အန္တရာယ်ကင်းအောင် ဘယ်လိုမောင်းမလဲ








ကားမောင်းနှင်တယ်ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုလို့ ထင်စရာရှိပေမယ့် တကယ်တော့ အန္တရာယ် မဖြစ်အောင် မောင်းရတာခက်ခဲလွန်းပါတယ်။ ကားတစ်စီးကို မောင်းနှင်နေရသူဟာ လူအများစုရဲ့ အသက် ကို ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် သူတစ်စုံတရာ မှားယွင်းတာနဲ့ အများစုရဲ့အနာဂတ်က တစ်မျိုးတ ဖုံပြောင်းလဲ သွားနိုင်တာပါ။ ဒါကြောင့် ကားမောင်းနှင်ရတာဟာ လွယ်သလောင်နဲ့ခက်။ တိမ်မယောင်နဲ့ နက်တဲ့ ပညာ တစ်ရပ်လို့ ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ ဒါကြောင့် ယာဉ်မတော် တဆမှုတွေဖြစ်ပေါ်နေ တာကို လျှော့ချ နိုင်အောင်၊ အားလုံးအဆင်ပြေပြေနဲ့ လိုရာခရီးတစ်ခုကိုရောက်အောင်သွားနိုင်ဖို့ ကားကိုဘယ်လိုအန္တရာယ် ကင်းအောင်မောင်းနှင်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါလိမ့်မယ်။ ကားမမောင်းခင် ဘယ်လိုကြိုတင်ပြင်ဆင်မှု လေးတွေပြုလုပ်ထားသင့်သလဲဆိုတာ အကြံပြုပါရစေ။

များများ အိပ်ထားပါ
ခရီးဝေးတစ်ခုခုသွားဖို့ရှိလု့ ကိုယ်တိုင်ကားမောင်းရတော့မယ်ဆိုရင် အင်ပြည့်အားပြည့်နဲ့ ရှိနေဖို့လိုအပ် ပါတယ်။ ဒါကြောင့် ပထမဆုံး လုပ်ထားသင့်တာက အိပ်ရေး၀၀အိပ်ထားဖို့ပါပဲ။ ယာဉ်မတော်တဆမှုတွေဖြစ်တဲ့ အထဲမှာ ကားမောင်းရင်း အိပ်ငိုက်လို့ဖြစ်ရတဲ့ ယာဉ်တိုက်မှုတွေလည်း မနည်းမနောပါဝင်နေတာကြောင့် ခရီးရှည်မထွက်ခင် အိပ်ရေး၀၀အိပ်ထားသင့်တာပါ။ အရေးမကြီးဘူးလို့ ထင်ရပေမယ့် အိပ်ရေး၀၀အိပ်ထား သူဟာ ကားမောင်းနှင်ရာမှာ ခေါင်းကြည်ကြည်လင်လင်နဲ့ ရှိနေနိုင်သလို ကားကိုအပြည့်အ၀အာရုံစိုက်ပြီး မောင်းနှင်နိုင်မှာလည်း အသေအချာပါပဲ။ ဒီလိုနည်းနဲ့မှ အဆင်မပြေသေးဘူးဆိုရင်တော့ နောက်တစ်ခုလုပ် ထားသင့်တာက ကိုယ့်ကို ကားကူမောင်းနှင်ပေးနိုင်မယ့် တစ်စုံတယောက်ကို အလှည့်ကျကားမောင်းပေးဖို့ တောင်းဆိုရတော့မှာပါ။ ဒါပေမယ့် ဒီလိုနည်းက ကားမောင်းနိုင်သူတစ်ဦးလောက် ကိုယ့်ဘေးမှာ အဆင်သင့်ရှိ နေမှ အဆင်ပြေမှာဖြစ်လို့ ကိုယ်တိုင်အိပ်ရေးဝအောင် အိပ်ထားတာကပိုပြီး အဆင်ပြေစေမှာ အသေအချာပဲ ဖြစ်ပါတယ်။

မူးရင် မမောင်းနဲ့
ဖြစ်လေ့ဖြစ်ထရှိလို့ အကြိမ်ကြိမ်သတိပေးထားပေမယ့် အကြိမ်ကြိမ်ကျူးလွန်နေကြတဲ့ အမှားတစ်ခု ဖြစ်ပါတယ်။ လူအများစုဟာမူးနေချိန်မှာ ကိုယ့်ကိုယ်ကိုထိန်းသိမ်းနိုင်သေးတယ်ဆိုတဲ့အထင်နဲ့ ကားမောင်း တတ်ကြပေမယ့် ဒီလိုထင်မြင်ယူဆချက်တွေကြောင့်ပဲ မဖြစ်သင့်တဲ့ ယာဉ်တိုက်မှုတွေ ဖြစ်ကြရပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ကိုယ်တိုင်ကားမောင်းနှင်ရတော့မယ်ဆိုရင် အရက်မသောက်သင့်ပါဘူး။ နောက်တစ်ခုကတော့ အရက်အပြင် မူးယစ်စေတတ်တဲ့အရာတွေကိုလည်း သုံးစွဲမထားဖြစ်အောင် အကောင်း ဆုံး ရှောင်ရှားထားသင့်တာပါ။ ကားမောင်းတော့မယ်ဆိုရင် ကိုယ့်အနေနဲ့ စိတ်ရော၊ လူပါ အကြည်လင်ဆုံး အနေအထားမျိုးမှာ ရှိနေဖို့လိုအပ်ပြီး ဒီလိုမျိုးဖြစ်မနေဘူးဆိုရင်တော့ အရဲစွန့်ပြီးမမောင်းတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ တချို့ကတော့ နေမကောင်းရင်တောင် ကားမောင်းတတ်ကြတာကြောင့် ဒီလို အပြုအမူတွေကိုလည်း ရှောင်နိုင်ရင် အကောင်းဆုံးပါလို့ဆိုရမှာပါ။

အာရုံမပျံ့လွင့်အောင်နေပါ
မိုဘိုင်းဖုန်းတွေ လွယ်လင့်တကူအသုံးပြုလာနိုင်တဲ့ အချိန်မျိုးမှာ ဒီပစ္စည်းတွေက လူတွေနဲ့အချိန်ပြည့် လောက်နီးပါး အတူတကွရှိလာကြပါတယ်။ အထူးသဖြင့် လူအများစုက ကားမောင်းရင်း ဖုန်းပြောလာကြတာ၊ အင်တာနက်သုံးစွဲလာကြတာတွေ ပြုလုပ်လာကြတာပါ။ တကယ်တော့ ဒါတွေက ကိုယ့်အန္တရာယ်ကို ကိုယ်ဖိတ် ခေါ်နေသလိုပါပဲ။ ကိုယ်ကိုယ်တိုင်အတွက်လည်း မကောင်းသလို ကိုယ်မောင်းတဲ့ကားကို လိုက်ပါစီးနင်းမယ့် လူတွေအတွက်ပါ အန္တရယ်များတဲ့အပြုအမူဖြစ်တာကြောင့် ကိုယ်တိုင်ပြုလုပ်နေမိတယ်ဆိုရင်တောင် အချိန်မီ ရှောင်ရှားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဖုန်းပိတ်ထားဖို့လိုအပ်မှာပါ။ မဖြစ်မနေ ပြောစရာရှိနေ မယ်ဆိုရင်တော့ ကားမမောင်းခင်ပြောဆိုထားရင် အဆင်ပြေပါလိမ့်မယ်။ ခရီးသွားနေတဲ့အချိန် အရေးကြီးပြော ရမယ့် ဖုန်းတွေဝင်လာရင်တော့ ကိုယ့်ဘေးနားမှာ အဆင်သင့်ရှိနေမယ့် တစ်စုံတစ်ယောက်ကို ကိုယ်စားပြော ပေးဖို့ ခွင့်တောင်းနိုင်သလို နောက်ဆုံးတစ်ချက်အနေနဲ့ ကားကိုခဏရပ်ပြီး ပြန်လည်ဖြေဆိုလို့လည်း ဖြစ်ပါ တယ်။

တစ်နေရာတည်းကိုပဲ ကြည့်မနေပါနဲ့
ကားမောင်းသူတစ်ယောက်အနေနဲ့ နောက်ထပ်ပြုလုပ်သင့်တဲ့ အချက်တစ်ချက်ကတော့ ကိုယ့်ကား လေကာမှန်တစ်ခုတည်းကိုပဲ အသေကြည့်မနေဖို့ပါ။ ဒါဟာ အိပ်ချင်စိတ်ကို ဖိတ်ခေါ်နေသလိုဖြစ်နေတာ ကြောင့် ရှောင်ရှားသင့်ပါတယ်။ ခရီးဝေးသွားတဲ့အခါ ကိုယ့်အနေနဲ့ ပတ်ဝန်းကျင်ကို မျက်စိကစားနေတာက အကောင်းဆုံးပါပဲ။ သဘာဝပတ်ဝန်းကျင်ရဲ့ အရသာကိုခံစားနိုင်သလို အိပ်ငိုက်ချင်စိတ်ကိုပါ မောင်းထုတ်ပြီး သားဖြစ်နေမှာမို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်နေမှာ အသေအချာဖြစ်ပါတယ်။

အချက်ပြဖို့ မမေ့ပါနဲ့
နောက်ထပ်ပြုလုပ်သင့်တဲ့ အရာတစ်ခုကတော့ ကားမောင်းနေတဲ့အချိန်တွေမှာ လိုအပ်လာရင် အချက် ပြမီးဖွင့်ဖို့ မေ့မနေသင့်တာပါ။ တစ်ခါတရံမှာ အချက်ပြမီးပြဖို့ မေ့လျှော့သွားမှုက ကိုယ့်အသက်ပြန်ပေး လိုက်ရတဲ့အထိ တန်ဖိုးကြီးကြီးပေးဆပ်သွားရနိုင်တာကြောင့် ကိုယ်တိုင်ကားမောင်းနေချိန်မှာ အချက်ပြမီး အသုံးပြုတာကိုလည်း အကျင့်တစ်ခုဖြစ်အောင် ပျိုးထောင်ထားသင့်ပါတယ်။

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment