ပွင့်လင်းရာသီလည်းရောက်လာတော့
ကမ်းခြေမှာသွားပျော်ကြေတဲ့ သူတွေလည်းပျော်နေကြပြီပေါ့ နော်။ ရခိုင်ဘက်ကပင် လယ်ကမ်းခြေ၊ ငါးဖမ်းဆိပ်ကမ်းလေးကို
သွားလည်ဖြစ်တုန်းက ချက်ကျွေးလိုက်တာ လေးတွေတော့ သတိရမိတယ်။ ငါးဖမ်းဆိပ်ကမ်းဆိုတော့
ငါးကပေါမှပေါလေ။ လတ်တာလည်း ပြောမနေနဲ့ ကိုယ်တွေက ဧည့်သည်ဆိုတော့ ကောင်းကောင်းမွန်မွန်ချက်ကျွေးကြတယ်ပေါ့ဗျ။
အရင်ဆုံး ငါးကင်လေး အကြောင်းပြောလိုက်တယ်။ ငါးကင်ဆိုပေမယ့် မြို့ကလိုကင်ထားတာတော့မဟုတ်ဘူးပေါ့။
ငါးကင်
ပလာတူးငါးအကောင်ကြီးကြီးကို
ခေါင်းနဲ့အထဲက ကလီစာတွေဖယ် တစ်ဘက်ကိုနှစ်ခြမ်းစီလောက် မွှန်း၊ ၀ါးတုတ်တံအချွန်လေးမှာထိုးထား။
ပြီးရင် မန်ကျဉ်းသီးစိမ်း၊ ငရတ်သီးစိမ်းနဲ့ ပုဇွန်ငါးပိလေး ကိုရောထောင်း ထားတာနဲ့ အသေချာငါးကိုနယ်၊
နနွင်းမှုန့်လေးပါနည်းနည်းထည့်နယ်ပြီးမှ ထင်းမီးဖိုဘေး နားမှာ ငါးကိုထိုးထား တဲ့ တုတ်တံလေးကိုစိုက်ထားလိုက်တာပါပဲ။
တစ်ဖက်ကျက်မှ တစ်ဖက်လှည့်ပေး လိုက်ရုံပေါ့။ မီးဖိုနားလည်း အရမ်းကပ်မထားပဲနဲ့ မနီးမဝေးလေးမှာ
ငါးကင်တံကိုထားထားတာဆိုတော့ နဲနဲတော့ကြာတာပေါ့။ ဒါပေမဲ့ ကျက်တဲ့အခါကျတော့ ငါးကလည်းလတ်တော့ချိုမှချို။
မန်ကျဉ်းသီးစိမ်းအချဉ် အရသာလေးရယ်၊ ငရုတ်သီးစိမ်း အရသာအစပ်လေးရယ်၊ ပုဇွန်ငါးပိကချိုငံအရသာလေးရယ်
ပေါင်းထားပြီး ငါးကင်အနံ့လေးကလည်း တစ်မျိုးလေးမွှေးနေတော့ စားလို့ကတော့ကောင်းမှကောင်းပေါ့နော်။
ဘာ Sauce နဲ့မှတွဲစားစရာကိုမလိုတော့ ဘူး။ သူ့အရသာနဲ့သူ ချိုချဉ်ငံစပ်လေးနဲ့ မွှေးမွှေးလေးပေါ့။
ပြည်ကြီးငါးအစိမ်းသုပ်
နောက်တစ်မျိုးကတော့
ပြည်ကြီးငါးအစိမ်းသုပ်ပါ။ ပြည်ကြီးငါးကို ခေါင်းပိုင်းနဲ့ အထဲကကလီစာတွေ ဖယ်ပြီးမှ အပေါ်ယံအရေအခွံကိုနွာ
ရေနဲ့သုံးခါလောက်ဖွေးနေအောင်ဆေးပြီးမှ ပါးပါးလေးလှီး ရှောက်ရည် လေးနဲ့ ဆယ်မိနစ်လောက်နပ်ထား။
သုပ်မယ့်အဆာကတော့ ထုံးစံအတိုင်းငရုတ်ကောင်း၊ ငရုတ်သီးစိမ်း၊ မန်ကျဉ်းသီးစိမ်း၊ နောက်ပြီးတော့
မီးပြထားတဲ့ပုဇွန်ငါးပိနည်းနည်းကိုရောပြီး ထောင်းထားတာနဲ့ နယ်လိုက်တာ ပေါ့။ နံနံပင်လေးပါထည့်လိုက်တော့
မွှေးမွှေးလေးဖြစ်ပြီး စားလို့ကတော့အရမ်းကောင်းပေါ့။ အဓိကအချက် ကတော့ ကင်းမွန်ကလတ်ဖို့လိုတယ်လေ။ မလတ်ရင်တော့ လုံးဝစားဖို့
မစဉ်းစားနဲ့တော့။
ဂဏန်းကြော်
နောက်တစ်မျိုးကတော့
ဂဏန်းကြော်ပါ။ ဂဏန်းကြော်ဆိုပေမယ့် ဂဏန်းကိုအကောင်လိုက်ကြော် ထားတာတော့မဟုတ်ဘူးဗျ။
ဂဏန်းအကောင်သေးလေးတွေကို အခွံခွာပြီးရင်ဆုံထဲထည့်ပြီး ညက်အောင် ထောင်း၊ ပြီးမှအဖက်တွေကို
သေချာစစ်ထုတ်လိုက်ပြီး အရည်ကို ကြက်ဥချက်ကြော်သလို ကြော်ပေးထားတာ။ ချဉ်စပ်ဟင်းတွေစားလို့စပ်လာရင်
အချပ်လိုက်ရအောင်ကြော်ထားပေးတဲ့ ဂဏန်းကြော်လေးစားလိုက်ရုံပေါ့လေ။
ငါးသောက်ဆမ်း
အရည်ကိုတော့ ငါးသောက်ဆမ်းလေး ချက်ထားပေးတယ်။
ရေကိုဆူအောင်အရင်တည် ဆူလာရင် ပုဇွန်ငါးပိ၊ ကြက်သွန်ဖြူဓားပြားရိုက်နဲ့ နနွင်းမှုန့်ထည့်ပြီးရင်
ငါးရုတ်သီးစိမ်းထောင်းထားတာထည့်ပြီးမှ သေချာ စင်းပြီးတုံးထားတဲ့ ငါးထည့်စားခါနီးကျမှ
သံပုရာရည်လေးညှစ်ထည့်။ နံနံပင်လေးအုပ်လိုက်တယ်။ သူများတွေ ကမ်းခြေမှာ သွားလည်ကြတာတွေ့ရင်
ကိုယ်သွားလည်ခဲ့တဲ့ကမ်းခြေက ငါးဖမ်းဆိပ်ကမ်းရွာလေးမှာ ချက်ကျွေး လိုက်တာလေးကို အမြဲသတိရနေတယ်။
ဆွေမျိုးတွေလည်း ရာသီပြောင်းလေးမှာ ရခိုင်စာချဉ်ချဉ်စပ်ဟင်းလေး တွေ ချက်စားကြည့်ပေါ့နော်။
ရာသီပြောင်းချိန် လူကထိုင်းထိုင်းမိုင်းမိုင်းဖြစ်နေချိန်မျိုးဆို စားပြီးသွားရင် လူလည်းချွေးတွေ
ဘာတွေထွက်လာပြီး လန်းဆန်းသွားရော ဒီတစ်ပတ်ကတော့ ဒီလောက်ပဲပေါ့ပဲပေါ့ဆွေမျိုး တို့ရေ။
နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတောပေါ့။ အားလုံးပဲ အဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment