ဝက်သားပိန္ဒဲသီးချက်၊ သင်္ဘောသီးသောက်ဆမ်း၊ ပဲသီးကြော်







ဒီတစ်ပတ်ကတော့ အရမ်းအေးနေတော့ ချဉ်ချဉ်စပ်စပ်လေး ချက်စားချင်စိတ်ပေါက်နေတယ်။ အရင်ဆုံးစဉ်းစားမိတာကတော့ ရခိုင်စတိုင်လ်ချက်ထားတဲ့ သင်္ဘောသီးသောက်ဆမ်းလေးပဲဗျို့။ ဒီတစ် ခါတော့ အရည်သောက်ဟင်းကို အရင်ရွေးပြီးမှ ကျန်တဲ့ဟင်းတွေစဉ်းစားဖြစ်တော့တယ်။ အဓိကဟင်း ကိုတော့ မယ်တော်မားသား ဘာစားချင်လည်းမေးတော့ မစားရတာကြာနေတဲ့ ၀က်သားနဲ့ပိန္ဒဲသီးလေး ချက်စားချင် တယ်တဲ့။ ဒါနဲ့ပဲအဓိကဟင်းကိုတော့ ၀က်သားပိန္ဒဲသီးချက်လေးပဲချက်တော့မယ်။ အသီးအရွက်လေးလည်း တစ်ခွက်ပါမှဖြစ်မယ်ဆိုတော့ ချက်ရတာလွယ်မယ့် ပဲသီးလေးကိုပဲ ဘဲဥလေး နဲ့ကြော် လိုက်တော့မယ်။ မယ်တော်မားသားဈေးကပြန်လာတာနဲ့ ချက်ဖို့စပြင်ရတော့မှာပေါ့နော်။

ဝက်သားပိန္ဒဲသီးချက်
အရင်ဆုံးဝက်သားပိန္ဒဲသီးချက်ဖို့အတွက်ဝက်သားကိုအသားများတဲ့ ပေါင်သားလေးနဲ့ ချက်ကြ တာပေါ့။ ၀က်သားကိုအနေတော်လေးတုံး ဆား၊ သကြား၊ ကြက်သားမှုန့်နဲ့နယ်ပြီးခဏနှပ်ထားမယ် ပိန္ဒဲသီးကိုလည်း အနေတော်တုံးထားလိုက်တာပေါ့။ ပိန္ဒဲသီးအစိမ်းက ကုန်စိမ်းဆိုင်တွေမှာ အသင့်ချက်ရုံ လုပ်ထားပြီး ရောင်းတာမို့ ရေစင်စင်ပြန်ဆေးပြီး အနေတော်တုံးချက်ရုံပါပဲ။ ငရုတ်သီးအရောင်တင်မှုန့် ကြက်သွန်ဖြုနီရောထောင်းထား တာကို နနွင်းမှုန့်နည်းနည်းထည့်ဆီသတ်မယ်။ ဆီသတ်တာကျက်လို့ မွှေးလာပြီဆိုမှ ခုနနှပ်ထားတဲ့ဝက်သား ထည့်ပြီးရေခမ်းတဲ့အထိလုံး ရေနည်းနည်းချင်းထည့်ပြီးနူးတဲ့အထိ တည်ထားလိုက်မယ်။ ၀က်သားတစ်ဝက် လောက်နူးပြီဆိုမှ ခုနအနေတော်တုံးထားတဲ့ ပိန္ဒဲသီးတုံးလေးတွေ ထည့်ပြီး ၀က်သားရော ပိန္ဒဲသီးပါနူးတဲ့အထိ တည်ထားလိုက်ရုံပေါ့။ ၀က်သားရောပိန္ဒဲသီးပါနူးပြီဆိုမှ အရသာအပေါ့အငန်မြည်းကြည့်လို့ အနေတော်ဖြစ်ပြီ ဆိုရင်တော့ ၀က်သားပိန္ဒဲသီးချက်ဟင်း တစ်ပွဲရပြီပေါ့။

သင်္ဘောသီးသောက်ဆမ်း
အရည်သောက်ချက်မယ့်  သင်္ဘောသီးသောက်ဆမ်းအတွက် သင်္ဘောသီးစိမ်းကိုအခွံခွာရေသေချာ ဆေးပြီး အမျှင်လေးတွေခြစ်ထားလိုက်မယ် ပြီးမှရေတစ်ခါပြန်ဆေးပြီး ရေတွေကုန်အောင်ညှစ် ထားလိုက် မယ်။ ငရုတ်ကောင်း ပုဇွန်ခြောက်၊ သင်္ဘောသီးသောက်ဆမ်း ငရုတ်သီးစိမ်းကြက်သွန်ဖြူကို ရောထောင်းထားမယ်။ ကြက်သွန်နီကိုတော့ ခပ်ထူထူလေးလှီးထားလိုက်မယ်။ နံနံပင်ကိုတော့သေ ချာရေဆေးပြီး အနေတော် လေးတွေလှီးထားလိုက်မယ် အားလုံးအသင့်ပြင်ပြီးရင် ရေနွေးအရင်တည်မယ်။ 

ရေနွေးဆူလာပြီဆိုမှ ပုဇွန် ငံပြာရည်နဲ့ နနွင်းမှုန့်ထည့်၊ နောက်အချဉ်အတွက် မရမ်းပြားခြောက် ထည့်ထောင်းထားတဲ့ ငရုတ်ကောင်း၊ ပုဇွန်ခြောက်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့လှီးထားတဲ့ ကြက်သွန်နီပါ တစ်ခါတည်းထည့် ကျွန်တော်ကတော့ ဟင်းရည်ပိုအချိုလေးအောင် ငါးနီတူခြောက်လေးတွေပါ ရေစင် စင်ဆေးထည့်လိုက်သေးတယ် မရမ်းပြားက အချဉ်ထွက်လာပြီဆိုမှ အရသာအပေါ့အငန်မြည်းကြည့် ချဉ်ချဉ်စပ်စပ်နဲ့ပူပူလေးဖြစ်လာ ပြီဆိုမှခြစ်ထားတဲ့ သင်္ဘောသီးလေးတွေထည့် သင်္ဘောသီးလေးတွေ လည်းနူး၊ အရသာကလည်းချဉ်ချဉ် စပ်စပ်နဲ့ပူပူလေး စိတ်ကြိုက်ရပြီဆိုရင် ပိုမွှေးသွားအောင်ခုနက အသင့်ပြင်ထားတဲ့ နံနံပင်လေးအပေါ်က အုပ်လိုက်ရုံပေါ့နော်။ ဒါဆိုရင်တော့ အခုလိုအအေးပိုတဲ့ ရာသီဥတုမှာ သောက်လည်းသောက် ဆမ်းလည်းစားလို့ ရတဲ့သင်္ဘောသီး သောက်ဆမ်းချဉ်စပ်ပူပူလေးနဲ့ စားလို့ကောင်းမှာ အသေအချာပဲပေါ့ဆွေမျိုးတို့ရာ။ 

ပဲသီးဘဲဥကြော်
ပဲသီးနဲ့ဘဲဥကြော်ဖို့အတွက်ကတော့ လွယ်ပါတယ်။ ပဲသီးကိုတော့ မယ်တော်မားသားက လတ်လို့ ဆိုပြီးဝယ်လာတဲ့ ဘိုစားပဲသီးလေးတွေကို ရေသေချာဆေး မထူမပါးလေးလှီးထား ကြက်သွန်ဖြူကို ဓါးပြား ရိုက်ပြီးစဉ်းထား ကြက်သွန်ဖြူဓါးပြားရိုက်စဉ်းထားတာဆီသတ်လို့ စိမ်းနံ့ပျောက်ပြီးမွှေးလာပြီဆိုရင် ခရုဆီ လေးနည်းနည်းထည့် လှီးထားတဲ့ပဲသီးလေးတွေထည့် ကြက်သားမှုန့်လေးထည့်။ ပဲသီးနူးတာနဲ့ ဘဲဥတစ်လုံး လောက် ဖေါက်ထည့်ပြီးမွှေပေးလိုက်ရင် ပဲသီးဘဲဥကြော်တစ်ခွက်ရပါပြီ။ ဒီတစ်ပတ်ကတော့ ၀က်သားပိန္ဒဲသီး ချက်ဆီပြန်ဟင်းလေးရယ် ရာသီဥတုနဲ့လိုက်ဖက်ပြီး သောက်လို့လည်းကောင်း ဆမ်းစားလို့လည်း အဆင်ပြေတဲ့ ရခိုင်စတိုင်လ် သင်္ဘောသီးသောက်ဆမ်းလေးရယ်။ အရသာလည်းရှိ အာဟာရလည်းဖြစ်မယ့် ပဲသီးဘဲဥကြော် လေးရယ်နဲ့ မိသားစုထမင်းဝိုင်းလေးမှာစားလို့ကောင်းမှာ အသေအချာပဲပေါ့။ နောက်တစ်ပတ်မှနောက်ထပ်တစ် မျိုးချက်ဖို့ ပြန်တွေ့ကြရအောင်လား ဆွေမျိုးတို့ရာ။ အားလုံးအဆင်ပြေပျော်ရွှင်ကျပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment