ကြာစွယ်ကြော်၊ ငါးဖယ်သုပ်၊ ကျောက်ဖရုံသီးဟင်းခါး









ရာသီကလည်းအရမ်းပူလာပြီဆိုတော့ ဆီပြန်ဟင်းတွေ၊ အသားဟင်းတွေစားရတာ သိပ်မစားချင်ဖြစ် လာတယ်။ မယ်တော်မားသားက အသက်ကြီးတဲ့သူဆိုတော့ ပိုဆိုးတာပေါ့နော်။ ပူတဲ့ရာသီမှာ ၀မ်းအေးတဲ့ ဟင်းလေးနဲ့ ခံတွင်းလိုက်ပြီး စားကောင်းစေမယ့် ဟင်းလေးတွေပဲ တွဲစားရတာအဆင်ပြေမယ်ထင်တာပဲ။

အသားပါမှ ငါးပါမှဆိုတာတွေထက်ပေါ့။ ဆွေမျိုးတို့လည်းသိပြီးသားနေမှာပါ ကြာစွယ်ကအဟာရ တန်ဖိုးလည်းမြင့် ပူတဲ့ရာသီဥတုနဲ့လည်း အရမ်းအဆင်ပြေတဲ့ ဟင်းတစ်ပွဲဖြစ်စေတယ်ဆိုတာကိုလေ။ ဒီတစ် ပတ်တော့ ကြာစွယ်ကိုဘာအသားမှမပါဘဲ ဒီတိုင်းအချိုလေးကြော်လိုက်မယ်။ ခံတွင်းလိုက်ပြီး စားကောင်းမယ့် ဟင်းအတွက်ကတော့ ငါးဖယ်သုပ်လေးပဲ ချိုချဉ်ငံစပ်လေးသုပ်လိုက်မယ်။ 

အရည်သောက်ကိုတော့ ငါးဖယ်သုပ်လေးနဲ့ လိုက်ဖက်မယ့်ကျောက်ဖရုံသီးကို ဟင်းခါးလေးချက် မယ်။ ဆွေမျိုးတို့ကိုအကြံတစ်ခုတော့ ပေးချင်တယ်။ အခုကျွန်တော်တို့ ရင်ဆိုင်ရတော့မယ့်နွေ ရာသီ ပူလောင်မှုကို ရင်ဆိုင်ဖို့အတွက်ပါ။ ကျောက်ဖရုံသီးက အပူငြိမ်းစေတယ်။ ခန္ဓာကိုယ်ရဲ့ အနံ့အသက်ကို လည်းလျော့စေတယ်လေ။ အဲဒီတော့ ကျောက်ဖရုံသီးလေးကို ဒိုဘာလာသကြားခဲလေးထည့်၊ အရသာလေး ပိုကောင်းသွားအောင် ဆားလေး ငရုတ် ကောင်းစေ့လောက်ထည့်ပြီး ရေလေးသင့်ရုံထည့်၊ နူးအောင်ပြုတ်ပြီး အအေးခံထား ပိုအေးအေးလေး သောက် ချင်ရင်တော့ ရေခဲသေတ္တာထဲကိုထည့်ထားပြီးသောက်ပေးပေါ့နော်။

အသက်ကြီးတဲ့သူတွေအတွက် အရမ်းအဆင်ပြေတဲ့အပူဒဏ်ရင်ဆိုင်နည်းလေးပေါ့။ ကျွန်တော်ကတော့ နွေရာသီအပူရှိန်မြင့်လာတဲ့အခါတိုင်း မယ်တော်မားသားအတွက် လုပ်ပေးဖြစ်တယ်ဗျ။ ကိုယ်လည်းနေပူထဲ သွားတာများတဲ့ရက်ဆို သောက်ဖြစ်တယ်လေ။ အကုန်အကျလည်းသက်သာ အပူဒဏ်လည်းခံနိုင် ရင်လည်း အေးတာပေါ့။ ချက်ရေးပြုတ်ရေးလေးစလိုက်ကြရအောင်လေ။ ပြောတာလေးတွေလည်းများနေပြီ ဆိုတော့…

ကြာစွယ်ကြော်
ကြာစွယ်အခွံပါးလေးကို အသားမပါအောင်အသာလေးဓားနဲ့ လွှာထုတ်လိုက်မယ်။ အသားများများပါ သွားတော့လည်း နှမျောဖို့ကောင်းသလို အခွံမှေးပါးလေးကျန်နေပြန်တော့လည်း ကြာစွယ်ကဖြူဖြူလေး မနေတော့ဘဲ ခရမ်းရောင်လိုပေါက်ပြန်ရောဗျ။ ဒီတော့ဒါလေးတစ်ခုတော့ ဂရုစိုက်လုပ်ပေးလိုက်ပေါ့နော်။ မထူမပါးလှီး၊ ရေထဲဆားလေးနည်းနည်းထည့်ပြီး ဆယ်မိနစ်လောက်စမ်ထား ပြီးမှရေသေချာပြန်ဆေးပြီး ရေစစ်ထား။ ကြက်သွန်ဖြူလေးဓားပြားရိုက်စဉ်းထားတာကို ဆီသတ်၊ စိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုမှ ကြာစွယ်နဲ့ခရုဆီ ဆား၊ သကြား၊ ကြက်သားမှုန့် ပဲငံပြာရည်အကြည်လေး သင့်တော်ရုံထည့် ခနလုံးပေး ပြီးမှ ရေလေးနည်းနည်းထည့်ပြီး နူးရုံလေးတည်။ ရေလေးခမ်းပြီးနူးလာပြီဆိုမှ အရသာအပေါ့ အငန်လေးမြည်းကြည့်။ ချိုငံမွှေးလေးဖြစ်လာပြီဆိုရင် ချက်ရတာလည်းလွယ်၊ စားလို့လည်းကောင်းညပီး အဟာရလည်းဖြစ်တဲ့ကြာစွယ် ကြော်ဟင်းတစ်ပွဲရပါပြီ။ ချက်တဲ့အခါ နည်းနည်းသတိထားရမှာက သူကအငန်ကြောက်တော့ အရမ်းငန်မသွား စေအောင်ပါ။

ငါးဖယ်သုပ်
ငါးဖယ်သုပ်ဖို့အတွက်ကတော့ မယ်တော်မားသားထုံးစံအတိုင်း ကိုယ့်မျက်စေ့ရှေ့မှာ ခြစ်တာလေး ကိုစောင့်ဝယ်လာတဲ့ ငါးဖယ်ခြစ်စစ်စစ်လေးကို ဂျင်းနည်းနည်းနဲ့ ကြက်သွန်ဖြူတစ်တက်လောက်ကိုညက် အောင်အရင်ထောင်းထားတဲ့အထဲထည့်ပြီး အစေးပေါက်လောက်တဲ့ထိထောင်း။ ပုဇွန်ငံပြာရည်လေး ကိုင်ပြီး ထောင်းပြီးသားငါးဖယ်ခြစ်လေးကို စိတ်ကြိုက်အရွယ်လေးတွေရအောင်ဆုပ်ပေး။ ပုဇွန်ငံပြာရည်လေးနဲ့ ကိုင် လိုက်တော့ အပေါ့အငန်အတွက်လည်း အဆင်ပြေပြီးသားဖြစ်၊ လက်လည်းမကပ်တော့ဘဲ အဆင်ပြေသွား တာပေါ့။ ပြီးမှ အပူရှိန်အသင့်အတင့်လေးနဲ့ ငါးဖယ်ဆုပ်လေးကိုကြော်လိုက်ရုံပါပဲ။ ခရမ်းချဉ်သီး ဂေါ်ဖီနဲ့ ကြက်သွန်နီကို မထူမပါးလှီး ငါးဖယ်သုပ်နဲ့အရမ်းလိုက်တဲ့ရှောက်ရွက်ကိုတော့ ပါးပါးလေးလှီးထား၊ အစပ်လေး လည်း ထည့်မှာဆိုတော့ ငရုတ်သိးစိမ်းလေးလည်း ပါးပါးလှီးထားပေါ့နော်။ ဆီချက်ကတော့အိမ်မှာအရံသင့် ဆောင်ထားနေကျဆိုတော့ ထပ်ချက်စရာမလိုတော့ပါဘူး။ ခနက လှီးထားတဲ့ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းကို မြေပဲလှော်ထောင်းမှုန့် သံပုရာရည် ပုဇွန်ငံပြာရည် သကြားထည့်ပြီးနယ် ဆီချက်အရည် လေးပါထည့်။ အရသာကချိုချဉ်ငံစပ် စိတ်ကြိုက်ရပြီဆိုမှ ကြော်ထားတဲ့ငါးဖယ် ငါးဆုပ်ကြော်လေးတွေကို ညှပ်ထည့် ရှောက်ရွက်လှီးထားတာလေးပါထည့်နယ်။ နောက်ဆုံးကျမှအပေါ် ကနေဆီချက်ဖတ်လေးတွေဖြူး ပေး။ ဒါဆိုရင်တော့ ထမင်းနဲ့တွဲစားရင် ခံတွင်းမြိန်စေမယ့် ငါးဖယ်သုပ်လေးတစ်ပွဲရပါပြီ။ 

ကျောက်ဖရုံသီးဟင်းခါး
ကျောက်ဖရုံသီးဟင်းခါးကတော့ လွယ်ပါတယ်။ ကျောက်ဖရုံသီးကိုအခွံခွာ ရေစင်စင်ဆေးပြီး အနေတော်တုံးထား။ ပုဇွန်ခြောက်ကို မညက်တညက်ထောင်းထား၊ ငရုတ်ကောင်းနဲ့ကြက်သွန်ဖြူ ထောင်းထား။ ရေကိုအရင်ဆူအောင်တည်။ ရေဆူလာမှငရုတ်ကောင်းနဲ့ကြက်သွန်ဖြူ ရောထောင်းထားတာနဲ့ ပုဇွန်ခြောက် ထောင်းထားတာထည့် ပုဇွန်ငံပြာရည်ထည့်  ခနတည်ထား။ ပြီးမှကျောက်ဖရုံသီး လှီးထားတာကိုထည့်။ ကျောက်ဖရုံသီးနူးလာပြီဆိုရင် အရသာမြည်းကြည့်။ ငရုတ်ကောင်းနဲ့ကြက်သွန်ဖြူနံ့ မွှေးမွှေးပူပူလေးနဲ့ ပုဇွန်ခြောက်နဲ့ ကျောက်ဖရုံသီးအရသာချိုချိုလေးနဲ့ သောက်လို့ကောင်းမှာသေချာတဲ့ ကျောက်ဖရုံသီးဟင်းခါး လေးရပြီပေါ့။ ဒီတစ်ပတ်တော့ဒီလောက်ပဲချက်ကြတာပေါ့ ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်မှ နောက်တစ်မျိုး ချက်ဖို့ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေ ပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment