ခေတ်သစ်လုံခြုံရေးစနစ်အတွက် အသင့်ဖြစ်လာတော့မယ့် Voice Biometrics








ကမ္ဘာတစ်ဝန်းကစီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အစိုးရဌာနဆိုင်ရာ လုပ်ငန်းတွေအတွက် လုံခြုံရေးစနစ် အဖြစ်အသံနဲ့အတည်ပြုမှတ်သားပေးနိုင်ဖို့ကြိုးပမ်းမှုဟာအခုအခါ အတော်လေးခရီးရောက်လာခဲ့ပါပြီ။ တချို့နေရာတွေမှာဆိုရင် Password  ချိုးဖောက်ခံရမှုကိုကာကွယ်ဖို့အတွက် ဒီစနစ်ကိုအစားထိုး သုံးစွဲလာခဲ့ကြပြီး အလျင်အမြန်ဆိုသလိုဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာတစ်ခုလည်းဖြစ်လာခဲ့ပါပြီ။

ကနေဒါနိုင်ငံမှာရှိတဲ့ TD Bank Group လို့ခေါ်တဲ့ ငွေကြေး၊ ဘဏ်လုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုမ္ပဏီကြီးဟာ သူတို့ရဲ့ဖောက်သည်တွေကို သူတို့ရဲ့ account တွေထဲဝင်ရောက်ဖို့ call center တွေဆီကနေတစ်ဆင့်လုံခြုံရေးဆိုင်ရာမေးခွန်းတွေမေးပြီး အသံအတည်ပြုစနစ်နဲ့ဝင်ရောက်နိုင်ဖို့ ပြုလုပ်ပေးထားပါတယ်။ ဒီလိုဝင်ရောက်ဖို့အတွက် “Call center တွေက ဖြေကြားသူတွေဟာ သင့်ရဲ့နာမည်အရင်းကိုသိစရာမလိုပါဘူး။ ကိုယ်အတည်ပြုဖို့ပြောဆိုထားတဲ့မျိုးရိုးနာမည်၊ အလယ်စာလုံး ဒါမှမဟုတ် တခြားစကားစုတစ်ခုခုကိုပြောဆိုလိုက်ရုံပါပဲ။ စနစ်တွေထဲကိုဝင်ရောက်ဖို့အတွက် အတည်ပြုဖို့လိုအပ်တဲ့အသံကိုသာ တောင်းဆိုမှာဖြစ်ပါတယ်” ဟု Bank of New Zealand ရဲ့ အသံလုံခြုံရေးနည်းပညာပိုင်းကို ကိုင်တွယ်နေရတဲ့ Clive ကဆိုပါ တယ်။

ကယ်လီဖိုးနီးယားအခြေစိုက် Voice Vault ကုမ္ပဏီကစီးပွားရေးလုပ်ငန်းအများစုရဲ့ ဖောက်သည်တွေ အတွက် အသံနဲ့အတည်ပြုစနစ်ကို “Vocal signature” အဖြစ် အသုံးပြုနိုင်ဖို့ ဖုန်းကနေတစ်ဆင့် အသံဖိုင်ကိုရယူသိမ်းဆည်းလေ့ရှိပါတယ်။ Voice Vault ရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ NikStanbridge ကတော့ “ဒီနည်းပညာတိုးတက်လာတာနဲ့အမျှ လက်ရှိလုပ်ငန်းစဉ်တွေအကုန်လုံးကို အစားထိုးပြောင်း လဲနိုင်မှာဖြစ်ပါတယ်။ အချိန်ကုန်သက်သာပြီးအလုပ်လည်းပိုတွင်လာနိုင်ပါတယ်။ ဥပမာ ဂေါက်သီးရိုက်ကွင်းမှာဂေါက်ရိုက်နေတုန်း ကုမ္ပဏီကအရေးတကြီး Sign ထိုးဖို့လိုအပ်လာခဲ့ရင် အသံနဲ့အတည်ပြုပေးလိုက်ရုံပါပဲ”လို့ vocal Print နည်းပညာရဲ့အသုံးဝင်ပုံကို မီးမောင်းထိုးပြထားပါတယ်။

ကျွန်တော်တို့ဟာလက်ရှိအချိန်မှာလူတစ်ဦးတစ်ယောက်ချင်းစီအတွက် သီးသန့်တည်ရှိနေတဲ့ ကွဲလွဲချက်တွေ အပေါ်မူတည်ပြီး လုံခြုံရေးစနစ်အဖြစ်အသုံးချနိုင်ဖို့ Biometric နည်းပညာတစ်ခုဖြစ်တဲ့ finerprint ကိုထဲထဲဝင်ဝင်အသုံးပြုနေကြပါတယ်။ ဒါပေမယ့် vocal Print လို့ခေါ်တဲ့ အသံနဲ့အတည်ပြုမှတ် သားနိုင်တဲ့ စနစ်သာတိုးတက်ကောင်းမွန်လာခဲ့ရင် နည်းပညာခေတ်ရဲ့ လူနေထိုင်မှုပုံစံဟာတစ်မျိုးတစ်ဖုံပြောင်း လဲလာ ဦးမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့အသံဟာသီးသန့်ပိုင်ဆိုင်တဲ့ ကိုယ့်ရဲ့လုံခြုံရေးစကားဝှက်တစ်ခုဖြစ်လာတဲ့အခါ ဆက်စပ်အသုံးပြုနေရတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ပတ်ဝန်းကျင်တွေနဲ့ လုပ်ငန်းခွင်တွေအကုန်လုံး ဟာတစ်ပြေးညီပြောင်းလဲသွားနိုင်ပါတယ်။

Biometrics နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ FST ကုမ္ပဏီဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အသံစနစ် တင်မကဘဲ ခန္ဓာကိုယ်အနေအထား၊ မျက်နှာပုံစံ၊ လှုပ်ရှားမှုပုံစံအစရှိတဲ့ ခန္ဓာကိုယ်နဲ့ဆက်စပ်ပြီး လုံခြုံရေး စနစ်အဖြစ်အတည်ပြုအသုံးချနိုင်မယ့် လုံခြုံရေးနည်းပညာတွေကို ၀န်ဆောင်မှုပေးလျက်ရှိပါတယ်။ FST  ရဲ့အကူအညီနဲ့ လေဆိပ်ဝင်ပေါက်၊ ထွက်ပေါက်ဌာနအသီးသီးအတွက် လုံခြုံရေးစနစ်အတွက် အသုံးပြုနိုင် သလို လုံခြုံရေးစနစ်ရဲ့ မျက်နှာပြင်(မော်နီတာ)ပေါ်မှာ ပေါ်လာတာနဲ့ဘယ်သူဘယ်ဝါ ဆိုတာချက်ချင်း အတည်ပြုပေးနိုင်တဲ့အတွက် အချိန်ကုန်သက်သာပြီး ပိုမိုလွယ်ကူသွားမှာဖြစ်ပါတယ်။ 

ဒါ့အပြင်ခရီးသွားတွေ၊ ဖောက်သည်တွေအတွက်လည်း လုံခြုံရေးစစ်ဆေးမှုအတွက် စိတ်ကျဉ်းကြပ်စေတာ၊ ကသိကအောက်ဖြစ်စေတာမျိုးမဖြစ်စေတော့တဲ့အတွက် သက်တောင့်သက်သာရှိစေပါတယ်။ နောက် တစ်ဆင့်အနေနဲ့ “voice biometric စနစ်ဟာ PIN ကုတ်တွေ၊ ငွေပေးချေမှုကဒ်တွေနဲ့ နေရာမှာထပ်မံ အစားထိုးဝင်ရောက်နိုင်ခဲ့ရင်ပိုပြီးလုံခြုံမှုပြည့်ဝလာသလို ငွေပေးချေမှုတွေပိုပြီးလွယ်ကူလာလိမ့်မယ်” လို့ ငွေပေးချေမှု device တွေထုတ်လုပ်နေတဲ့ Belkin ကုမ္ပဏီကဆိုပါတယ်။

 ဂျော်ဂျီယာအခြေစိုက် လုံခြုံရေးနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ AhyTrax ကတော့ ဒီနည်းပညာကိုခြေရာခံဖို့ စောင့်ကြည့်ဖို့နေရာမှာအသုံးချနိုင်ဖို့အတွက်ကြိုးပမ်းနေပါတယ်။ ကုမ္ပဏီရဲ့နည်းပညာအင်ဂျင်နီယာဖြစ်သူ Louie Hunter က ''မြို့တွင်းကချိတ်ဆက်ထားတဲ့ တယ်လီဖုန်းကွန်ရက်တွေ၊ အများသုံး တယ်လီဖုန်းတွေ ကနေတစ်ဆင့် ပြောဆိုတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ ဘယ်နံပါတ်တွေကနေ ဆက်နေ တယ် ဆိုတာ ချက်ချင်းထောက်လှမ်းပေးနိုင်မှာပါ''လို့ ဆိုပါတယ်။ 

ရာဇ၀တ်မှုမှတ်တမ်းရှိထားသူတွေကို ဒီလိုနည်းနဲ့သာခြေရာခံထားနိုင်ရင် သူတို့ဆက်သွယ်ပြောဆိုတဲ့ အခါမှာပဲ နောက်ထပ်ဖြစ်ပေါ်လာနိုင်မယ့် မလိုလားအပ်တဲ့ပြဿနာတွေကို ကြိုတင်တားဆီးနိုင်မှာဖြစ်ပါ တယ်။ ဒီနည်းလမ်းဟာ ရာဇ၀တ်မှုတွေလျော့ကျဖို့အထောက်အကူပြုနိုင်သလို ရဲအရာရှိတွေအဖို့ ပြစ်ဒဏ် ကျအကျဉ်းသားတွေကို ခံဝန်ကတိနဲ့လွှတ်ထားတဲ့အချိန်မှာ စောင့်ကြည့်နိုင်မယ့် အကောင်းဆုံးနည်း လမ်းတစ်ခုဖြစ်လာပါတယ်။

နောက်တစ်ချက်ကလုပ်ငန်းခွင်တွေမှာအရေးကြီးတဲ့အချိန်ခွင့်ယူလာဖို့လိုအပ်တဲ့အခါ ကိုယ်တိုင် သက်သေပြပြောဆိုဖို့အကောင်းဆုံးနည်းလမ်းဖြစ်သလို၊နေ့လည်စာထွက်ချိန်နဲ့ ဧည့်သည်နဲ့ တွေ့တဲ့ အချိန်တွေ ကိုမှတ်သားဖို့အသုံးပြုနေတဲ့ ရုံးတွင်းဆိုင်ရာစီမံခန့်ခွဲမှုစနစ်တွေကိုလည်း voice print နဲ့ပဲချိတ်ဆက်ထားနိုင်ခဲ့ရင် ပိုပြီးအဆင်ပြေလာစေမှာဖြစ်ပါတယ်။

Voice biometric လို့ခေါ်တဲ့ အသံနဲ့အတည်ပြုနိုင်တဲ့လုံခြုံရေးစနစ်ဟာ ဟိုအရင်တုန်းက SciFi ရုပ်ရှင်တွေ ထဲမှာ မြင်တွေ့နေကျ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ဒီစနစ်နဲ့ပတ်သက်ပြီး တွင်တွင်ကျယ်ကျယ် လက်တွေ့အသုံးပြုနေတဲ့နေရာတွေ၊ ကုမ္ပဏီတွေအများအပြား တည်ရှိနေပြီဖြစ်ပါ တယ်။ 

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာနေတဲ့နည်းပညာအသုံးအဆောင်တွေ အထူးသဖြင့် စမတ်ဖုန်းတွေအ တွက် ဒီနည်းပညာကိုလုံခြုံရေးစနစ်တစ်ခုသဖွယ် အသုံးချလာနိုင်ဖို့ဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ မလွဲမသွေရောက်ရှိလာတော့မှာဖြစ်ပါတယ်။ လက်ရှိအချိန် voice print ရဲ့ရှေ့ပြေးအဖြစ်ယူဆနိုင်တဲ့ Voice Assistant လုပ်ဆောင်ချက်တွေဟာ စမတ်ဖုန်းတွေဆီမှာပါဝင်နေပြီး လုပ်ငန်းဆောင်တာ အတော် များများကို ပြုလုပ်နေပြီဖြစ်ပါတယ်။ အထူးသဖြင့် နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Appel, Google နဲ့ Microsoft တို့ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဈေးကွက်ချုပ်ကိုင်နိုင်မှုအတွက် ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

မဝေးတော့တဲ့အနာဂတ်မှာ ကိုယ့်ရဲ့အသံဟာစမတ်ဖုန်းကို unlock  ပြုလုပ်နိုင်တဲ့ Password ဖြစ်သလို၊ အိမ်တံခါးကိုလည်းဖွင့်နိုင်တဲ့ သော့လည်းဖြစ်လာပါလိမ့်မယ်။ ငွေပေးချေဖို့အတွက် credit card ရဲ့ PIN တွေ cpde တွေ ရိုက်နေစရာမလိုသလို တစ်ကိုယ်ရေအချက်အလက်တွေထိန်းသိမ်းဖို့ ရှုပ်ထွေးတဲ့လုံခြုံရေးစနစ်ကိုလည်း အသုံးပြုစရာလိုမှာမဟုတ်တော့ပါဘူး။

မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment