ဒီတစ်ခါတော့
မယ်တော်မားသားစားချင်နေတာမဟုတ် ကိုယ်စားချင်တာကိုအရင်ရွေးပြီးမှ မယ် တော်မားသား ကြိုက်တာလေးနဲ့ပြန်တွဲပြီးချက်လိုက်မယ်။
အဓိကဟင်းကိုတော့ မစားဖြစ်တာကြာနေတဲ့ အမဲသားကို အခြောက်ကြော်လိုက်မယ်။ အမဲသားမစားတဲ့သူတွေက
ဆိတ်သား၊ ၀က်လိုင်းသား ကြက်ရင်ပုံသား တစ်ခုခုရွေးပေါ့နော်။ မကြော်ခင်အရင်ပြုတ်မှာဆိုတော့
အမဲသားနဲ့ဆိတ်သားကိုတော့ ဒိန်ချဉ်နဲ့အရင်နယ်ပြီး
ဆားနည်းနည်းထည့်ပြုတ်ရင် လေးဆယ့်ငါးမိနစ် တစ်နာရီလောက်တော့ကြာမယ်။ ၀က်လိုင်းသားရွေးရင်တော့
နာရီဝက်လောက်ဆိုရင် ရပါပြီ။ ကြက်ရင်ပုံသားဆိုရင်တော့ ဆူပြီး ငါးမိနစ်လောက် ဆိုအဆင်ပြေပါတယ်။
အခုကတော့ရွေးထားတဲ့ အမဲသားလေးနဲ့ပဲ အရင်ချက်လိုက်ရအောင်လား။
အမဲခြောက်ကြော်
အမဲသားအသားကြီးသက်သက်
အရွတ်မပါတာကို ရွေးဝယ်ခဲ့လိုက်တယ်။ ပြီးမှ အထူနှီးတစ်ပြား လောက်နဲ့ တစ်လက်မပတ်လည်အချပ်လေးတွေလှီး၊
ဒိန်ချဉ်နဲ့ဆားသင့်ရုံထည့်နယ်၊ ခဏနှပ်ထားပြီးရင် တစ် နာရီလောက်ပြုတ်၊ ပြုတ်တဲ့အခါကျ
ရေကိုချိန်ထည့်ပေါ့နော်။ ကိုယ်မီးဖိုပေါ်ကချမယ့်အချိန်၊ ရေလည်းခန်း တယ်ဆိုရင် ပိုအဆင်ပြေတာပေါ့။
ရေတွေကျန်နေခဲ့ရင် အချိုရေတွေမို့ ကြော်တဲ့အခါ သူ့သဘာဝအချိုဓာတ် နည်းသွားတာမို့ပါ။
ပြီးမှ ပြုတ်ထားတဲ့အမဲသားပြားလေးတွေကို မွရုံလေးထုပေး၊ အရသာ မြည်းကြည့်လို့ အပေါ့အငန်လိုရင်
ဆား၊ သကြား၊ ကြက်သားမှုန့် နည်းနည်းစီထည့်ပြီး သေချာနှံ့အောင်နယ်၊ ပြီးရင် ငရုတ်ပွ အခြောက်တောင့်ကို ရေသေချာဆေး ရေစစ်ထား၊ ကြက်သွန်ဖြူကိုအခွံခွာ
ဓါးပြားရိုက်ထား၊ ဂျင်းကိုလည်း မထူမပါးအချပ်လိုက်လှီးထား၊ ဆီပူလာရင် အမဲသားလေးတွေထည့်ကြော်၊
အသားမှာပါတဲ့ရေကုန်ပြီး ခြောက်လည်းခြောက်၊ ကြွပ်ကြွပ်လေးလည်းဖြစ်လာခါနီးပြီဆိုမှ ခုနက
ငရုတ်ပွခြောက်၊ ကြက်သွန်ဖြူနဲ့ ဂျင်းထည့်၊ အဲဒီသုံးမျိုး စိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုရင်တော့
အရသာလည်းရှိ မွှေးလည်းမွှေး၊ စားလို့လည်း ကောင်းတဲ့ အမဲခြောက်ကြော်မွမွကြွပ်ကြွပ်လေးရပါပြီ။
မြင်းခွာရွက်သုပ်
မြင်းခွာရွက်ကြီးပဲသုပ်နေတယ်တော့
မထင်နဲ့ဦးနော်။ ဒီတစ်ခါက ကြက်ဥပြုတ်လေးထည့်ပြီး စတိုင် တစ်မျိုးနဲ့သုပ်မှာပါ။ ကြက်ဥကိုပြုတ်ထား၊
ပဲကြာဇံကို ကြွပ်ကြွပ်လေးရအောင်ကြော်ထား၊ ကြက်သွန်နီနဲ့ မြင်းခွာရွက်ကိုလှီးထား၊ ခရမ်းချဉ်သီးကိုမီးဖုတ်ထား၊
မြေပဲလှော်ကိုမညက်တညက်ထောင်းထား၊ ပြီးရင် ကြက်သွန်ဖြူနဲ့ ငရုတ်သီးခွဲခြမ်းရောထောင်းထားတာကို
နနွင်းမှုန့်နည်းနည်းထည့်ဆီသတ်၊ ကြွပ်ကြွပ်မွှေးမွှေး လေးရပြီဆိုရင် မြင်းခွာရွက်၊ ကြက်သွန်နီ၊
ကြက်ဥပြုတ်၊ ခရမ်းချဉ်သီးမီးဖုတ်၊ မြေပဲလှော်ထောင်းတွေနဲ့ရောပြီး ဆားနည်းနည်းထည့် နှံ့အောင်နယ်၊
အရသာအဆင်ပြေညပီဆိုမှ အပေါ်ကနေပဲကြာဇံကြော်ကြွပ်ကြွပ်လေး ဖြူးပေးလိုက်ရင် စတိုင်တစ်မျိုးနဲ့
စားလို့အရမ်းကောင်းတဲ့မြင်းခွာရွက်သုပ်လေး ရပြီပေါ့ဆွေမျိုးတို့ရာ။
ရွှေပဲရွက်ဟင်းခါး
သူကတော့လွယ်ပါတယ်။
ရွှေပဲရွက်က ချိုချိုလေးဆိုတော့ ဟင်းခါးချက်လိုက်ရင် ချိုချိုပူပူလေးနဲ့ သောက်လို့ကတော့
ကောင်းမှကောင်းပဲ ရွှေပဲရွက်လေးတွေကို အနေတော်ခြွေထား၊ ရေကိုအရင်ဆူအောင် တည်၊ ရေဆူလာမှ
ကြက်သွန်ဖြူဓါးပြားရိုက်ထားတာထည့်၊ ဆားသင့်ရုံထည့်၊ ရွှေပဲရွက်ထည့် အရသာ အဆင်ပြေမှ ငရုတ်ကောင်းမှုန့်လေးဖြူးပေးလိုက်ရုံပါပဲ။
ဒါဆိုရင်တော့ အမဲခြောက်ကြော် မြင်းခွာရွက်သုပ်တွေနဲ့ တွဲဖက်စားလို့ အဆင်ပြေတဲ့ရွှေပဲရွက်ဟင်းခါလေးရပြီပေါ့။
ဒီတစ်ပတ်ကတော့ဒီလောက်ပဲချက်ကြတာပေါ့။
နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံ ကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment