ချေသားခြောက်ဖုတ်၊ ချင်း ခရမ်းချဉ်သီးထောင်း၊ ပဲကြာဇံဟင်းချို








ဒီတစ်ပတ်တော့ လက်ဆောင်ရထားတဲ့ ချေသားခြောက်လေးမီးဖုတ်ပြီး ပဲဆီမွှေးမွှေးလေးဆမ်းထား တာကို အဓိကအနေနဲ့ရွေးလိုက်မယ်။ ပြီးတော့ ချင်းခရမ်းချဉ်သီးကိုမီးဖုတ်ပြီး ပဲပုတ်မီးကင်လေးနဲ့ ခပ်စပ်စပ် လေးထောင်းမယ်။ ဟင်းချိုကိုတော့ အိမ်မှာအဆင့်သင့်ရှိနေတဲ့ ကုလားပဲနဲ့ပဲကြာဇံကိုအရည်သောက် ဟင်းချို လေးချက်လိုက်မယ်။ ဒါဆိုရင်တော့ ရာသီဥတုပူလာလို့ အစားအသောက်ပျက်နေတဲ့ မယ်တော်မားသားလည်း စားလို့အဆင်ပြေမှာသေချာတာပေါ့ ဆွေမျိုးတို့ရာ။ ကိုယ့်အတွက်လည်း ကောင်းမှကောင်းပဲပေါ့။

ချေသားခြောက်ဖုတ်
ချေသားက ကျန်တဲ့အသားတွေနဲ့မတူဘဲ နူးညံ့တဲ့အတွက် လူကြီးလူငယ်မရွေး စားလို့အဆင်ပြေ တဲ့အသားတစ်မျိုးပါ။ သူက ညှီနံ့လည်းနည်းတာမို့ အသားထဲမှာတော့ နာမည်ကြီးပါပဲ။ ချေသားခြောက်ကို ရေသေချာဆေးပြီး ရေခဏပြန်စစ်ထား၊ မီးသွေးမီးဖိုထဲမှာမီးမွှေးပြီး မီးကိုခပ်နည်းနည်းပဲထား၊ ချေသားခြောက် ကို မီးလေးနဲ့ခဏကင်လိုက်၊ အသာထုပေးလိုက်နဲ့ စိတ်လက်ရှည် သုံးလေးခါလောက် လုပ်လိုက်မယ်ဆိုရင် တော့ မွမွလေးနဲ့ ရွနေတဲ့ချေသားခြောက်ဖုတ်ရပြီပေါ့နော်။ အနေတော်လေးတွမွှပြီး ပဲဆီမွှေးမွှေးလေးဆမ်း၊ အငန်ပေါ့နေရင် ဆားလေးနည်းနည်းဖြူးပြီးနယ်ပေးလိုက်ရင်တော့ သူ့တစ်မျိုးတည်းနဲ့တောင် ထမင်းစားလို့ မြိန်စေမှာ အသေအချာပဲပေါ့။

ချင်း ခရမ်းချဉ်သီးထောင်း
သူ့ကိုတော့ နာမည်အမျိုးမျိုး ခေါ်ကြပါတယ်။ တစ်ချို့ကျ တောင်ကြီးခရမ်းချဉ်သီးလည်းခေါ်ကျတာ ရှိပါတယ်။ အခုကတော့ ချင်းခရမ်းချဉ်သီးပဲခေါ်ကြတာပေါ့နော်။ ခရမ်းချဉ်သီးကို ခုနကဆတ်သားခြောက် ဖုတ်လို့ကျန်တဲ့ မီးထဲထည့်ဖုတ်၊ ကျက်ပြီဆိုရင်တာ့ အခွံခွာထား။ သူနဲ့အတူရောထောင်းမယ့် ပဲပုတ်ချပ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကိုလည်းမီးကင်ထား။ ပြီးရင် မီးကင်ထားတဲ့ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကို အရင်မညက်တညက်လေးထောင်း နောက်မှမီးကင်ထားတဲ့ပဲပုတ်ထည့်။ အားလုံးမညက်တညက်လေးရပြီဆိုမှ ဆား သင့်ရုံထည့်။ ခုနကအခွံခွာထားတဲ့ ခရမ်းချဉ်သီးထည့်ပြီး နှံ့အောင်ခပ်ဖြည်းဖြည်း ထောင်းပေးလိုက်မယ် ဆိုရင် ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေးနဲ့ ထမင်းစားလို့ကောင်းမှာသေချာတဲ့ ချင်း ခရမ်းချဉ်သီးထောင်းတစ်ပွဲရပါပြီ။

ပဲကြာဇံဟင်းချို
ကုလားပဲကို ခဲသလဲရွေးပြီး ရေသေချာဆေး၊ ရေစိမ်ထား။ ချက်ခါနီးမှ ရေပြန်စစ်၊ ဆီပူလာရင် ဓါး ပြားရိုက်ပြီးစဉ်းထားတဲ့ ဂျင်းနဲ့နနွင်းမှုန့်သင့်ရုံကိုထည့်ပြီး ဆီသတ်။ စိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုမှ ရေစစ် ထားတဲ့ ကုလားပဲထည့်ပြီး ခပ်နာနာလေးလုံးပေး။ ပြီးရင် ဆားသင့်ရုံထည့်ပြီး ရေနည်းနည်းချင်းထည့် နူးအောင်တည်။ ကုလားပဲနူးခါနီးပြီ၊ အရသာနဲ့ အရည်လေးလည်း စိတ်ကြိုက်ရပြီဆိုမှ ရေဆေးပြီး ရေစိမ် ထားတဲ့ပဲကြာဇံကို ရေစစ်ထည့် သုံးမိနစ်လောက်တည်လိုက်မယ်ဆိုရင် အရသာရှိတဲ့ပဲကြာဇံဟင်းချို ပူပူ လေးတစ်ခွက်ရပြီပေါ့နော်။

ဒီတစ်ပတ်တော့ ချေသားခြောက်ဖုတ်လေးရယ် ချင်း ခရမ်းချဉ်သီးထောင်းလေးရယ် ပဲကြာဇံဟင်းချို လေးရယ်နဲ့ဆိုတော့ စားလို့ကတော့ကောင်းမှာ အသေအချာပဲပေါ့ဆွေမျိုးတို့ရာ။
ဒီတစ်ပတ်တော့ ဒီလောက်ပဲချက်ကြတာပေါ့ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်တော့ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment