ခရီးသည်တွေ သက်သောင့်သက်သာဖြစ်အောင် ဘယ်လိုမောင်းမလဲ










ကားမောင်းတဲ့နေရာမှာ မောင်းနှင်သူကိုခေါင်းစဉ်အမျိုးမျိုးခွဲထားလေ့ရှိပါတယ်။ သာမန်ကားမောင်း သမား၊ ကိုယ်ပိုင်ကားမောင်းနှင်သူနဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေရဲ့ ကားမောင်းနှင်သူဆိုပြီး ခေါင်းစဉ်အမျိုးမျိုး အောက်မှာ အကျုံးဝင်နေတာပါ။ ဒါပေမဲ့ ဒီပုဂ္ဂိုလ်တွေအားလုံးရဲ့ တစ်ခုတည်းသောတာဝန်ကတော့ ကားစီးနင်း သူတွေ သက်သောင့်သက်သာရှိအောင် မောင်းနှင်ပေးဖို့ပဲဖြစ်ပါတယ်။ ကားမောင်းနှင်သူဟာ ကားကိုရွေ့လျား နေအောင် ထိန်းချုပ်တတ်ရုံနဲ့မလုံလောက်သေးဘဲ စီးနင်းလိုက်ပါသူတွေသွားလိုတဲ့ ခရီးဆုံးပန်းတိုင်ကို စိတ်လက်ချမ်းသာစွာရောက်အောင် ညင်ညင်သာသာဖြစ်အောင် ဘယ်လိုမောင်းနှင်ရမလဲဆိုတာ အကြံပေး လိုပါတယ်။

ရွေ့လျားမှုမှန်ပါစေ
ပထမဆုံးပြုလုပ်သင့်တာကတော့ ကားတစ်စီးစတင်ဝယ်ယူပြီဆိုကတည်းက သူ့ရဲ့ပုံစံနဲ့စွမ်းဆောင် ရည်ကို အခြေပြုရွေးချယ်တာထက် သက်သောင့်သက်သာရှိမယ့် ကားမျိုးကိုပဲ ဦးတည်ရွေးချယ်သင့်တာပါ။ ဒါက ကားကိုသက်သောင့်သက်သာ စီးနင်းနိုင်အောင် ဘယ်လိုမောင်းနှင်ရမလဲဆိုတဲ့ အချက်ထက်ပိုပြီး အလေး ထားသင့်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ကိုယ်ရွေးချယ်တဲ့ကားက အခြားကားတွေထက် အင်ဂျင်ပါဝါပိုင်းမှာ လျော့ကျကောင်းလျော့ကျနေမယ်။ အထူးပြုလုပ်ထားတဲ့ အစိတ်အပိုင်းတွေရှိချင်မှလည်းရှိမယ်။ ဒါပေမဲ့ သက်သောင့်သက်သာဖြစ်မှုကို ဖန်တီးပေးနိုင်စွမ်းမှာ မြင့်မားနေမယ်ဆိုရင် အဲဒီကားကိုရွေးချယ်လိုက်တာ အကောင်းဆုံးပါပဲ။

ဆုံးဖြတ်ချက်ကအရေးကြီး
ကိုယ့်ကားကို စီးနင်းလိုက်ပါသူတွေ သက်သောင့်သက်သာရှိနေစေဖို့ ကားမောင်းကျွမ်းကျင်မှုလိုအပ် တဲ့အပြင် ကားအတွင်းပိုင်းမှာ လိုအပ်တဲ့အသုံးအဆောင်ပစ္စည်း ထည့်သွင်းနေရာချတဲ့နေရာမှာလည်း သင့်လျော်သလိုနေရာချတတ်ဖို့ အရေးပါလှပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် ကားအတွင်းမှာ ရေဗူးလေးတွေ အသင့်ဆောင်ထားတာ၊ အပူဒဏ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အခါ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ စားဖို့ စားစရာတစ်ခုခု အရန်သင့်စီစဉ်ထားသင့်တာ၊ တစ်ရှုးထည့်ထားတာနဲ့ အမှိုက်ပုံးလေးတွေဖန်တီးပေး ထားတာ စတဲ့အချက်တွေက အသေးအမွှားအရာလေးတွေလို ထင်စရာရှိပေမယ့် ကားအတွင်းပိုင်းမှာ သက်သောင့်သက်သာရှိနေစေမယ့် အခြေအနေတွေကို ဖန်တီးပေးနိုင်မှာအသေအချာပါပဲ။ ဒီလို အခြေအနေ မျိုးတွေဖြစ်လာအောင် ဖန်တီးထားဖို့ကလည်း ကားမောင်းသူတစ်ယောက်ရဲ့တာဝန်ဖြစ်ပြီး ဒီအချက်ကိုစီးနင်း လိုက်ပါသူတွေ သက်သောင့်သက်သာဖြစ်အောင် မောင်းနှင်နည်းတွေထဲကတစ်ခုလို့လည်း မှတ်ယူထားတာပါ။

ရုတ်တရက် အခြေအနေများကိုရှောင်ရှား
ကားမောင်းနှင်သူတစ်ဦးအနေ နဲ့ ရုတ်တရက်ဖြစ်လာမယ့် အခြေအနေမျိုးတွေကို တတ်နိုင်သလောက် ရှောင်ရှားတာအကောင်းဆုံးပါပဲ။ ဆိုလိုတာကတော့ ကားကိုရုတ်တရက်အရှိန်မြှင့်တင်လိုက်တာမျိုးနဲ့ မလိုအပ် ဘဲ ရုတ်တရက်ရပ်တန့်လိုက်တာမျိုးတွေ မပြုလုပ်သင့်ဘူး ထောက်ပြချင်တာဖြစ်ပါတယ်။ ဒီလိုရုတ်တရက် အခြေအနေမျိုးတွေဟာ ကားမောင်းသူကကြိုတင် ကြံရွယ်ထားပြီးဖြစ်လို့ ပြဿနာမရှိပေမယ့် စီးနင်းလိုက်ပါ သူတွေ အတွက်ကတော့ စိတ်ရှုပ်စရာ အခိုက်အတန့်မျိုးတွေ ဖြစ်ပေါ်လာတတ်တာပါ။ ဒါတွေကကားထဲမှာ လိုက်ပါလာသူတွေကို ကားမူးတာ၊ ထိခိုက်ဒဏ်ရာရာတာမျိုးတွေ ဖြစ်ပေါ်လာစေတတ်ပြီး အခန့်မသင့်ရင် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရသွားတာမျိုးတောင် ဖြစ်လာစေတတ်ပါတယ်။ ဒါကြောင့် ကားမောင်းနှင်သူ တစ်ဦးအနေနဲ့ မလိုအပ်ရင် အရှိန်ရုတ်တရက်တင်တာ၊ ချတာမျိုးတွေမပြုလုပ်သင့်ပါဘူး။

တစ်သမတ်တည်းရှိပါစေ
နောက်တစ်ချက်ကတော့ ကားကိုလမ်းကြောင်းအတိုင်း တည်တည်ငြိမ်ငြိမ် ဦးတည်မောင်းနှင်နိုင်ဖို့ လိုအပ်တာပါ။ အထူးသဖြင့် အဝေးပြေးလမ်းမကြီးတွေပေါ်မှာ မောင်းနျင်တဲ့အခါ ကားကိုလှုပ်ခါမှု အရမ်း များအောင် လက်ကိုင်ဘီးကို လိုအပ်တာထက်ပိုပြီး မကစားသင့်ပါဘူး။ အချိန်တစ်ခုနဲ့ မောင်းနှင်နေချိန်တွေမှာ ကားက တစ်သမတ်တည်းဦးတည်နေတာပဲ ကောင်းပြီးလှိုင်းတစ်ခုလို ဘယ်ချိုး၊ ညာကွေ့နဲ့အလှုပ်အရမ်းများ တဲ့အခါ စီးနင်းလိုက်ပါသူတွေရော ကိုယ့်အတွက်ပါအန္တရာယ်မကင်းနိုင်တာမို့ ရှောင်ရှားသင့်တဲ့အချက်တစ်ခု အဖြစ်မှတ်သားထားသင့်တာပါ။

အနားပေးပါ
ခရီးဝေးသွားလာတဲ့အခါ စီးနင်းသူတွေ လန်းလန်းဆန်းဆန်းရှိနေအောင် အနည်းဆုံး နှစ်နာရီ၊ သုံးနာရီ တစ်ကြိမ်လောက် ကားကိုအနားပေးသင့်ပါတယ်။ ဒီလိုအနားပေးတဲ့အတွက် ခရီးတစ်ခုကို ပင်ပန်းနွမ်းနယ်မှု မရှိဘဲ အလွယ်တကူ သွားလာနိုင်မှာဖြစ်သလို ကားအင်ဂျင်ကိုပါ အနားပေးပြီးသားဖြစ်မှာမို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်စေမယ့် နည်းလမ်းလို့တောင်သတ်မှတ်နိုင်မှာပါ။

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment