါထည့်ပြီး ခပ်နာနာလေးလုံးပေးပြီးမှ ဆားလေးသင့်ရုံနဲ့ ရေနည်းနည်းချင်းထည့်ပြီး နူးအောင်တည်၊ နူးလည်းနူး၊ ဆီလည်းပြန်လာပြီဆိုမှ ခုနကဖယ်ထားတဲ့ ကြက်သွန်နီကြော်လေးတွေကို အပေါ်ကနေဖြူးပေးလိုက်ရင် အရသာရှိတဲ့ပဲထောပတ်နှပ် ချိုဆိမ့်လေးရပါပြီ။ 

ဘူးသီးဟင်းခါး
ဘူးသီးကိုအလယ်အူတွေဖယ်ပစ်ပြီး အတုံးသေးသေးတုံးထား၊ ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်း ကိုရောပြီး ထောင်းထား၊ ပုစွန်လေး လေးငါးကောင်ကို မညက်တညက်လေး လက်နဲ့ခြေထား၊ ဆီပူလာရင် ပုစွန်ခြေထား တာလေးကို ပုစွန်ငံပြာရည်လေးထည့်၊ ဆီသတ်ပြီးရင် ရေထည့်ပြီး ဆူလာအောင်တည်၊ ရေဆူလာမှ ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းထောင်းထားတာကိုထည့်၊ ခနနေမှ ဘူးသီးလေးတွေထည့်ပြီး နူးနေအောင်တည်၊ ဘူးသီးလေးတွေနူးလို့ အရသာစိတ်ကြိုက်ရပြီဆိုရင်တော့ ပုစွန်ကင်မွန်းချဉ်ရွက် ကြော်ချဉ်စပ်လေးရယ်၊ ပဲထောပတ်နှပ် ချိုဆိမ့်လေးရယ်နဲ့တွဲစားလို့ အဆင်ပြေမှာသေချာတဲ့ ဘူးသီးဟင်းခါးပူပူမွှေးမွှေးလေးတစ်ခွက် ရပြီပေါ့။ 

ဒီတစ်ပတ်ကတော့ ဒီလောက်ပဲချက်ရအောင်လား၊ ဆွေမျိုးတို့ရာ နောက်တစ်ပတ်မှ နောက်တစ် မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment