ငါးနီတူခြောက်နှပ်၊ ၀က်ဆီဖတ်ကိုက်လန်ကြော်၊ ဂေါ်ရခါး ညွှန့်ဟင်းရည်။











ရာသီဥတုကြီးက အန်နီညိုကြောင့် ပူပူလောင်လောင် ဆီပြန်ဟင်းတွေမပြောနဲ့ ကြည့်တောင် မကြည့်ချင်ဘူးလို့ ငြီးတွားနေတဲ့ Shape ပရိသတ်ကြီးအတွက် ဒီတစ်ပတ် ငါးနီတူခြောက်လေးကို ချဉ်စပ် လေးနှပ်မယ်။ မယ်တော်မားသား စားချင်နေတဲ့ဟင်းလေးပေါ့။ အသီးအရွက်ကိုတော့ကိုက်လန်ကို ၀က်ဆီ ဖတ် လေးနဲ့ကြော်လိုက်မယ်၊ အရည်သောက်ကိုတော့ ဂေါ်ရခါးညွှန့်လေးကိုပဲ အရည်သောက်လေး ချက်လိုက် တော့မယ်။ မယ်တော်မားသား ဈေးသွားနေတုန်း အိမ်မှာလုပ်စရာရှိတာလေးတွေ ကြိုလုပ်ထားလိုက်မယ်။

ငါးနီတူခြောက်နှပ်
ငါးနီတူလေးတွေကိုခေါင်းနဲ့ ဗိုက်ပါခြွေထားလိုက်မယ်၊ ဗိုက်ကချက်တဲ့အထဲပါရင် ခါးတော့ ခြွေတဲ့အ ခါ ဗိုက်ပါပါအောင် သတိထားခြွေရမယ်ပေါ့နော်။ ပြီးရင်ရေစင်စင်ဆေး၊ ရေပြန်စစ်ထား၊ ကြက်သွန်ဖြူနှစ် တက် လောက်ရယ် ကြက်သွန်နီရယ် ငရုပ်သီးခွဲခြမ်းရယ်ကို နည်းနည်းအစေးပေါက်အောင် အရင်ထောင်း ထား လိုက် မယ်၊ ဒါမှ ဆီသတ်တဲ့အခါ ဆီသတ်လို့ကောင်းတာပေါ့။ ဆီပူလာရင် ခုနကထောင်းထား တာတွေကို နနွင်းမှုန့် လေး နည်းနည်းထည့် ဆီသတ်၊ မွှေးလာပြီဆိုမှရေစစ်ထားတဲ့ ငါးနီတူခြောက်လေးတွေထည့်၊ ငါးငံပြာရည်ပါ သင့်ရုံထည့်ပြီး ခပ်နာနာလေးလုံးပေး၊ ပြီးရင် ရေနည်းနည်းချင်းထည့်ပြီး နူးအောင်တည်ထား၊ နူးလာပြီဆိုမှ မန်ကျည်းမှည့်ရေလေးထည့်ပြီး ဆီပြန်ခပ်ခြောက်ခြောက်လေးဖြစ်လာမှ မယ်တော်မားသားဈေးကနေပြန် ရောက်လို့ ပါလာတဲ့နံနံပင် ရေဆေးရေစစ်ထားတာလေးထည့်လိုက်ရင် ငါးနီတူခြောက်နှပ်ချဉ်ချဉ် စပ်စပ်မွှေးမွှေး လေးရပြီပေါ့။

ဝက်ဆီဖတ်ကိုက်လန်ကြော်
ဝက်ဆီဖတ်ကို အနေတော်လေးတွေတုံးထား၊ ကိုက်လန်ကို ခြွေပြီးသေချာရေဆေးထား၊ ကြက်သွန်ဖြူ ကို ဓါးပြားရိုက်ပြီးစဉ်းထား၊ ကြက်သွန်ဖြူကို အရင်မွှေးလာတဲ့အထိ ဆီသတ်ပြီးမှ ၀က်ဆီဖတ်ထည့်။ ကိုက်လန်ထည့်။ ခရုဆီနဲ့ ပဲငံပြာရည်ထည့်။ သကြားနဲ့ဆားလေးပါ သင့်ရုံထည့်လိုက်ရင် ၀က်ဆီဖတ် ကိုက်လန် ကြော် ချိုချိုလေးရပါပြီ။

ဂေါ်ရခါးညွှန့်ဟင်းရည်
ဂေါ်ရဂါးညွှန့်ကိုအနေတော်ခြွေ ရေသေချာဆေး၊ ရေစစ်ထား၊ ကြက်သွန်ဖြူနှစ်တက်လောက်ကို ဓါးပြား ရိုက်ထား၊ ရေကိုအရင်ဆူလာအောင်တည်၊ ကြက်သားမှုန့်၊ ဆား၊ သကြားသင့်ရုံထည့်၊ ကြက်သွန်ဖြူဓါးပြားရိုက် ထားကိုထည့်၊ အရသာချိုချိုငံလေးနဲ့စိတ်ကြိုက်ရပြီဆိုမှ ဂေါ်ရဂါးညွှန့်လေးထည့် ငရုတ်သီးစိမ်းလေးဓါးပြား ရိုက်ထားတာထည့်လိုက်ရင် ဂေါ်ရဂါးညွှန့် ဟင်းရည်ချိုစပ်လေးအဆင်ပြေပီပေါ့။ 

ငါးနီတူခြောက်နှပ် ချဉ်စပ်မွှေးမွှေးရယ်၊ ၀က်ဆီဖတ်ကိုက်လန်ကြော် ချိုချိုလေးရယ်၊ ဂေါ်ရဂါးညွှန့် ဟင်းရည် ချိုစပ်လေးရယ်နဲ့စားလို့ ကောင်းမှာကတော့ အသေအချာပဲပေါ့နော်။

ဆွေမျိုးတို့လည်း မိသားစုထမင်းဝိုင်းလေးမှာ အရသာစုံစုံလေးနဲ့ ထမင်းစားလို့မြိန်ကြပါစေလို့ ဆု တောင်းလိုက်ပါတယ်။

နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment