အသုံးမပြုဖြစ်တဲ့ကားတစ်စီးကို ဘယ်လိုထိန်းသိမ်းမလဲ











ခရီးဝေးထွက်နေမယ်ဆိုရင် တစ်နေရာကိုအေးအေးဆေးဆေး ရောက်ရှိနေမယ်ဆိုရင် ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် ကားကိုအသုံးမပြုဖြစ်ဘူးဆိုရင် ကိုယ့်ကားလေးပျက်ဆီးဆုံးရှုံးမှုမရှိရအောင် ဘယ်လိုထိန်းသိမ်းပါမလဲ။ အများစုကတော့ ကားကိုအကြောင်းပြချက်အမျိုးမျိုးနဲ့ မေ့လျော့ထားလေ့ရှိကြပါ တယ်။ တကယ်တော့ ကားတစ်စီးကို စီးနင်းနေစဉ်မှာသာမကဘဲ ကိုယ်နဲ့ကင်းကွာနေတဲ့ အချိန်အခါမျိုးတွေ မှာဆိုရင်လည်း သေချာထိန်းသိမ်းထားသင့်တာပါ။ ဒီလိုမှမဟုတ်ရင် ကားဟာ ဖုန်တွေ၊ ငှက်ချေးတွေကြား ထဲမှာ လှည့်ကြည့်ချင်စရာတောင် မရှိလောက်အောင်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်တစ်ပတ်နဲ့ အထက်လောက် ကိုယ့်ကားကို ပစ်ထားမိတော့မယ်ဆိုရင် ဘာတွေလုပ်သင့်လဲ။ ဘယ်လိုထားသင့် သလဲဆိုတဲ့အချက်လေးတွေနဲ့ ပတ်သက်လို့ အနည်းငယ်ဖော်ပြလိုက်ပါရစေ…

တံခါးပေါက်များဖွင့်ထား
နိုင်ငံရပ်ခြားကို ခရီးထွက်ကြသူအများစုက သူတို့ကားကို ဂိုထောင်ထဲမှာဖြစ်စေ၊ တစ်နေရာရာမှာ ဖြစ်စေ ရပ်နားထားခဲ့ရလေ့ရှိပါတယ်။ ကိုယ်က ကားဂိုထောင်ထဲမှာ ကားကိုရပ်နားထားခဲ့မယ်ဆိုပါတော့ ဒီနေရာ မှာလုပ်စရာရှိတာတစ်ခုကတော့ ကားမှန်တွေကို အနည်းငယ်လှစ်ဟပြီးမှ ကားကိုရပ်ခဲ့ဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကြောင်၊ ကြွက်စတဲ့တိရိစ္ဆာန်တွေဝင်နိုင်လောက်အောင် ဖွင့်ထားတာမျိုးတော့ မဖြစ်သင့်ပါဘူး။ မှန်တံခါးကို ဖွင့်ထားပါ။ တိရိစ္ဆာန်ငယ်လေးတွေဝင်ရောက်လာမှာ စိုးရိမ်ရင်တော့ ပရုပ်လုံးလို ဓာတုပစ္စည်းပါဝင်တဲ့ ပစ္စည်း တချို့ကိုကားအတွင်းမှာ အသုံးပြုထားနိုင်ပါတယ်။


ပလပ်စတစ်ခင်းပါ
သမံတလင်းခင်းထားတဲ့ ကားဂိုထောင်လိုနေရာမျိုးမှာ ကားကိုရပ်ထားခဲ့မယ်ဆိုရင်တော့ ပလပ်စတစ် တစ်ခုခုခင်းပြီးမှ ရပ်နားထားခဲ့တာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုရင် သမံတလင်းက တက်လာမယ့် ရေငွေ့တွေကြောင့် ကားအလွိုင်းတွေဖျက်ဆီးတတ်သလို သံချေးပါတတက်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ နေရောင်ခြည်နဲ့လည်း မထိတွေ့တာကြောင့် ကားရဲ့ပျက်စီး ဆုံးရှုံးမှုက ပိုပြီးမြန်ဆန်သွားနိုင် တယ်ဆိုတာကိုလည်း သတိထားရပါလိမ့်မယ်။

ကားအတွင်းပိုင်းကိုသန့်ရှင်းပါ
ကားတစ်စီးကိုကြာရှည်ရပ်နားမထားခင် နောက်ထပ်လုပ်သင့်တာ တစ်ခုကတော့ ကားအတွင်းပိုင်းကို အသေအချာ သန့်ရှင်းရေးလုပ်ဖို့ပဲဖြစ်ပါတယ်။ အကြောင်းကတော့ ကားအတွင်းပိုင်းမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့ရင် အနံ့အသက်တွေဆိုးလာစေမယ့်အပြင် မလိုလားအပ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေလည်းဖြစ်လာနိုင် တာကြောင့်ပါပဲ။ စားကြွင်းစားကျန်တွေကျန်တဲ့အခါ အင်းဆက်တွေ ကားအတွင်းကို ရောက်လာနိုင်ပြီး ထိုင်ခုံတွေကိုဖျက်ဆီးနိုင်သလို တချို့အခြေအနေမျိုးတွေမှာဆိုရင်တော့ ၀ါယာကြိုးတွေကိုပါ ဖျက်ဆီးသွားနိုင် တာကြောင့်ဖြစ်ပါတယ်။


ဆီအပြည့်ဖြည့်ထားပေးပါ
နောက်တစ်ခုလုပ်ထားဖို့ လိုအပ်တာကတော့ ကားကိုဆီအပြည့်ဖြည့်ထားဖို့ပဲဖြစ်ပါတယ်။ ဆီဖြည့် ထားတဲ့အတွက် ကားဆီတိုင်ကီအတွင်းကို ရေ၀င်ရောက်နိုင်ခွင့်နည်းပါးသွားမှာပါ။ တကယ်၍ ကားကိုကြာရှည် ပစ်ထားရတော့မယ့် အခြေအနေမျိုးမှာ ဆီမရှိဘဲ ဒီအတိုင်းပစ်ထားမိရင် ထည့်ထားလက်စဆီတွေအငွေ့ပျံပြီး ခမ်းခြောက်သွားတဲ့အခါ ဆီထဲမှာပါဝင်နေနိုင်တဲ့ရေတွေကြောင့် ဆီတိုင်ကီပေါက်တာမျိုးတွေတောင် ဖြစ်လာ နိုင်ပါတယ်။ ဒါကြောင့် ကားကို ရပ်နားထားရတော့မယ်ဆိုရင် ဆီဖြည့်ထားခြင်းကလည်း ကြိုတင်ကာကွယ် နည်းတစ်မျိုးဖြစ်ကြောင်း မှတ်သားထားသင့်တာပါ။



Spray ဖြန်းပါ
အင်ဂျင်ပိုင်းနဲ့ပတ်သက်လာပြီဆိုရင်တော့ Plug တွေဖြုတ်ထားသင့်သလို စလင်ဒါ၊ Plug အထိုင် စတဲ့နေရာတွေကို Spray ပက်ဖြန်းထားသင့်ပါတယ်။ ဒီလိုလုပ်တာကလည်း အင်ဂျင်ပိုင်းအတွင်း သံချေးတက် လာနိုင်မှုကို ကြိုတင်ကာကွယ်ခြင်းတစ်မျိုးဖြစ်ပြီး ခက်ခက်ခဲခဲလုပ်ဆောင်ရမယ့်အရာလည်း မဟုတ်တာကြောင့် မဖြစ်မနေပြုလုပ်ထားသင့်တာပါ။

ပါကင်ဘရိတ်ဖြုတ်ထားပါ
ရေရှည်ရပ်နားထားမယ့်ကားတစ်စီးအတွက် ပါကင်ဘရိတ်ကို ဖြုတ်ထားဖို့လည်း လိုအပ်မှာဖြစ်ပါ တယ်။ ပါကင်ဘရိတ်ကြောင့် ကားဘရိတ်ပြားတွေ ငြိကုန်နိုင်တာကြောင့်ပါ။ ပါကင်ဘရိတ်ကို အသုံးပြုတာထက် ဒီနေရာမှာပိုပြီး အသုံးဝင်မှာက အုတ်ခဲလိုအရာမျိုးနဲ့ ကားဘီးအောက်မှာခုထားဖို့ပဲ ဖြစ်ပါတယ်။

အာကာထက်ဝေ


-------------------------------------------------------- ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape





Share on Google Plus

0 comments:

Post a Comment