ငါးကျည်းကြပ်တိုက်ကြော်၊ မျှစ်ချဉ်ကြော်ချက်၊ ပဲဟင်းချို













သားစိမ်းငါးစိမ်းတွေစားရပါများလာတော့လည်း တစ်ခါတလေငါးခြောက်ငါးခြမ်းလေးစားချင်လာရော ဆွေမျိုးတို့ရာ။ မယ်တော်မားသား မေးကြည့်တော့လည်း ကောင်းသားပဲလေတဲ့ အဲ့တော့ မစားရတာ ကြာနေတဲ့ ငါးကျည်းကြပ်တိုက်ကို ငရုပ်သီးခွဲခြမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ကြွပ်ကြွပ်လေး ပြန်ကြော်မယ် ပြီးတော့ သူနဲ့လိုက်ဖက်အောင် မော်လမြိုင်မျှစ်ချဉ်ကို ချဉ်ချဉ်စပ်စပ်ကြော်နှပ်ပုံလေးလုပ်မယ် အရည်သောက်ကိုတော့ ကျန်တဲ့ နှစ်မျိုးနဲ့လိုက်လည်းလိုက်ဖက် မယ်တော်မားသားအကြိုက်လည်းဖြစ်တဲ့ ကုလားပဲကိုဟင်းချိုချက် လိုက်တော့မယ်။ ဒါဆိုရင်တော့ စားလို့ကတော့ကောင်းမှာ အသေအချာပဲပေါ့။

ငါးကျဉ်းကြပ်တိုက်ကြော်
ငါးကျဉ်းကြပ်တိုက်ကို အရိုးနဲ့အရေခွံဖယ်ပြီး အသားသပ်သက်ကို အဖဲ့လေးတွေဖဲ့ပြီးမွထားလိုက်မယ်။ ကြက်သွန်နီကို ခပ်ပါးပါးလှီးပြီး ရွှေအိုရောင်နဲ့ကြွပ်ကြွပ်လေးကြော်ပြီး ဆီစစ်ထားလိုက်မယ်။ ခပ်ပါးပါး လှီးထား တာမို့ မတူးအောင်တော့ဂရုစိုက်ပေါ့နော်။ ပြီးရင် ကြက်သွန်ဖြူ မညက်တညက်ထောင်းထားတာကို ရွှေအိုရောင် လေးရအောင်ကြော်ပြီး ဆီစစ်ထားလိုက်မယ်။ နောက် ရှမ်းနံနံလေးကိုပါ ရေစင်စင်ဆေး ရေစစ်ပြီး ဆီပူပူထဲခဏ ထည့်ကြော်လိုက်မယ်။ ဒါဆိုရင်တော့ ရှမ်းနံနံကြွပ်ကြွပ်လေးရပြီပေါ့။ ပြီးမှ အစေ့ပေါက်အောင်ထောင်းထားတဲ့ ငရုတ်သီးခွဲခြမ်းကို နနွင်းမှုန့်နည်းနည်းထည့်ဆီသတ်၊ ငါးအသားမွှထားတာထည့်။ ငါးငံပြာရည်သင့်ရုံထည့်။ ငါးကျဉ်းကြပ်တိုက်က မွမွလေးမို့အကြာကြီးတော့ ကြော်စရာမလိုဘူးပေါ့နော်။ ငါးလေးကလည်းကြွပ်ကြွပ်မွမွ လေးနဲ့အရသာလည်း အဆင်ပြေပြီဆိုမှ ခုနကကြော်ထားတဲ့ ကြက်သွန်ဖြူနီကြော်လေးထည့်မွှေပြီး မီးဖိုပေါ် ကနေချ၊ အပေါ်ကနေ ရှမ်းနံနံကြော်လေးဖြူးပေးလိုက်ရင် စားလို့ကောင်းမှကောင်းတဲ့ ငါးကျည်းကြပ်တိုက် ကြော်မွမွ  မွှေးမွှေးလေးရပြီပေါ့နော်။

မျှစ်ချည်ကြော်ချက်
မော်လမြိုင်မျှစ်ချဉ်ဆိုကတည်းက မျှစ်နုလေးတွေကိုပဲရွေးလုပ်ထားတာမို့ ကောင်းပြီးသားပေါ့နော် မျှစ်ချဉ်ကိုရေအသာညှစ်ပြီး ခပ်သေးသေးပြန်လှီးထားလိုက်မယ်။ ကြက်သွန်ဖြူနဲ့ဂျင်းကိုဓါးပြားရိုက်ထားတာကို နနွင်းမှုန့်နည်းနည်းထည့် ဆီသတ်၊ စိမ်းနံ့ပျောက်ပြီဆိုမှ ခုနကလှီးထားတဲ့မျှစ်ချဉ်ထည့် ငါးငံပြာ ရည်သင့်ရုံ ထည့်ပြီး ခပ်နာနာလေးလုံးပေး။ ပြီးမှ ရေထည့်ပြီးနူးအောင်တည်၊ အရသာမြည်းကြည့်လို့ အချဉ်လိုတယ်ဆိုရင် မျှစ်ချဉ်အရည်လေးထည့်၊ အားလုံးအဆင်ပြေပြီဆိုမှ အပေါ်ကနေဓါးပြားရိုက်ထားတဲ့ ငရုတ်သီးစိမ်းလေး အုပ်ပေးလိုက်ရင် အကြောတတ်တာလည်းသက်သာ ပိုလည်းမွှေးချဉ်စပ်လေးလည်း ဖြစ်သွားတော့ပိုစားလို့ ကောင်းတာပေါ့ဆွေမျိုးတို့ရာ။

ကုလားပဲဟင်းချို
ကုလားပဲကို ခဲသလဲသေချာသန့်စင်ပြီး ရေစင်စင်ဆေး၊ ရေစစ်ထား၊ ကြက်သွန်ဖြူတစ်တက်လောက်နဲ့ ဂျင်းနဲ့ဆတူလောက်ကိုရေဆေးပြီး မညက်တညက်ထောင်းထားတာကို နနွင်းမှုန့်နည်းနည်းထည့် ဆီသတ်၊ ပြီးရင် ရေစစ်ထားတဲ့ ကုလားပဲနဲ့ ဆားနည်းနည်းထည့်လုံးပြီး ရေထည့်ပြီးနူးအောင်တည်၊ အရသာလိုရင် ကြက်သာမှုန့်လေး နည်းနည်းထည့်ပေး၊ လိုချင်တဲ့ရေ အနေအထားနဲ့ အပေါ့အငံလည်းအဆင်ပြေ၊ ပဲလည်း နူးပြီဆိုရင် ခုနကငါးကျည်းကြပ်တိုက်ကြော်ထဲထည့်ဖို့ ကြော်ထားတဲ့ကြက်သွန်နီကြော် နည်းနည်းဖယ်ထား တာကို အပေါ်ကနေ ဖြူးပေးလိုက်မယ်ဆိုရင် ကုလားပဲဟင်းချိုချိုဆိမ့်လေးရပါပြီ။ ဒီတစ်ပတ်ကတော့ ငါးကျည်းကြပ်တိုက် ကြော်မွမွမွှေးမွှေးလေးရယ်၊ မျှစ်ချဉ်ကြော်ချက် ချဉ်စပ်လေးရယ် ကုလားပဲဟင်းချို ချိုဆိမ့်လေးရယ်နဲ့ဆိုတော့ စားလို့တော့ကောင်းမှ ကောင်းပဲပေါ့ဆွေမျိုးတို့ရာ။

ဒီတစ်ပတ်ကတော့ဒီလောက်ပဲချက်ကြတာပေါ့။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံ ကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment