အသားတွေငါးတွေစားရတာများလာလို့
ဒီတစ်ပတ်တော့ ငုံးဥလေးချိုချဉ်ကြော်စားမယ်ဗျာ။ အရံဟင်း ကိုတော့ အိမ်မှာအဆင်သင့်လည်းရှိ
လတ်လည်းလတ်ဆတ် လုပ်ထားတာမကြာသေးတဲ့ မုန်လာဥခြောက် လေးကိုပဲ ဘဲဥနဲ့ကြော်လိုက်မယ်။ ဟင်းချိုကိုတော့
မယ်တော်မားသားအကြိုက် မှိုခြောက်ပန်းခြောက်လေး ကိုပဲ အိမ်မှာရှိနေတဲ့ ကြက်ရိုးလေး၊ ပဲကြာဇံလေးနဲ့
ဟင်းချိုလေးချက်လိုက်တော့မယ်။
ငုံးဥချိုချဉ်ကြော်
အရင်ဆုံးငုံးဥလေးတွေကို
ငါးမိနစ်လောက်ပြုတ်ပြီး အခွံခွာထားလိုက်မယ် ပြီးရင်တန်ပူရာမှုန့်လေး ကို အရည်မပျစ်မကျဲလေးဖျော်
ငုံးဥခွာထားတာလေးတွေထည့်ပြီး တန်ပူရာနှစ်လေးနဲ့ ငုံးဥလေးတွေကို တစ်လုံး ချင်းကြော်
ရွှေဝါရောင်လေးရရင် ပြန်ဆယ်၊ ဆီစစ်ထားကြက်သွန်ဖြူလေး တစ်တက်လောက်ကို ဓါးပြားရိုက် စဉ်းထား၊
ကြက်သွန်နီက အကွင်းလိုက်လှီးထား၊ မုန်လာဥနီ၊ ဘိုစားပဲ၊ ပြောင်းဖူးသေး၊ ခရမ်းချဉ်သီးကို
အနေတော်လေးတွေလှီးထား Tomato, Ketchup, Vinegae, Sugar ကိုရေနည်းနည်း ထည့်ပြီးမွှေပေး
အရသာကတော့ ချိုချိုချဉ်ချဉ်လေးဆိုရပါပြီ။
အရည်ကိုတော့အရမ်းလည်းမပျစ်၊ အရမ်းလည်းမကျဲစေနဲ့ပေါ့။ အပေါ့အငန်ကိုတော့ အသီး အနှံတွေကြော်တဲ့အထဲမှာပဲ ထည့်လိုက်မယ်။
အရင်ဆုံး ငုံးဥကြော်ဆီစစ်ထားတာကို ဟင်းပွဲပြင်မယ့် ပန်းကန်ထဲထည့်ထား အိုးထဲကိုဆီထည့်ပြီး
ပူလာရင် ကြက်သွန်ဖြူဓါးပြားရိုက်စဉ်းထားတာ အရင်ထည့် ဆီသတ်၊ ကြက်သွန်နီလှီးထားတာထည့်
နှစ်မျိုးလုံးစိမ်းနံ့ပျောက်ပြီဆိုမှ ခရမ်းချဉ်သီးနဲ့ပြောင်းဖူး သေးလှီးထားတာ အရင်ထည့် တစ်ဝက်လောက်ကျက်ပြီဆိုမှ ဘိုစားပဲနဲ့မုန်လာဥနီလှီးထားတာထည့်၊
ခရုဆီ၊ ကြက်သားမှုန့်၊ ဆားပါထည့် အရသာမြည်းကြည့် နည်းနည်းတော့ အငန်လေးပိုထား ဒါမှ ခုနဖျော်ထားတဲ့ချိုချဉ်
sauce ထည့်ရင်အနေတော်လေးဖြစ်သွားအောင်ပေါ့။ အသီးအနှံလေးတွေလည်း အနေတော်ရပြီဆိုရင် ခုန
ဖျော်ထားတဲ့ ချိုချဉ် sauce လေး ကိုမွှေပြီး နည်းနည်းချင်းဆမ်းပေး ချိုချိုချဉ်ချဉ်လေးနဲ့
အရသာအပေါ့အငန် လေးလည်းအဆင်ပြေ၊ ကော်ရည်လေးကလည်း မပျစ်မကျဲလေးနဲ့ဆိုရင် ခုနကပြင်ထားတဲ့ပန်းကန်ထဲက
ငုံးဥကြော်လေးတွေပေါ်ကို လောင်းထည့်ပေးလိုက်ရုံပေါ့နော်။ ဒါဆိုရင်တော့ အရသာလည်းရှိ အာဟာရလည်း
ဖြစ် ထမင်းစားလို့လည်းကောင်းစေမယ့် ငုံးဥချိုချဉ်ကြော်လေးတစ်ပွဲရပြီပေါ့။
မုန်လာဥခြောက်ဘဲဥကြော်
မုန်လာဥခြောက်ဘဲဥကြော်ဖို့အတွက်ကတော့
မုန်လာဥခြောက်လေးတွေကို ရေနွေးလေးနဲ့စိမ်ပြီး အဖုံး ဖုံး ခဏနှပ်ထားပြီးမှ မုန်လာဥခြောက်တွေပွလာပြီဆိုရင်
မထူမပါးလေးလှီးရေညှစ်ပြီးရေစစ်ထား ကြက်သွန်ဖြူ ဓါးပြားရိုက်စဉ်းထားတာကိုအရင်ဆီသတ် မွှေးလာပြီဆိုမှ
ခုနကလှီးပြီးရေစစ်ထားတဲ့ မုန်လာဥခြောက်လေး တွေထည့်ပြီးလုံးပေး၊ ခရုဆီ၊ ပဲငံပြာရည် အကြည်၊
ဆား၊ သကြားလေးပါထည့်၊ ရေလေးထည့်ပြီးနူးလာတဲ့ အထိတည်၊ မုန်လာဥခြောက်လေးတွေနူးလာပြီ ရေလည်းခန်း ဆီလေးလည်းထွက်လာပြီ
အရသာလေးလည်း အပေါ့အငန်အနေ တော်ပြီဆိုရင် ဘဲဥတစ်လုံးလောက် ဖေါက်ထည့်ပြီးမွှေပေးလိုက်ရုံပါပဲ။
မှိုခြောက်ပန်းခြောက်ဟင်းချို
ကြွက်နားရွက်မှိုခြောက်လေးတွေကို
ရေနွေးလေးနဲ့ခဏစိမ် ပွလာပြီဆိုမှ ရေအေးနဲ့ ခဲသလဲ စင်အောင် ဆေး၊ ပြီးရင်အညှာလေးတွေဖယ်ပြီး
အနေတော်လေးတွေလှီးထား၊ ပန်းခြောက်ကိုရေအေးနဲ့ ပဲခဏစိမ်၊ ရေသုံးလေးထပ်ဆေး ပြီးရင်ပန်းခြောက်ကရှည်တော့
နည်းနည်းတိုသွားအောင်ပြန်ချည်ထား။ ကျွန်တော် ကတော့ အိမ်မှာပဲကြာဇံလေးလည်းရှိနေတော့
ပဲကြာဇံလေးပါရေစိမ်ထားလိုက်တယ်။ ပဲကြာဇံလေးလည်းထည့် လိုက်တော့ နေ့လည်နေ့ခင်း ဗိုက်ဆာရင်လည်းအဆာပြေသောက်လို့
ရသွားတာပေါ့နော်။ ကြက်ရိုးလေးတွေ အရင်ပြုတ်မှိုခြောက်လေးတွေနဲ့ ကြက်သွန်ဖြူဓါးပြား ရိုက်ထားတာပါထည့်။
အပေါ့အငန်အတွက်ကတော့ ဆား၊ သကြား၊ ကြက်သားမှုန့်လေးတွေပါထည့် ကြက်ရိုးလည်းနူး၊ မှိုခြောက်လေးတွေလည်း
အိအိလေးနဲ့ ဟင်းရည် အရသာလေးလည်းစိတ်ကြိုက်ရပြီဆိုမှ ပန်းခြောက်လေးနဲ့ပဲကြာဇံလေးတွေထည့်၊
ငရုတ်ကောင်းမှုန့်လေးပါမွှေး သွားအောင်ထည့် ဒါဆိုရင်တော့ ငုံးဥချိုချဉ်ကြော်လေးရယ်။ မုန်လာဥခြောက်ဘဲဥကြော်လေးရယ်နဲ့
တွဲဖတ်စား လို့ အဆင်ပြေမယ့် မှိုခြောက်ပန်းခြောက် ဟင်းချိုလေးတစ်ပွဲရပြီပေါ့နော်။
ဒီတစ်ပတ်ကတော့
ဒီလောက်ပဲချက်ကြတာပေါ့နော်။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့ဆွေမျိုးတို့ရာ။
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment