ငါးဖယ်အောင်းဆားနယ်ကြော်၊ သရက်ချဉ်သုပ်၊ ပဲနီလေးဟင်းချို









ဒီတစ်ပတ်တော့ သွားစရာလာစရာများနေလို့ မယ်တော်မားသားက ကြိုတင်စီစဉ်ပေး ထားတာလေး ပဲ ချက်ဖြစ်တယ်။ ရာသီဥတုကလည်း မိုးအကုန်ဆောင်းအကူးဆိုတော့ နေတာစားတာကလည်း ဆင်ခြင်နေရ သေးတယ်လေ။ အဓိကဟင်းကိုတော့ ငါးဖယ်အောင်းဆားနယ်လေးပဲ ကြော်လိုက်မယ်။ မယ်တော်မားသားရဲ့ ထုံစံအတိုင်း ငါးဆယ်နယ်ကိုလည်းတစ်ရက်ကြိုပြီး ကိုယ်တိုင်လုပ်ပေးထားတယ်လေ။ 
ငါးဖယ်အောင်းဆားနယ်ကြော်
ငါးဖယ်အောင်းအရွယ်တော်လေးတွေကိုဝယ်ပြီး ဗိုက်ထဲကမလိုတာတွေဖယ်အကြေးကိုတော့ စင် အောင်မထိုးပဲ နည်းနည်းမွှန်းပြီး တစ်ညသိပ်လောက်ဆားလေးနဲ့ထပ်ထား နောက်နေ့မနက်ရောက်တော့မှ ရေလေးစင်အောင်ဆေးပြီး ကြော်လိုက်ရုံပေါ့နော်။ တွဲစားဖို့ငရုတ်သီးတောင့်လေးလည်း နည်းနည်းကြော်ထား လိုက်တယ်ပေါ့။ ငါးဆားနယ်တွေထဲမှာတော့ ငါးဖယ်အောင်းဆားနယ်ကို အကြိုက်ဆုံးပဲ။ သူက အကြေးခွံလေး တွေမပါတော့ စားလိုက်ရင်ကြွပ်ကြွပ်လေးနဲ့ မညှီဘူးလေ။ 
သရက်ချဉ်သုပ်
သူနဲ့လိုက်ဖက်အောင်လို့ အသုပ်ကိုတော့ သရက်ချဉ်လေးပဲ သုပ်စားမယ်စဉ်းစားတယ်။ ရာသီပေါ် မဟုတ်ပေမယ့် အခုကတော့ ရာသီတိုင်းစားနေရပြီလေ။ ကိုယ်တိုင်လုပ်တာမဟုတ်တော့ ရေတော့သေချာ ဆေးမှဖြစ်မယ်နော်။ ရေစင်စင်လေးပြန်ဆေးပြီး ရေကုန်အောင်ပြန်သေချာညှစ်ထား မြေပဲနဲ့ပုဇွန်ခြောက်ကို မညက်တညက်လေးထောင်းထား။ ပုံမှန်ဆိုရင်တော့ ငရုတ်သီးစိမ်းနဲ့ သုပ်တာများပေမယ့် ဒီတစ်ခါကိုတော့ ငါးဆားနယ်ကြော်လေးနဲ့ စားဖို့ကြော်ထားတဲ့ငရုတ်သီးကြော် မွှေးမွှေးလေးရှိနေတော့ အဲဒါလေးကိုပဲ ထောင်း ထည့်လိုက်တော့မယ်။ ရေစင်စင်ရေညှစ်ထားတဲ့ သရက်ချဉ်ထဲကို ပါးပါးလှီးထားတဲ့ ကြက်သွန်နီ မညက် တညက်ထောင်းထားတဲ့ မြေပဲနဲ့ပုဇွန်ခြောက်မှုန့်လေးရယ်၊ ငါရုတ်သီးကြော်ထောင်းထားတာလေး ရယ်။ မြေပဲ ဆီမွှေးမွှေးလေးရယ်ထည့်ပြီး နယ်လိုက်ရုံပေါ့နော်။ အငံကိုတော့ မြည်းကြည့်ပြီးမှ ထည့်တာပိုကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သရက်ချဉ်မှာအငံကျန်နေဦးမှာဖြစ်လို့ပါ။ အချိုလိုရင်တော့သကြားလေးနည်းနည်း ထည့်လိုက်ရုံပေါ့။ ဒါဆိုရင်တော့ ငါးဖယ်အောင်းဆားနယ်ကြော်လေးနဲ့လိုက်ဖက်မယ့် သရက်ချဉ်သုပ်လေး ရပါပြီ။ 
ပဲနီလေးဟင်း
ပိုပြီးစားရတာအဆင်ပြေသွားအောင် အရည်သောက်ကိုတော့ ချက်ရလွယ်မယ့် ပဲနီလေးဟင်းချိုလေးပဲ ချက်ကျတာပေါ့နော်။ ပဲနီလေးကိုခဲသလဲလေးတွေစင်အောင်ရွေး ရေဆေးပြီး ရေခဏစစ်ထား။ ကြက်သွန်နီ မထူမပါးလှီးထားတာလေးတွေကို ရွှေရောင်သန်းရုံလေးကြော်ပြီး ပြန်ဆယ်ထား။ ဂျင်းနဲ့ကြက်သွန်ဖြူထောင်း ထားတာလေးကို နနွင်းမှုန့်လေးနည်းနည်းထည့်ပြီး ဆီသတ်စိမ်းနံ့ပျောက်လို့ မွှေးလာပြီဆိုရင် ခုနကစစ်ထားတဲ့ ပဲနီးလေးပါထည့်ပြီး ခပ်နာနာလေးလုံးပေး ပြီးရင်ဆားလေးနည်းနည်းနဲ့ ရေထည့်ပြီးနူးအောင်တည် ပဲနီလေး နူးလာပြီဆိုရင် ရေသင့်တော်ရုံထည့်ပြီး အရသာမြည်းကြည့် လိုအပ်ရင်တော့ ကြက်သားမှုန့်လေးထည့်လိုက် ပေါ့နော်။ အရသာလည်းအဆင်ပြေ အပျစ်အကျဲလေးလည်း စိတ်တိုင်းကျပြီဆိုရင် ခုနကကြော်ပြီးဆီစစ်ထားတဲ့ ကြက်သွန်နီကြော်လေးအုပ်လိုက်ရုံပါပဲ။ ဒီတစ်ပတ်တော့ ငါးဖယ်အောင်းဆားနယ်ကြော်လေးရယ် သရက်ချဉ် သုပ်လေးရယ် ပဲနီလေးဟင်းချိုရယ်နဲ့ မိသားစုထမင်းဝိုင်းမှာ စားကောင်းမှာအသေအချာပဲပေါ့ ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ဆုံးဖြတ်ကြတာပေါ့ အားလုံးပျော်ရွှင်ကြပါစေ။
Royal


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment