လူထူထပ်တဲ့မြို့ပေါ်မှာ ကားမောင်းရတဲ့အခါ








ကားမောင်းနှင်တာဆိုတာ ခက်ခဲလွန်းတဲ့ အလုပ်တစ်ခုမဟုတ်ပေမယ့် ကားအကြောင်းကိုနားမလည် တာ၊ လမ်းကြောမသိတာ စတဲ့အချက်တွေကြောင့် အခက်တွေ့ရလေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ်က ကျေးလက်ဒေသမှာနေထိုင်ပြီး မြို့ပေါ်ကိုသွားရဖို့ အကြောင်းဖန်လာတဲ့အခါ ကားလမ်းမတွေဟာ နယ်က တက်လာသူတစ်ယောက်အတွက် အလွယ်တကူတစ်သားတည်းဖြစ်သွားဖို့ ခက်ခဲသလို အန္တရာယ် လည်းများ လွန်းတယ်ဆိုတာ မေ့ထားလို့မရပါဘူး။ ဒါကြောင့် ကျေးလက်နေပြည်သူတစ်ယောက်အနေနဲ့ မြို့ကြီးပြကြီးပေါ် မှာ ကားမောင်းရဖို့ အကြောင်းဖန်လာတဲ့အခါ ဘယ်လိုမောင်းနှင်သင့်တယ်ဆိုတာ အကြံပြုပေးချင်ပါတယ်။

တစ်ယောက်ယောက်ကို မောင်းခိုင်းပါ

နယ်မှာနေထိုင်သူတစ်ယောက်အနေနဲ့ မြို့ပေါ်ကိုရောက်လာတဲ့အချိန်မှာ တတ်နိုင်သမျှ ကားမမောင်း တာအကောင်းဆုံးပါပဲ။ ဒါမှမဟုတ်ရင်လည်း သက်ဆိုင်ရာလမ်းတွေနဲ့ အသားကျသွားအောင် တစ်စုံ တစ်ယောက်ကို ခဏဖြစ်ဖြစ် မောင်းနှင်စေသင့်ပါတယ်။ ဒါမှ ကိုယ့်အနေနဲ့ လမ်းအယူအဆတွေ၊ ကိုယ့် ပတ်ဝန်းကျင်က ကားတွေကိုလေ့လာပြီး ဘယ်လိုမောင်းနှင်တဲ့အခါ အဆင်ပြေမယ်ဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

အလေ့အကျင့်လုပ်ထားပါ
ကိုယ်မောင်းနှင်နေတဲ့ကားက Manual ဂီယာကားဆိုရင် လူတွေရှုပ်ထွေးလွန်းလှတဲ့ မြို့ပြလမ်းတွေ ပေါ်မှာ မောင်းနှင်ဖိုအတွက် အလေ့အကျင့်လုပ်ထားသင့်ပါတယ်။ ဒါမှလည်း မီးပွိုင့်တွေမိတဲ့အခါ ဒါမှမဟုတ် ရှုပ်ထွေးနေတဲ့ လူတွေကြားထဲရောက်တဲ့အခါ ကိုယ့်ခြေထောက်ကို အကောင်းဆုံးချိန်ဆရင်းအရှိန်ကို ထိန်းချုပ် နိုင်မှာပါ။ နယ်မှာကားမောင်းနှင်တဲ့အခါ ဒီအချက်ကမသိသာပေမယ့် မြို့ပေါ်မှာမောင်းနှင်ရတော့မယ်ဆိုရင် တော့ ကားကို အတိအကျထိန်းချုပ်နိုင်မှ အဆင်ပြေမှာဖြစ်ပါတယ်။

အချက်ပြမီးသုံးဖို့မမေ့ပါနဲ့
အချက်ပြမီးဆိုတာ ကားမောင်းနှင်သူတိုင်း အသုံးပြုလေ့ရှိပေမယ့် မြို့ပေါ်မှာကားမောင်းရတဲ့အခါ ပိုပြီး သတိထားအသုံးပြုရမှာဖြစ်ပါတယ်။ ကားတွေများပြားလွန်းလှတဲ့ နေရာမျိုးမှာ အခြားကားမောင်းသူတွေက ကိုယ့်ရဲ့စိတ်ကို လှမ်းဖတ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ကလမ်းပြောင်းချင်လို့ အချက်ပြတဲ့အခါ ကိုယ့် နောက်က ကားလွတ်ကင်းအောင် ရှောင်နိုင်လောက်တဲ့အကွာအဝေးတစ်ခုကို ချိန်ဆပြီးပြသင့်ပါတယ်။ အချက် ပြပြီးတဲ့အခါမှာလည်း သတိလက်လွတ်မမောင်းနှင်သင့်ဘဲ ကိုယ်အချက်ပြနေတာကို တစ်ဖက်ကမြင်၊ မမြင်စစ် ဆေးပြီးမှ လမ်းကြောင်းပြောင်းသင့်တာပါ။ နှစ်ခါ၊ သုံးခါ မကအောင်စစ်ဆေးနိုင်လေ ကောင်းလေပါပဲ။

မလိုအပ်ဘဲအလျင်စလိုမလုပ်နဲ့

ကိုယ်နဲ့ရင်းနှီးရင်းစွဲမရှိတဲ့ လမ်းတွေပေါ်မှာ ကားမောင်းနှင်တဲ့အခါ ကိုယ့်တစ်နိုင်အရှိန်မျိုးနဲ့သာမောင်း နှင်သင့်ပါတယ်။ ဒါ့အပြင် ကိုယ့်ဘေးနားလမ်းဘေးဝဲယာမှာရှိနေတဲ့ ကားတွေဘယ်လိုအချက်ပြနေလဲ။ ဘယ်လို မူမမှန်တဲ့ပုံစံမျိုးနဲ့ မောင်းနှင်နေလဲဆိုတဲ့အချက်တွေကိုလည်း မပြတ်သတိထားနေရပါလိမ့်မယ်။ ကိုယ့်ရှေ့မှာ မောင်းနှင်နေတဲ့ကားက အချက်ပြပြီးထွန်းတဲ့အခါ ကိုယ်ကအန္တရာယ်မဖြစ်နိုင်လောက်မယ့် အကွာအဝေး လောက် ရောက်သွားအောင် အရှိန်လျော့ပြီး နောက်ကလိုက်သင့်တာပါ။

ဇဝေဇ၀ါဖြစ်တတ်တယ်
နယ်ကတက်လာသူတစ်ဦးအနေနဲ့ တစ်လမ်းသွားလမ်းမတွေလောက်ကိုသာ ထိတွေ့ရတာများမှာပါ။ ဒီတော့ ဦးတည်ရာတစ်ခုတည်းကို နှစ်လမ်းသွား၊ သုံးလမ်းသွားဖြစ်အောင်ဖောက်ထားတဲ့လမ်းတွေနဲ့ တွေ့တဲ့ အခါ ဘယ်လမ်းကြောင်းက မောင်းနှင်ရမှန်းမသိတော့ဘဲ ဇဝေဇ၀ါဖြစ်တတ်ပါတယ်။ တကယ်လို့ စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်လာရင် စိုးရိမ်စိတ်အဖြစ်မခံဘဲ ကိုယ်မောင်းနှင်နေဖြစ်တဲ့ လမ်းကြောင်းထဲမှာပဲ ကားကိုသတိနဲ့ ထိန်းပြီးမောင်းနှင်နေလိုက်ပါ။ ပြီးရင်ကိုယ့်ရှေ့ကကား ဘယ်လိုမောင်းနေလဲဆိုတာကို လေ့လာပြီး မီးစင်ကြည့် ကရတော့မှာဖြစ်ပါတယ်။

ရန်လိုတဲ့အမူအရာတွေကို မေ့ထားပါ
မြို့ပြမှာကားမောင်းတဲ့အခါ တွေ့မြင်ရလေ့ရှိတဲ့အပြုအမူတွေဖြစ်ပါတယ်။ ကိုယ်ကလမ်းမှန်အောင် မောင်းနှင်နေပါလျက်နဲ့ အခြားကားသမားတွေရဲ့ အော်ဟစ်ရန်စခြင်းခံရတဲ့ အချက်ဖြစ်ပါတယ်။ ကိုယ်က ကြုံတွေ့ရလေ့ရှိတဲ့အပြုအမူတစ်ခု မဟုတ်တာကြောင့် စိတ်တိုဒေါသထွက်သွားတတ်ပေမယ့် မေ့ထားလိုက် တာအကောင်းဆုံးပဲလို့ အကြံပေးချင်ပါတယ်။ သူစိတ်အခန့်မသင့်လို့ ဖြစ်နေတာနေမှာပါဆိုတဲ့အတွေးနဲ့ မသိကျိုးကျွံပြုလိုက်တာ အကောင်းဆုံးပါပဲ။

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment