ဒီတစ်ပတ်ကတော့
မယ်တော်မားသားကိုဈေးမမှာတော့ဘဲ သားမိနှစ်ယောက်ဈေးတူတူသွား၊ ဈေးထဲ ရောက်မှစားချင်တာ
ဝယ်မယ်ဆိုပြီးတော့လေ၊ အစီအစဉ်မရှိ ဈေးသွားမှပိုဆိုးတယ်ဗျို့။ ဘာချက်လို့ချက်ရ မှန်းကိုမသိတော့တာ၊
ဒါပေမယ့် သားမိနှစ်ယောက် ဈေးတူတူသွားတာဆိုတော့ တိုင်ပင်ဖော်တိုင်ပင်ဖက်လေးရ လို့ တော်သေးတာပေါ့နော်၊
နောက်ဆုံး ငါးဖယ်ခြစ်ဆိုင်ရှေ့ရောက်တော့ ငါးဖယ်အကောင်ကြီးတွေလတ်တာ တွေ့တာနဲ့ ငါးဖယ်အကောင်လိုက်ကိုပဲ
ခပ်နာနာလေးထု၊ ရှမ်းနံနံလေးလုပ်ပြီး ဆီပြန်လေးချက်ဖို့ စိတ်ကူး ရသွားတယ်။ ဒါနဲ့ပဲ အကြေးထိုးပေးမှာလားမေးတော့
ရတယ်ထိုးပေးမယ်ပြောတာနဲ့ ငါးဖယ်အကောင်လိုက်ပဲ ၀ယ်လိုက်ဖြစ်တယ်။
ငါးဖယ်ရဲ့ အကြေးကကျန်တဲ့ငါးတွေလို
အကြေးထိုးရမလွယ်ဘူးလေ၊ ဒါကြောင့်ဝယ်ခါနီး ကတည်းက သေချာမေးပြီးမှဝယ်ရတာ၊ ဆီပြန်ဟင်းလေးရပြီဆိုတော့
အသုပ်ကိုချဉ်ချဉ်စပ်စပ်လေး စားချင်တာနဲ့ ရှောက်သီးပဲသုပ်တော့မယ်ဆိုပြီး ရှောက်သီးလည်း
ဝယ်ဖြစ်သွားတယ်။ အရည်သောက်ကျတော့ လွယ်တာလေးပဲ ချက်မယ်ပေါ့နော်၊ မြင်းခွာရွက်လေးပဲ ဟင်းခါးလေးပေါ့၊
ချက်ရတာလည်းလွယ်၊ မြင်းခွာရွက် က ဆေးဘက်လည်းဝင်တော့
အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်တာပေါ့၊ အိမ်ပြန်ရောက်တော့မှ မယ်တော်မားသားနဲ့ ကျွန်တော်
သားမိနှစ်ယောက် ချက်ရေးပြုတ်ရေးစတယ်ဆိုပါတော့။
ငါးဖယ်ကိုတော့
အရမ်းလတ်နေရင် အသားမမာတတ်လို့ နောက်ဆုံးမှချက်မယ်။ အရင်တော့ တစ်ကောင်လုံးကို သေသေချာချာလေး
နေရာမကျန်အောင် ထုထားပေးလိုက်တယ်၊ ချက်ခါနီးမှ တစ်ခါ ပြန်ထုလိုက်မယ်လေ။ ဒါမှ ငါးဖယ်အသားလေးက
မာမာထုတ်ထုတ်လေးနဲ့ စားကောင်းမှာကိုး။
မြင်းခွာရွက်ဟင်းခါး
အရင်ဆုံး မြင်းခွာရွက်ကို ရေသေချာဆေး၊ မလိုတာတွေဖယ်ပြီးမှ
နှစ်ပိုင်းလောက်ပဲပိုင်းပြီး ရေစင်စင်ဆေး ရေစစ်ထား လိုက်မယ်။ ငရုပ်ကောင်း၊ ပုဇွန်ခြောက်နဲ့ကြက်သွန်ဖြူကို
ရောထောင်းထား၊ ရေအရင်ဆူအောင်တည်၊ ရေဆူလာမှ ခုနကထောင်းထားတဲ့ ငရုပ်ကောင်း ကြက်သွန်ဖြူ၊
ပုဇွန်ခြောက်အရောကိုထည့် ပုဇွန်ငံပြာရည် လေးပါထည့်၊ ကြက်သွန်ဖြူလေးလည်းကျက်၊ ပုဇွန်ခြောက်က
အချိုလေးလည်းထွက်ပြီဆိုမှ အပေါ့အငံ အရ သာမြည်းကြည့်၊ ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းနံ့မွှေးမွှေးလေးနဲ့
အရသာလေးလည်း စိတ်ကြိုက်ရပြီဆိုမှ ခုနကရေစင်စင်ဆေး ရေစစ်ထားတဲ့ မြင်းခွာရွက်လေးထည့်ပြီး
မီးဖိုပေါ်ကနေချထားလိုက်ရုံပါပဲ၊ ဒါဆိုရင်တော့ သောက်လို့ကောင်းမှာ သေချာတဲ့ မြင်းခွါရွက်ဟင်းခါးတစ်ခွက်ရပြီပေါ့။
ရှောက်သီးသုပ်
ရှောက်သီးသုပ်ဖို့အတွက်ကတော့
ရှောက်သီးလေးတွေကို အမွှာလေးတွေရအောင် မွှာထား၊ ကြက်သွန် နီကို ခပ်ပါးပါးလှီး ရေဆေး၊
ရေပြန် ညှစ်ထား၊ ငရုပ်သီးစိမ်းကို မထူမပါးလေးလှီးထား၊ ပုဇွန်ခြောက်ကို မညက် တညက်လေးထောင်းထား၊
စိမ်းစားငါးပိလေး နည်းနည်းကိုမွှေးသွားအောင် မီးပြထား၊ ပြီးရင် အားလုံးရောပြီး ခပ်ဖွဖွလေးနယ်ပေး
ပိုမွှေးသွားအောင် ငရုပ်သီးလှော်မှုန့်လေးပါထည့်ပေး၊ အရသာတော့ ချဉ်ငံစပ်လေးပေါ့နော်။
အရည်သောက်အတွက်ဟင်းခါးလေးရော၊
ချဉ်ငံစပ်အသုပ်လေးပါရပြီဆိုတော့ အဓိကဆီပြန်ဟင်းလေးချက် လိုက်ရအောင်။
ငါးဖယ်ဆီပြန်
ခုနကထုထားတဲ့
ငါးဖယ်အကောင်လိုက်ကို သေချာပြန်ထုပြီး အပိုင်းကြီးကြီးပိုင်း၊ ငါးငံပြာရည်လေးနဲ့ နယ်ပြီး
ခနနှပ်ထား၊ ငရုပ်သီးအရောင်တင်မှုန့်နဲ့ ကြက်သွန်နီကို ရောထောင်းပြီး နနွင်းမှုန့်နည်းနည်းထည့်
ဆီသတ်၊ မွှေးလာပြီဆိုမှ ခုနနှပ်ထားတဲ့ငါးကိုထည့် သေချာလေးလုံးပေး၊ ရေထည့်ပြီးနူးအောင်တည်၊
ရှမ်းနံနံကို ရေသေချာဆေးပြီး အနေတော်လှီးထား၊ ငါးကရေလည်းခမ်းပြီး ဆီလည်းပြန်လာပြီ အရသာလည်းအဆင်
ပြေပြီဆိုမှ ရှမ်းနံနံလေးအုပ်ပေးလိုက်မယ်ဆိုရင် ငါးဖယ်ထုချက် ဆီပြန်ဟင်းမွှေးမွှေးလေးရပြီပေါ့နော်။
ဒီတစ်ပတ်ကတော့
ဒီလောက်ပဲချက်ရအောင်လား၊ ဆွေမျိုးတို့ရာ နောက်တစ်ပတ်မှ နောက်တစ် မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment