အချစ်က ကစ်ကစ်အတွက် ပူလောင်ပါတယ်…. ၀တ်မှုန်ရွှေရည်











အချစ်ဆိုတာကို ခံစားတတ်ပါတယ်။ ဒါပေမဲ့ အချစ်ရဲ့မွန်းကြပ်မှုတွေကို ကစ်ကစ်မခံစားနိုင်ဘူး။ ၁၅၀၀ အချစ်က ကစ်ကစ်အတွက် ပူလောင်ပါတယ်…. ၀တ်မှုန်ရွှေရည်


အချိန်တိုအတွင်းအောင်မြင်ခြင်းတွေနဲ့ စူပါစာရင်းဝင်ခဲ့တဲ့နောက် သူဆက်လျှောက်လာတဲ့ အနုပညာခရီး လမ်းအပေါ် ယုံကြည်ချက်၊ ရည်ရွယ်ချက်တွေမပျက်ဖို့အတွက် အနုပညာလောကဓံရဲ့ ရိုက်ချက်တွေကြား ဘယ်လိုခံယူထားလဲဆိုတာကို အကယ်ဒမီ ၀တ်မှုန်ရွှေရည်က အခုလိုပဲပြောပြခဲ့ပါတယ်။

သရုပ်ဆောင်ဖြစ်လာသောအခါ …
ကိုယ်လုပ်ချင်တယ်ဆိုတာထက် လုပ်နိုင်မယ်ထင်တာလေးတွေနဲ့ပဲ ကစ်ကစ်စခဲ့တယ်။ ကြော်ငြာနဲ့ သရုပ်ဆောင်ဆိုတာ အများကြီးကွာခြားတယ်။ ကြော်ငြာက သီချင်းစာသားလေးနဲ့ ကိုယ့်အမူအယာလေးကို လွတ်လပ်စွာလုပ်ရတာ။ အချိန်တိုလေးအတွင်းမှာ ပရိသတ်ကိုကြော်ငြာချင်တဲ့ပစ္စည်း လေးပေါ်လွင်အောင်လုပ် ရတာ၊ သရုပ်ဆောင်ရတာလည်းမတူဘူး။ ရုပ်ရှင်ဗီဒီယိုကတော့ စကားပြောတွေပါတယ်။ ပြီးတော့ ကိုယ်တစ် ယောက်တည်းလုပ်လို့မရဘူး။ အများနဲ့တွဲပြီးလုပ်ရတာ။ အိုက်တင်မမှားအောင် ဒိုင်ယာလော့ဒ်တွေ မမှားအောင်သတိထားရတယ်။ ကြော်ငြာလိုလည်းဝတ်ချင်တိုင်း ၀တ်လို့မရဘူး။ ကိုယ့်ဇာတ်ရုပ်နဲ့လိုက်မယ့် ဇာတ်လမ်းနဲ့လိုက်မယ့် အ၀တ်အစားကိုရွေးဝတ်ရတယ်။ ကာရိုက်တာအရ လှချင်လည်းလှမယ်။ မလှချင်လည်း မလှဘူးပေါ့။ သရုပ်ဆောင်ဖြစ်လာတော့ အများနဲ့လည်းဆက်ဆံရတယ်။ ဇာတ်လမ်းတွေလည်းဖတ်ရတယ်။ အိုက်တင်တွေမထပ်အောင်လည်း သတိထားရတယ်။ ကိုယ်ကကြိုးစားမှ ပရိသတ်လက်ခံအောင်လုပ်နိုင်မှ အရည်အချင်းရှိမှဖြစ်မယ်လို့ ယုံကြည်ထားတယ်။ အနုပညာဝမ်းစာဆိုတာ တကယ်ခက်ခဲတယ်လို့ ပြောကြ တယ်။ တကယ်ကြိုးစားပြီး ပါရမီအခံရှိမှသာအောင်မြင်နိုင်မှာပါ။ ကြော်ငြာကလည်း ပေါ့ပေါ့ပါးပါးဆိုပေမယ့် လိုချင်တဲ့ပုံစံကိုရဖို့ကြိုးစားရသလို သရုပ်ဆောင်ကလည်း ကာရိုက်တာနဲ့ဇာတ်ကောင်ကို ၀င်အောင်လုပ်နိုင်မှ ပရိသတ်လက်ခံမှာ။ ကိုယ်ကအနုပညာအလုပ်တွေကိုဝါသနာအရ ကြိုးစားပြီးလုပ်သလို အချိန်ကိုလည်း လေးစားရတယ်။ စိတ်ကို လူကြီးလိုထားပြီး ကိုယ်ကတော့ ကလေးလိုပဲနေတာပါ။

အောင်မြင်မှုရဲ့နောက်မှာ ဖိအားတွေများလာသောအခါ …
ကိုယ်ပိုင်လွတ်လပ်ချိန် ဆိုတာကတော့ နည်းသွားတာပေါ့။ တစ်ခါတစ်လေ ကိုယ့်မှာကားရိုက် တွေကြော်ငြာတွေမအားလို့ လူမှုရေးကိစ္စတွေမှာ ပျက်ကွက်သွားတာလေးတွေရှိတယ်။ ကိုယ်လက်ခံထားတဲ့ အနုပညာအလုပ်တွေကိုလည်း ကတိမပျက်အောင် သတိထားရတယ်။ ကစ်ကစ်ဒီသရုပ်ဆောင်အလုပ်ကို စမလုပ်ခင်ကတည်းက မိဘတွေကပြောပါတယ်။ စိတ်ပင်ပန်း၊ လူပင်ပန်းတဲ့ဒဏ်တွေကို မခံနိုင်မှာစိုးတယ်။ စိတ်ပျက်ပြီး မလုပ်နိုင်မှာစိုးတယ်။ မလုပ်ရင်မလုပ်နဲ့ လုပ်မယ်ဆိုရင်လည်း နောက်မဆုတ်နဲ့တဲ့။ အောင်မြင်မှုရဲ့ နောက်မှာ အနုပညာဆိုတာ အခွင့်အရေးတွေ လုပ်ခွင့်တွေရလာတာပါ။ ဒီအပေါ်မှာ ကျေနပ်နေလို့တော့ မရဘူး။ ကိုယ်ကအောင်မြင်မှုအတွက် ရှေ့ဆက်ထိန်းရမယ်ဆိုတဲ့ဖိအားတွေ များလာတယ်။ ကိုယ့်ရဲ့ဇာတ်ကား တစ်ကားပြီးသွားရင် ဇာတ်ကားထွက်လာလို့ ပရိသတ်မကြိုက်မှာ၊ ကိုယ့်ကိုလက်မခံမှာကို စိုးရိမ်တဲ့စိတ်ရှိတယ်။ ကိုယ်ရိုက်တဲ့ကားတွေများပြီး ပရိသတ်မကြိုက်ရင်ဘာလုပ်မှာလဲ။ ကစ်ကစ်ကတော့ အမြဲကြိုးစားနေပါတယ်။ အောင်မြင်မှုများလေလေ တာဝန်ကြီးလေလေပဲ။ ကစ်ကစ်ရဲ့ အသက်အရွယ်နဲ့ မမျှတဲ့ဖိအားတွေကို ရင်ဆိုင် နေရပေမယ့် ကိုယ့်ကိုယ်ကိုယ်ရင့်ကျက်အောင်အမြဲကြိုးစားနေပါတယ်။ တဖြည်းဖြည်းနဲ့လည်းနေတတ်လာပါပြီ။

ဘ၀နဲ့အနုပညာအကြား အချစ်ရဲ့နှလုံးသားကို လှုပ်နှိုးကြည့်သောအခါ…
ကိုယ်ကအိမ်မှာထက် ရှုတင်မှာရိုက်ကွင်းမှာနေရတဲ့အချိန်က ပိုများပါတယ်။ ကိုယ့်ရဲ့လောက သားတွေနဲ့ နေ့တိုင်းထိတွေ့နေရတော့ မိသားစုလိုဖြစ်နေပြီး ရှုတင်အိမ်ဆိုတာလည်း ကိုယ့်အိမ်လိုဖြစ်နေပြီ။ အားလုံးနဲ့ လိုက်လျောညီထွေအောင်နေပါတယ်။ ခုချိန်မှာ ကိုယ့်ရဲ့အလုပ်ကိုပဲ အာရုံစိုက်ပါတယ်။ တခြားကိစ္စ တွေကိုအချိန်ပေးပြီး သိပ်မစဉ်းစားချင်ဘူး။ မိသားစုနဲ့နေရတဲ့အချိန်က နည်းတဲ့အတွက် အားတဲ့ရက်ဆို အိမ်မှာပဲနေတယ်။ အချစ်ဆိုတာကိုခံစားတတ်ပါတယ်။ ဒါပေမဲ့ အချစ်ရဲ့မွန်းကြပ်မှုတွေကို ကစ်ကစ်မခံစား နိုင်ဘူး။ ၁၅၀၀ အချစ်က ကစ်ကစ်အတွက် ပူလောင်ပါတယ်။ အေးမြတဲ့မေတ္တာကိုပဲလိုချင်တယ်။ အားလုံးကို မေတဿတာနဲ့ပဲဆက်ဆံတယ်။ ကိုယ့်ကိုအေးချမ်းမှုပေးနိုင်တဲ့ အချစ်မျိုးကိုပဲလိုချင်တယ်။ ကစ်ကစ်ကို အရမ်းမြတ်နိုးတဲ့သူ၊ ကိုယ့်ကိုဂရုစိုက်တဲ့သူ၊ အရမ်းချစ်တဲ့သူဖြစ်ရမယ်ပေါ့။ ခုချိန်မှာတော့ ကစ်ကစ် ရဲ့ အနုပညာအလုပ်တွေကိုပဲ အဓိကထားတယ်။

တစ်နေ့တာအစားအစာ …

မနက်စာကို အလွန်အကျွံမစားတတ်ဘူး။ နည်းနည်းပဲ စားချင်စားမယ်။ ရှုတင်ပေါ်ရောက်မှပဲ ကော်ဖီနဲ့ ပေါင်မုန့်စားဖြစ်တယ်။ Snark တွေစားတယ်။ မနက်ဖက်နဲ့ နေ့ခင်းနေ့လယ်တော့ သိပ်ပြီး စားသောက်တတ်တာ မျိုးမရှိဘူး။ ညဘက်အိမ်ပြန်ရောက်မှပဲ စားချင်တာကိုဝအောင်စားတယ်။ ပြီးရင် Juice ဖြစ်ဖြစ်၊ အသီးအနှံတစ် ခုခုကိုတော့ စားတတ်ပါတယ်။ ကိုယ်နဲ့မတည့်ဘူးထင်တဲ့ အစားအစာကိုတော့ ရှောင်တယ်။ အဆီအစိမ့်တွေ သိပ်မစားဘူး။ ကစ်ကစ်က အစပ်ဆိုအရမ်းကြိုက်တယ်။ အစပ်မစားရရင်ကို မနေနိုင်တာ။ ဒါပေမဲ့အပူအစပ် ကတော့ လူတိုင်းနဲ့မတည့်သလို ကစ်ကစ်နဲ့လည်း မတည့်ပါဘူး။ ဒါကြောင့် အခုနောက်ပိုင်း သိပ်ပြီးတော့ အစပ် တွေမစားတော့ဘူး။ ထမင်းစားရင် အသားငါးမပါရင်ရတယ်။ အသီးအရွက်ကြော်တစ်ခုခုတော့ပါမှ စားကောင်း တာ၊ အသားငါးထက် ဟင်းသီးဟင်းရွက်ကိုပိုကြိုက်တယ်။

လှုပ်လှုပ်ရှားရှားအားကစား
အားကစားကိုတော့ ၀ါသနာပါတယ်။ ဒါပေမဲ့အချိန်ပေးပြီး ကစ်ကစ်မလုပ်ဖြစ်ဘူး။ အားကစားလှုပ်ရှား မှုက လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာကို အထောက်အကူပြုတယ်ဆိုတာကို ကိုယ်တိုင် အားကစား လုပ်ကြည့်မှသိလာတယ်။ အားကစားလုပ်ရတာပင်ပန်းတယ်လို့ ထင်ရပေမယ့် ပင်ပန်းနွမ်းနယ် နေတဲ့စိတ်တွေ က အားကစားလုပ်မှ ပေါ့ပါးလန်းဆန်းသွားတာမျိုးလည်းရှိတယ်။ ကစ်ကစ်အရင်က အားတဲ့အချိန်လေးတွေမှာ Gym ကစားဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ ပုံမှန်အားကစားတစ်ခုကိုလုပ်နိုင်ရင်တော့ ကောင်းပါ တယ်။

လှပစိုပြေအသားအရေ
ကိုယ့်ရဲ့ နဂိုရှိပြီးသား အသားအရေကိုပဲ မပျက်စီးအောင်ထိန်းသိမ်းတာပါ။ အသားအရေဆိုတာ ကလည်း နေလောင်တာ မိတ်ကပ်လောင်တာတွေရှိတယ်။ ကိုယ်နဲ့တည့်တဲ့ လိုက်ဖက်တဲ့ Skin Care တွေကိုပဲရွေးလိမ်းတယ်။ တံဆိပ်ဆိုတာထက် ကိုယ်နဲ့အသုံးတည့်မယ့် Cream က အသင့်တော်ဆုံး ပဲ။ အသားအရည်မထိခိုက်အောင် နေလောင်တာမျိုးကျတော့လည်း ကိုယ်က သိပ်အထိအတွေ့မရှိဘူးလေ။ ရှုတင်နဲ့အိမ်သွားတာ၊ အပြင်သွားတာကအစ ကားနဲ့သွားနေရတော့ နေထိတာမျိုးတော့ သိပ်မရှိပါဘူး။ Out door ရိုက်တဲ့အခါမျိုးဆိုရင်တော့ နေရောင်ခြည်နဲ့ အထိအတွေ့ရှိတယ်။ နေရောင်ခြည်ကတော့ ရောဂါပိုးကိုသေစေတာပဲ။ နေရောင်ခြည်ဆိုတာကလည်း လိုသလောက်တော့ရသင့်ပါတယ်။ အရမ်းနေပူနေရင် တော့ လုံခြုံတဲ့ထီးနဲ့သွားတယ်။

ကျန်းမာပျော်ရွှင်စိတ်ကြည်လင်
ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာကို လူတိုင်းလက်ခံကြတယ်။ ကျန်းမာမှလည်း အလုပ် လုပ်နိုင်မှာလေ။ ကျန်းမာနေတဲ့စိတ်ကို ကြည်ကြည်လင်လင် ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင်တော့ နေတတ်ရမယ်။ စိတ်ကြည်မှလည်း အလုပ်လုပ်ရတာ ပေါ့ပါးလန်းဆန်းမှာပါ။ ဟိုတုန်းကတော့ နေမကောင်းရင် ဆေးထိုး ဆေးသောက် ပျောက်တယ်လို့ပဲ မှတ်ယူထားခဲ့တာ။ တကယ်အလုပ်လုပ်ချင်သူအတွက် ကျန်းမာရေးကောင်းဖို့ အချက်က အရေးကြီးဆုံးပဲ။ ကျန်းမာရေးမကောင်းရင် စိတ်သွားတိုင်းကိုယ်မပါသလို လုပ်ချင်တာတွေကိုလည်း လုပ်လို့ရမှာမဟုတ်ဘူး။ ဒါကြောင့် လူတိုင်းအတွက် တစ်ကိုယ်ရည်ကျန်းမာရေးကို ဂရုစိုက်ကြမယ်ဆိုရင် ဘ၀မှာပျော်ရွှင်ဖို့ကောင်းပါတယ်။ အလှအပထိန်းသိမ်းမှုအပိုင်းမှာလည်း ကျန်းမာရေးကောင်းဖို့အရေးကြီး ပါတယ်။

အဉ္ဇလီ


-------------------------------------------------------- ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment