ဝက်နံရိုးအာလူးဟင်း၊ ပဲပင်ပေါက်ချဉ်သုပ်၊ ငါးခေါင်းဟင်းခါး









ဆွေမျိုးတို့ရေ ဒီတစ်ပတ်တော့ မစားရတာကြာနေတဲ့ ၀က်နံရိုးလေးကိုအာလူလေးနဲ့နှပ်ချက်လေးစား မယ်။ အရံဟင်းကိုတော့ မယ်တော်မားသားစားချင်နေတဲ့ ပဲပင်ပေါက်ချဉ်လေးကိုသုပ်လိုက်မယ်။ အရည် သောက်ကိုတော့ မယ်တော်မားသားဈေးမှာ လတ်လို့ဝယ်လာတဲ့ ငါးကြင်းခေါင်းကိုပဲ အာပူရွက်လေး ထည့်လိုက်ပြီး ဟင်းခါးလေးချက်မယ်။ နေ့လည်နေ့ခင်း ဗိုက်ဆာရင်လည်း ဖုန့်ဖတ်လေး ပဲကြော်လေး ထည့်ပြီး အာပူလျာပူပုံစံလေးလည်း စားလို့ရတာပေါ့နော်။ 

ဝက်နံရိုးအာလူးဟင်း
ပထမဦးဆုံးဝက်နံရိုးကို ရေနဲ့သေချာဆေး မလိုအပ်တဲ့အဆီတွေဖယ် အနေတော်တုံး ရေနွေးဆူဆူ ထဲမှာ မိနစ်ဝက်လောက်မွေပေးပြီးမှ ရေတွေပြန်သွန်ပစ်လိုက်မယ်။ ဒါမှဝက်နံရိုးမှာရှိနေတဲ့ အချွဲနဲ့အညီ နံ့ပျောက် သွားအောင်ပေါ့။ ပြီးမှရေထည့်ပြီး နူးအောင်တည်ထားလိုက်မယ်။ ၀က်နံရိုးတ၀က်လောက်နူးပြီ ဆိုမှ ငရုတ်သီး အရောင်တင်မှုန့် ကြက်သွန်ဖြူနီနဲ့ ဂျင်းရောထောင်းထားတာကို နနွင်းမှုန့်နည်းနည်း ထည့်ဆီသတ် စိမ်းနံ့ပျောက် ပြီဆိုမှအခွံခွာပြီး အနေတော်တုံးထားတဲ့ အာလူးပါထည့်လုံးပေး။ ပြီးရင်ပြုတ်ထားတဲ့ဝက်နံရိုးထဲထည့်ပြီး နံရိုး ရော အာလူးပါနူးအိလာတဲ့အထိချက်ပေး အရသာ အတွက် ကတော့ ဆား၊ သကြား၊ ကြက်သားမှုန့်ပဲလိုက် ရင်ရပါပြီ။ အားလုံးနူးပြီး ဆီကျန်ရေကျန်အနေထားလေးနဲ့ အရသာလေးစိတ်ကြိုက်ရပြီဆိုရင်တော့ စားလို့ ကောင်းမှာသေချာတဲ့ ၀က်နံရိုးအာလူးဟင်းလေး တစ်ပွဲရပြီပေါ့။ 

ပဲပင်ပေါက်ချဉ်သုပ်
အရမ်းမချဉ်သေးပဲ ချဉ်ခါစပဲ ပင်ပေါက်ချဉ်လေးကို ရေသေချာညှစ်ပြီးရင် ကြက်သွန်နီပါးပါးလှီး မြေပဲ လှော်မှုန့် ပုဇွန်ခြောက်မှုန့် နှမ်းနက် လှော်ငရုတ်သီးစိမ်းပုဇွန်ငံပြာရည်ထည့်ပြီး ရောနယ်ပေး ပဲပင်ပေါက်က ချဉ်ကာစဆိုတော့ အသုပ်မှာ အချဉ်ပေါ့ရင်သံပုရာသီလေး နည်းနည်းညစ်ထည့်လိုက်ပေါ့နော်။ ဒါဆို ရင်တော့ ချဉ်ငံစပ်ပဲပင်ပေါက်ချဉ်သုပ်လေး ရပါပြီ။ 

ငါးခေါင်းဟင်းခါး
ငါးကြင်းခေါင်းတွေကို မလိုတဲ့ဟာတွေနဲ့ ပါးဟပ်တွေဖယ်ပြီး ရေသေချာဆေးပြီးရင် ငါးခေါင်းမြုပ်ရုံ လောက် ရေဆူအောင်တည် ရေဆူလာပြီဆိုရင် ငါးခေါင်းတွေထည့်ပြီး  မိနစ်ဝက်လောက်မွှေပေး ပြီးရင်ငါး ခေါင်းတွေပြန်ဆယ်ထားပြီး ရေအသစ်ပြန်ထည့် ဆူလာအောင်တည် ရေဆူလာပြီဆိုမှ ပုဇွန်ငံပြာရည်အရင် ထည့် ဒါမှငံပြာရည်နံ့ သက်သာမှာပေါ့နော်။ ပြီးရင် ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းရောထောင်း ထားတာထည့်။ ခုနကငါးခေါင်းတွေပြန်ထည့်ပြီး ငါးခေါင်းနူးတဲ့အထိတည်ထား ငါးခေါင်းလည်းနူးပြီ ကြက်သွန်ဖြူနဲ့ ငရုတ် ကောင်းနံ့မွေးမွေးလေးနဲ့ အရသာလည်းအဆင်ပြေပြီဆိုမှ အာပူရွက်ခြောက်လေးတွေ ရေစင်စင်ဆေးပြီး ရေပြန်ညှစ်ထားတာကို ထည့်လိုက်ရင် ငါးခေါင်းဟင်းခါးပူပူ မွှေးမွှေးလေးရပြီပေါ့နော်။ ဆီချက် လေးချက်ထား ပြီး အကြော်လေးနဲ့ မုန့်ဖတ်လေးဝယ်ထားမယ်ဆိုရင်တော့ နေ့လည်နေ့ခင်းကျအာပူ လျာပူပုံစံလေးလည်း အဆာပြေစားလို့ရတာပေါ့။ ကဲ ဒီတစ်ပတ်တော့ ဒီလောက်ပဲဆွေမျိုးတို့ရေ။ နောက်တစ်ပတ်မှ နောက်တစ်မျိုး ချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။ အားလုံး အဆင်ပြေပျော်ရွှင်ကြပါစေ။ 

Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment