ဆွေမျိုးတို့ရေ
ဒီတစ်ပတ်တော့ မချက်ဖြစ်တာကြာနေတဲ့ ၀က်နံရိုးကို ကုလားပဲလေး၊ အာလူးလေးနဲ့ နှပ်ချက်လေးချက်မယ်။
ပြီးတော့ မုန်ညင်းချဉ်ခြောက်လေးသုပ်မယ်။ ပိန်းဥဟင်းခါးပူပူလေးချက်လိုက်မယ်။ ဒါဆိုရင်တော့
မယ်တော်မားသားရော ကိုယ်တွေပါအကြိုက်မို့ စားလို့ကတော့ကောင်းဦးမှာအသေအချာပဲဗျို့။
ဝက်နံရိုးအာလူးနှပ်
မယ်တော်မားသားဈေးသွားနေတုန်း
ကုလားပဲကို ခဲသလဲလေးအရင်ရွေးပြီးတော့ ဆားလေးနည်းနည်း ထည့်၊ နူးတဲ့အထိပြုတ်ထားလိုက်မယ်။
ပြီးတော့ အာလူးကိုလည်းအခွံခွာ၊ အနေတော်လေးတုံးထားပြီးမှ ကုလားပဲနူးခါနီးကျ ထည့်လိုက်ရုံပေါ့။
ဒါဆိုအာလူးလည်းနူး၊ ကုလားပဲလည်းနူးပေါ့။
မယ်တော်မားသားဈေးကနေပြန်လာ
တော့ ပါလာတဲ့ဝက်နံရိုးတွေကို ရေ စင်စင်ဆေး၊ မလိုတာတွေ ဖယ်ပြီးမှ အနေတော်တုံးပြီး ဆားနဲ့သကြားသင့်ရုံထည့်၊
ခဏနှပ်ထား၊ ကြက်သွန်ဖြူနီကို ဂျင်းနည်းနည်းပါထည့်၊ ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး
ထောင်းပြီးမှ နနွင်းနည်းနည်းထည့်ပြီး မွှေးလာတဲ့အထိဆီသတ်၊ ဆီသတ်လို့ မွှေးလာပြီဆိုမှ
ခုနကနှပ်ထားတဲ့ ၀က်နံရိုးထည့်၊ ရေနည်းနည်းစီထည့်ပြီး နူးတဲ့အထိတည်၊ ရေလည်းခန်း၊ ၀က်နံရိုးလည်းနူးပြီဆိုမှ
ခုနကုလားပဲနဲ့အာလူးပြုတ်ထားတဲ့အထဲ သွန်ထည့်ပြီး ၀က်နံရိုးကော ပဲနဲ့အာလူးပါနူးအိ သွားတဲ့အထိ
နှပ်ထားလိုက်ရုံပေါ့။ သတိထားရမှာက မကြာခဏမွှေပေးဖို့ပါပဲ။ ပဲနဲ့ရောလိုက်ပြီဆိုရင် အိုးကပ်
တာမြန်လို့ပါ။ အဲဒါကြောင့် စောစောတည်းက တစ်ခါတည်းပေါင်းမချက်ပဲ သပ်သပ်စီခွဲပြီး နှပ်တဲ့အချိန်ကျမှ
ပေါင်းလိုက်တာပါ။ သူက ၀က်နံရိုးကော ပဲနဲ့အာလူးပါနူးအိပြီး ဂျင်းနံ့မွှေးမွှေးလေးပါမှ
ပိုစားလို့ကောင်းတာပါ။
ငရုတ်သီးထောင်း
ငရုတ်ပွအခြောက်
မှိုမပါတာကိုရွေး၊ ရေစင်စင်ဆေး၊ ရေစစ်ထားပြီးမှ သီတံလေးနဲ့ထိုးပြီးမွှေးလာတဲ့ အထိ မီးကင်ထား။
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကိုလည်းကျက်တဲ့အထိ မီးအုံးထား။ ပြီးမှ ကင်ထားတဲ့ ငရုတ် သီးကို
မညက်တက်လေးဖြစ်တဲ့အထိထောင်း၊ မီးအုံးထားတဲ့ ကြက်သွန်နီနဲ့ကြက်သွန်ဖြူထည့်ပြီးထောင်း၊
ဆားလေးပါနည်းနည်းထည့်၊ ငရုတ်သီးမီးကင်ရော မီးအုံးထားတဲ့ကြက်ဖြူနီပါ မညက်တညက်လေးလည်းဖြစ်၊
အရသာအပေါ့အငံလည်း စိတ်ကြိုက်ရပြီဆိုမှ အပေါ်ကနေ ပဲဆီမွှေးမွှေးလေးဆမ်းပေးလိုက်ရင် အရမ်းစားလို့
ကောင်းတဲ့ ငရုတ်သီးထောင်းတစ်ခွက်ရပြီပေါ့ ဆွေမျိုးတို့ရာ။
မရမ်းသီးသုပ်
မရမ်းသီးလေးတွေပေါ်လာပြီဆိုတော့
ပေါ်ဦးပေါ်ဖျားလေးသုပ်စားချင်ဆို မယ်တော်မားသားက တောင်းဆိုတာနဲ့ မရမ်းသီးကိုတော့ အချိုလေးပဲသုပ်လိုက်တော့မယ်။
ငရုတ်သီးထောင်းစပ်စပ်မွှေးမွှေးလေး လည်းရှိနေပြီဆိုတော့ အစပ်မပါလည်းအဆင်ပြေနေပြီပဲပေါ့နော်။
မရမ်းသီးကိုအစေ့ဖယ်ပြီး ခပ်ပါးပါးလှီးထား၊ ကြက်သွန်နီကိုလည်း မထူမပါးလေးလှီး၊ ရေပြန်ဆေးပြီး
ရေညှစ်ထား၊ ပုဇွန်ခြောက်နဲ့မြေပဲကို မညက်တညက် ထောင်းထား၊ ပြီးရင် ပုဇွန်ငံပြာရည်လေးရယ်၊
ပဲဆီလေးရယ် သင့်ရုံထည့်ပြီး အားလုံးခပ်ဖွဖွလေးနယ် အပေါ် ကနေ နှမ်းနက်စေ့လှော်လေးဖြူးလိုက်ရင်
စားလို့ကောင်းမှကောင်းတဲ့ ရာသီပေါ်မရမ်းသီးသုပ်လေးရပြီပေါ့နော်။
ဒီတစ်ပတ်တော့
အရည်သောက်ဟင်းမချက်ဖြစ်တော့ဘူး ဆွေမျိုးတို့ရေ အခုဟင်းပွဲအစပ်လေးက တို့စရာလေး ပါစုံစုံထည့်ပြီး
ရေနွေးကြမ်းပူပူလေးမှုတ်သောက်စားမှ ပိုစားကောင်းတာမို့ပါ။ ဒီတစ်ပတ်တော့ ဒီလောက်ပဲ ပေါ့နော်။
နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့ဆွေမျိုးတို့ရာ။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment