ကင်းမွန်ဆီပြန်၊ အစိမ်းကြော်၊ ဘူးသီးသောက်ဆမ်း။











          ဒီတစ်ပတ်မှာ ရာသီသတုပြန်အေးလာတော့ ရခိုင်စာစပ်စပ်လေးစားမယ်စိတ်ကူးတယ်။ ဒီလပိုင်း လောက်ဆို ရခိုင်မှာလည်း ကင်းမွန်တွေတက်နေလောက်ပြီလေ။ ရခိုင်မှာဆိုရင်တော့ ဈေးလည်းချို လတ်က လည်းလတ်ဆိုတော့ စားရတာတန်လည်းတန် ကောင်းလည်းကောင်းပေါ့နော်။ ဥတွေနဲ့ကင်းမွန်အမတွေကို ငရုတ်သီးစိမ်းနဲ့ စပ်စပ်လေးချက်စားရတာ သတရမိတယ်။ အကောင်လိုက်ကို နည်းနည်းလေးပဲခွဲပြီး အရေ ခွံခွာ အထဲက အစာအိမ်နဲ့ ထမင်းအိတ်ထုတ် ဥတွေမထွက်အောင် ရေနဲ့ခပ်ဖြေးဖြေးဆေးပြီး ဆီပြန်ခပ်ခြောက်ခြောက် လေးချက် အပင်ကဘူးသီးလေးခူးပြီး သောက်ဆမ်းချက်စားလို့ကတော့ ကောင်းမှကောင်းပေါ့။ ဒီမှာကျတော့ အဲလိုချက်စားလို့ အဆင်မပြေဘူးလေ။ 

ရန်ကုန်ကိုရောက်လာဖို့အတွက် လမ်းမှာသုံးလေးရက်လောက် ရေခဲနဲ့ ထိလာရတာဆိုတော့ အနံ့က လည်းပြောင်းနေပြီ။ အထဲမှာပါတဲ့ ကင်းမွန်ဥလေးတွေကလည်း သိပ်မလတ်တော့ ဘူးဆိုတော့ ဒါနဲ့ပဲ မယ်တော်မားသားအလတ်ဆတ်ဆုံးရှာဝယ်လာတဲ့ ကင်းမွန်ကိုပဲ ရခိုင်စတိုင်လ် ဆီပြန်စပ်စပ် လေးချက် လိုက်တော့မယ်။ နောက်ပြီးရွှေပဲသီး ပြောင်းဖူးနဲ့ မုန်လာဥနီကို အစိမ်းကြော် ပုံစံလေးကြောင်လိုက် မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျန်တဲ့နောက်ဟင်းနှစ်မျိုးဖြစ်တဲ့ ကင်းမွန်ဆီပြန်နဲ့ ဘူးသီးသောက်ဆမ်းက အစပ်တွေဖြစ်နေလို့ပါ။

ကင်းမွန်ဆီပြန်
          ကင်းမွန်ကို ခေါင်းလေးဖြုတ် ပါးစပ်နဲ့မျက်လုံးထုတ်ပြီး ရေစင်စင်ဆေးထားလိုက်မယ်။ ခေါင်းဖြုတ် လိုက် တာနဲ့ မင်အိတ်ရော၊ အစာအိမ်ပါလာတော့ မင်အိပ်မပေါက်အောင် သတိလေးထားပြီးလုပ် အစာအိမ် နဲ့မင်အိပ် ကိုလည်း သေချာလေးဖယ်လိုက်ပေါ့။ ကျန်တဲ့ကိုယ်လုံးကိုတော့ ဗိုက်ဖက်အလည်လောက် ကနေခွဲလိုက်ပြီး ကိုယ်လုံးမှာကျန်တဲ့ အပေါ်အခွံခွာ မလိုတာတွေဖယ် ရေသေချာဆေးပြီး အကွက်လေးတွေဖြစ်အောင်မွှန်း အနေတော်လေးတွေ လှီးထားလိုက်မယ်။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ဂျင်းရောထောင်း ပြီးရင် နနွင်းမှုန့်နည်းနည်းပါထည့်ပြီး သေချာဆီသတ် အစိမ်းနံ့ပျောက်လို့မွှေး လာပြီဆိုရင် စိမ်းစားငါပိလေးပါနည်းနည်း ထည့်ပြီး မွှေးလာတဲ့အထိ ဆီသတ်ပေးပြီးမှ သေချာသန့်စင် ထားတဲ့ ကင်းမွန်ထည့်ပြီး ကင်းမွန်ကျက်တဲ့အထိ  တည်ထားလိုက်ပေါ့နော်။ ဆီလေးလည်းပြန် အရသာလေးကလည်း ခပ်စပ်စပ်လေးနဲ့ စိတ်ကြိုက်ရပြီဆိုရင်တော့ ရခိုင်စတိုင်လ် ကင်းမွန်ဆီပြန်ဟင်း တစ်ပွဲရပြီပေါ့။

အစိမ်းကြော်
          အစိမ်းကြော် ကြော်ဖို့အတွက်ကတော့ မယ်တော်မားသားအကြိုက်ဝယ်လာတဲ့ ရွှေပဲသီး မုန်လာဥနီ နဲ့ ပန်ပြောင်းလေးကိုပဲ အစေ့ထွက်ပြီး ခပ်ကြွပ်ကြွပ်နဲ့ ချိုချိုလေးကြော်လိုက်မယ်။ ရွှေပဲသီးလေးတွေကို အညှာခြွေ ပြီး အကြောလေးတွေပါဖယ်ထားပြီးရင် ရေသေချာဆေးပြီး အနေတော်လှီး ရေစစ်ထား။ မုန်လာဥနီကိုအခွံခွာ ရေသေချာဆေးပြီး အစေ့လေးတွေခြွေထား။ ကြက်သွန်ဖြူတစ်တက်လောက်ကို အခွံခွာ ဓားပြားရိုက်ပြီး ဆီသတ် အနံ့မွှေးလာတာနဲ့ခြွေထားတဲ့ ပြောင်းဖူးစေ့လေးတွေထည့် ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ဆား၊ သကြား သင့်ရုံထည့်ပြီး ရေနည်းနည်းပါထည့် ပြောင်းဖူးစေ့လေးတွေနူးတဲ့အထိ ငါးမိနစ်လောက်တည်ထား။ ပြီးမှ မုန်လာ ဥနီနဲ့ ရွှေပဲသီးထည့်ပြီး နှစ်မိနစ်လောက်မွှေပေး အရသာမြည်းကြည့်လို့ ချိုငန်လေးဆိုရပါပြီ။ အသီးတွေကိုတော့  သိပ်မနူးစေပဲ ကြွပ်ကြွပ်လေးနေအောင်တော့ သတိထားပေးပေါ့နော်။ ဒါမှ ကြွပ်ကြွပ်လေးနဲ့စားလို့ကောင်းမှာ။

ဘူးသီးသောက်ဆမ်း
          သောက်ဆမ်းဆိုတာနဲ့ ရခိုင်စတိုင်လ်ဆိုတာတော့ သိပြီးသားနေမှာပေါ့နော်။ အရင်ဆုံးရေ ဆူလာအောင် တည် ရေဆူလာပြီဆိုရင် နနွင်းမှုန့်၊ ပုဇွန်ငါးပိနဲ့မန်ကျည်းသီးစိမ်းထည့် ဘူးသီးကိုအခွံခွာ ရေသေချာဆေးပြီး အနေတော်တုံးထား၊ တည်ထားတဲ့ဟင်းရည်က မန်ကျည်းသီးစိမ်းက အချိဉ်ထွက် လာပြီဆိုရင် ငရုတ်သီးစိမ်း ထောင်းထားတာနဲ့ အနေတော်တုံးထားတဲ့ ဘူးသီးလေးတွေထည့် ဘူးသီးနူးပြီ ဆိုရင် အရသာမြည်းကြည့် ချဉ်ငန်စပ်လေးနဲ့ ဘူးသီးအရသာချိုချိုလေးဆိုရင်တော့ ဘူးသီးသောက်ဆမ်း ဟင်းတစ်ပွဲရပါပြီ။ ဟင်းခပ်ကတော့ ရှိလည်းထည့် မရှိရင်လည်း ပုဇွန်ငါးပိကောင်းကောင်းနဲ့ဆိုရင်တော့ ဟင်းခတ်မလိုလောက်တော့ပါဘူး။

          ဒီတစ်ပတ်ကတော့ ဒီလောက်ပဲချက်ရအောင်လား၊ ဆွေမျိုးတို့ရာ နောက်တစ်ပတ်မှ နောက်တစ် မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 

Share on Google Plus

0 comments:

Post a Comment