ဝက်သားနှပ် ငါးခြောက်ထောင်းကြော် သခွပ်ပွင့်သုပ် ပဲဟင်းချို မန်ကျည်းသီးစိမ်း ငါးပိကြော်








ဝါကျွတ်ပြီဆိုတော့ မင်္ဂလာဆာင်တွေလည်း လာတော့မှာပေါ့နော်။ မင်္ဂလာဆောင်ရာသီဆိုတော့ မင်္ဂလာ ဟင်းလေးပဲရေးလိုက်မယ်စိတ်ကူးတယ်။ တောမင်္ဂလာဆောင်လေးပေါ့နော်။ တောမင်္ဂလာဆောင် ဆိုတော့ အဓိကဟင်းအနေနဲ့ နှစ်မျိုးချက်ပေးမယ်။ ၀က်သားအိုးကြီးချက်နဲ့ ငါးခြောက်ထောင်းကြော်နှစ်မျိုးပေါ့။ ၀က်သား စားတဲ့သူကတော့နှစ်မျိုးစလုံးပေါ့နော်။ 

ဝက်သားမစားတဲ့သူအတွက်ကတော့ ငါးခြောက်ထောင်းကြော်ပေါ့။ အ သုပ်ကျတော့ သခွပ်ပွင့်ခြောက်ကို ပဲကြာဇံနဲ့ ချဉ်ချဉ်စပ်စပ်လေးသုပ်ပေးမယ်။ ပဲဟင်းချိုကျတော့ပဲဝါလေးကို အရည်ခပ်များများလေးနဲ့ ကြက်သွန်ဖြူနီကြော်လေး ပြန်အုပ်ထားပေးလိုက်ပါမယ်ဆိုရင် သောက်လို့လည်း ကောင်းတယ်လေ။ နောက်တစ်မျိုးကတော့ ရာသီပေါ်မန်ကျဉ်သီးစိမ်းကို ပုဇွန်ငါးပိနဲ့ ပုဇွန်ခြောက်လေး ထည့်ထားတဲ့ မန်ကျဉ်းသီးစိမ်းငါးပိကြော်ပေါ့။ တို့စရာကလည်းစုံမှစုံပဲ။ မြို့မှာလိုအလှမဟုတ်ပဲ အ၀ကျွေးမယ့်ပွဲ မဟုတ်ပါလား။ တစ်ရွာလုံးကလည်းဟန်ဆောင်စရာမလိုပဲ ဆွေရင်းမျိုးရင်းတွေလို အ၀လာစားကြတာ အားရ စရာ ပျော်စရာကြီးပဲ အချိုပွဲကိုတော့ ထုံးစံအတိုင်း ပါမုန့်အုန်းနို့ဆမ်းပေါ့။ 

ဝက်သားအိုးကြီးချက်
ဝက်သားကိုအတုံးကြီးကြီးတုံးပြီး ပဲငံပြာရည်အကြည် ဆား၊ သကြားသင့်ရုံထည့်ပြီးနပ်ထား။ ဂျင်းကို ဓါးပြားရိုက်ပြီးစဉ်းထား။ ကြက်သွန်နီဥသေးလေးတွေကို အခွံခွာရေဆေးပြီး ရေစင်စင်စစ်ထား။ အိုးထဲကို ဆီထည့် ဆီကျက်ရင် ခုနကဓါးပြားရိုက်စဉ်းထားတဲ့ ချင်းကိုနနွင်းမှုန့်နည်းနည်းထည့်ပြီးဆီသတ်။ ဆီသတ်လို့ ကျက်ရင်ခုနကနပ်ထားတဲ့ ၀က်သားကိုထည့်ပြီးနာနာလုံး။ ရေကိုဝက်သားမြုပ်ရုံလောက နည်းနည်း ချင်းထည့် ပြီး နူးအောင်တည်။ ၀က်သားတစ်ဝက်လောက်နူးပြီဆိုမှ ခုနက ကြက်သွန်နီဥလေးတွေထည့်ပြီး ၀က်သားရော ကြက်သွန်နီဥလေးတွေပါနူးတဲ့အထိ မီးအေးအေနဲ့နှပ်ချက်လေးချက်တာပေါ့။ အဆာပလာအများကြီးမပါပေ မယ့် အလှူဟင်းဆိုတော့ စားလို့တော့ကောင်းမှကောင်းပဲ။ 

ငါးခြောက်ထောင်းကြော်
ငါးခြောက်ထောင်းကြော်ကတော့ ငါးခြောက်တွေကိုနူးတဲ့အထိ ပြုတ်နူးလာမှအအေးခံပြီး အသားထွင် မညက်တညက်ထောင်း။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီးစဉ်းထား။ ကြက်သွန်နီကိုတော့ ခပ်ထူထူလှီးထား။ ကြက်သွန်ဖြူကို ဆီခပ်များများလေးနဲ့ ဆီသတ်ပြီးရင် ကြက်သွန်နီခပ်ထူထူလှီးထားတာကိုထည့်ပါ။ စိမ်းနံ့ ပျောက်ရင် ငါးခြောက်ထောင်းထားတာကိုထည့် သကြားလေးပါနည်းနည်းထည့်။ ငါးခြောက်မှာအငံပါတော့ အငံကိုတော့ လိုမှပဲထည့်တာပေါ့။ အရသာအပေါ့အငံမြည်းကြည့်လို့ အဆင်ပြေပြီဆိုရင်ရပါပြီ။ ဆီများများနဲ့ ခပ်စိုစိုခပ်အိအိလေးပေါ့။

သခွပ်ပွင့်ခြောက်သုပ်
သခွပ်ပွင့်ခြောက်သုပ်ကတော့ သခွပ်ပွင့်ခြောက်ကို ရေနဲ့ခဏပြုတ်။ နူးလာပြီဆိုမှရေညစ်ပြီး အထက် ပိုင်းလောက်ပဲလှီးထား။ ပဲကြာဇံကို ရေနဲ့ခဏစိမ်ပြီး နူးရုံလေးခဏပြုတ်ထား။ မြေပဲပုဇွန်ခြောက်မှုန့် ငရုတ်သီး လှော်မှုန့်၊ ကြက်သွန်နီဆီချက်နဲ့ မန်ကျဉ်းမှည့်ရည်ကိုအသင့်ပြင်ထား။ ပြီးမှအားလုံးစုပြီး ပုဇွန်ငံပြာရည်လေးပါ ထည့်ပြီး နှံ့အောင်နယ်။ အရသာမြည်းကြည့်လို့ ချဉ်ငံစပ်လေးရပြီဆိုရင်တော့ သခွပ်ပွင့်ခြောက်သုပ် လေးအဆင် ပြေပြီပေါ့နော်။

ပဲဝါလေးဟင်းချို
ပဲဝါလေးဟင်းချိုကတော့ ပဲဝါလေးကို ခဲသလဲနဲ့အမှိုက်လေးရွေး။ ပြီးရင်ရေစင်စင်ဆေးပြီး ရေစစ်ထား။ ရေစစ်ထားတဲ့ပဲဝါလေးကို ခုနကကြက်သွန်နှစ်မျိုးကြော်ထားတဲ့ဆီထဲ နနွင်းမှုန့်နဲ့ဆားသင့်ရုံထည့်ပြီး ခပ်နာနာ လေးလုံးပေး။ ပြီးမှ ရေထည့်ပြီးနူးအောင်တည်။ ပဲနူးလို့အရသာလည်းအဆင်ပြေပြီဆိုရင် ခုနကကြော်ပြီး ဆီစစ် ထားတဲ့ ကြက်သွန်ဖြူနီကြော်လေးထည့်လိုက်ရုံပေါ့။ 

မန်းကျည်းသီးစိမ်းငါးပိကြော်
မန်ကျည်းသီးစိမ်းငါးပိကြော်ဖို့အတွက်ကတော့ မန်ကျည်းသီးစိမ်းကိုအခွံခြစ်ပြီး အစေ့ထုတ် မညက် တညက်လေးထောင်းထား။ ငရုတ်သီးခွဲခြမ်းမှုန့်ကို ရေလေးနည်းနည်းနဲ့ အစေးပေါက်ရုံလေးထောင်းထား တာကို နနွင်းမှုန့်နည်းနည်းထည့်ပြီး ဆီသတ်။ မွှေးလာရင် ပုဇွန်ခြောက်မှုန့်ထည့် ပုဇွန်ငါးပိထည့်။ ငါးပိက စိမ်းနံ့ ပျောက်ပြီးမွှေးလာပြီဆိုမှ ခုနကမညက်တညက်ထောင်းထားတဲ့ မန်ကျည်းသီးစိမ်းလေးထည့်ပြီး ရေကုန်တဲ့ အထိ ခပ်ခြောက်ခြောက်လေးရအောင် ကြော်လိုက်ရုံပေါ့နော်။ ဒါဆိုရင်တော့ တို့စရာအစုံနဲ့လိုက်ဖက်မယ့် မန်ကျည်းသီးစိမ်းငါးပိကြော် ချဉ်ငံစပ်လေးရပါပြီ။ 

ပေါင်မုန့်အုန်းနို့ဆမ်း
ပေါင်မုန့်ကိုတော့ ပေါင်မုန့်ကြမ်းအရှည်တွေကို ခပ်ထူထူလှီးထား။ အုန်းနို့ကိုဆီချက်ဖြစ်တဲ့အထိ ကျိုပြီး နို့ဖတ်လေးတွေကိုပဲ ဆီမပါအောင်စစ်ထားတော့ အီလည်းသိပ်မအီတော့ပဲ ဆိမ့်ဆိမ့်မွှေးမွှေးလေးဖြစ်နေ တာပေါ့။ သကြားကိုအချိုလေးအောင် ဆားလေးနည်းနည်းထည့်ပြီး ကျိုထားတာကို ပေါင်မုန့် လှီးထားတဲ့အပေါ် ဆမ်းပြီးမှ ခုနကအုန်းဆီိချက်ဖတ်လေးထည့် ပေါင်မုန့်လှီးထားတာပေါ်ဆမ်းပြီး ခုနက အုန်းဆီချက်ဖတ်လေး ထည့်ပေးလိုက်တော့ ချိုချိုဆိမ့်ဆိမ့်လေးနဲ့ စားလို့တော့အကောင်းသားပဲ။ ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ဆုံးဖြတ်ကြတာပေါ့။ အားလုံးပျော်ရွှင်ကြပါစေ။ 

Royal (Laputta)


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment