ဒီတစ်ပတ်အတွက်ကတော့
ဒီအချိန်မှာ ဥကပ်နေချိန်ဖြစ်တဲ့ ငါးစင်ရိုင်းငါးကို မယ်တော်မားသားက အချဉ်ဆီပြန်လေးချက်စားချင်တယ်ဆိုလို့
ငါးစင်ရိုင်းအချဉ်ဆီပြန်လေးချက်လိုက်မယ် ပြီးတော့ ပန်းဂေါ်ဖီကို ဘဲဥနဲ့ချိုဆိမ့်လေးကြော်မယ်။
ပြည်ပန်းညိုရွက်ကိုလည်း ဟင်းချိုလေးချက်လိုက်မယ်။ ဒါဆိုရင်တော့ စားလို့ အဆင်ပြေလောက်ပြီထင်ပါတယ်။
ငါးစင်ရိုင်းအချဉ်ဆီပြန်
ငါးစင်ရိုင်းငါးက အညှီများတာမို့မန်ကျည်းမှည့်ရေ၊ ဆားတို့နဲ့ ခပ်နာနာလေးဆေးပေးဖို့တော့
လိုတာ ပေါ့နော်။ ဒါမှသူ့မှာကပ်နေတဲ့ အကျိအချွဲတွေလည်းစင် အညှီလည်းသက်သာတာပေါ့။ သူ့ဆူးတောင်က
အဆူး မှာလည်း အဆိပ်ပါတာမို့ ငါးဝယ်ကတည်းက ငါးသည်ကို တစ်ခါတည်းမလိုတာတွေဖယ်ပြီး လိုချင်တဲ့ပုံစံလေး
တော့ ကိုင်ခိုင်းခဲ့ပေါ့နော်။ သူတို့တွေက ကိုယ့်ထက်အများကြီးကျွမ်းတဲ့သူတွေမလား။ သူတို့ကိုင်ပေးလိုက်တာ
ကို ကိုယ်ကမန်ကျည်းမှည့်လေး၊ ဆားလေးနဲ့သေချာဆေးပြီးရင် လိုသလိုမွှန်းပြီး ငါးငံပြာရည်လေး
သင့်ရုံထည့် နယ်ပြီး ခဏနှပ်ထား။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးအရောင်တင်မှုန့်ရောထောင်းထားတာကို
ဆီအရင်သတ် စိမ်းနံ့ပျောက်ခါနီးရင် မဆလာလေးပါနည်းနည်းထည့် ဆီသတ်၊ ပြီးမှ နှပ်ထားတဲ့
ငါးထည့်ပြီး လုံးပေး။ ရေထည့်ပြီးနူးအောင်တည်။ ဆီပြန်ခါနီးကျရင် မန်ကျည်းမှည့်အနှစ်လေးပါ
သင့်ရုံထည့်ပြီးမြည်းကြည့်။ အရသာအပေါ့အငန်လိုရင် ဆားလေး၊ ကြက်သားမှုန့်လေးထည့်၊ ရေခန်းပြီးဆီပြန်လာပြီဆိုမှ
ဓားပြားရိုက်ထား တဲ့ ငရုတ်သီးစိမ်းရယ် မဆလာရယ်ထည့်။ ပြီးမှ အပေါ်ကနေ ရေစင်စင်ဆေးပြီးခြွေထားတဲ့
နံနံပင်လေးအုပ် လိုက်ရင် ငါးဥတွေနဲ့စားလို့ကောင်းမှကောင်းတဲ့ ငါးစင်ရိုင်း ငါးအချဉ်ဆီပြန်ဟင်းတစ်ပွဲရပြီပေါ့။
ပန်းဂေါ်ဖီဘဲဥကြော်
ပန်းဂေါ်ဖီကို
အနေတော်လေးတွေဖဲ့ပြီး ဆားရည်လေးနဲ့ခဏစိမ်ပြီးမှ ရေစင်စင်ဆေး ရေပြန်စစ်ထား။ ကြက်သွန်ဖြူတစ်တက်လောက်ကို
ဓားပြားရိုက်ပြီး စဉ်းထားတာကို ဆီအရင်သတ်၊ စိမ်းနံ့ပျောက်လို့မွှေးလာပြီ ဆိုရင် ပန်းဂေါ်ဖီထည့်၊
ဆား၊ ပဲငံပြာရည်အကြည် ခရုဆီ၊ ကြက်သားမှုန့်ကို သင့်ရုံထည့် ရေနည်းနည်းထည့်ပြီး ပန်းဂေါ်ဖီလည်းနူး၊
ရေလည်းခန်းတဲ့အထိထား။ ရေကိုတော့ ထည့်တယ်ဆိုရုံလေး နည်းနည်းပဲထည့်ရမှာပါ။ နို့မို့ ပန်းဂေါ်ဖီက
အရမ်းနူးပြီးစားမကောင်းမှာစိုးလို့ပါ။ ရေလည်းခန်း၊ ဆီလည်းပြန်ပြီဆိုမှ ဘဲဥတစ်လုံးလောက်
ဖောက်ထည့်ပြီး ခပ်ဖြည်းဖြည်းမွှေပေးလိုက်ရင် ပန်းဂေါ်ဖီဘဲဥကြော် ချိုချိုဆိမ့်ဆိမ့်လေးရပြီပေါ့။
ပြည်ပန်းညိုရွက်ဟင်းချို
ရင့်တာတွေ၊
မကောင်းတာတွေဖယ်ပြီး ဟင်းချိုချက်အရွက်လေးတွေခြွေ ရေသေချာဆေးပြီး ရေစင်စင် ဆေး ရေစစ်ထား။
ကြက်သွန်နီဥတစ်ဥလောက်ကို ခပ်ထူထူလှီးပြီး ဆီနည်းနည်းထည့်ဆီသတ်ပြီးရင် ငါးငံပြာ ရည်ထည့်
ဆီသတ်ခြွေထားတဲ့အရွက်လေးတွေထည့်ပြီးလုံးပေး။ ရေသင့်ရုံထည့်ပြီး ဆူလာတဲ့အထိတည်။ ရေဆူလာရင်
အပေါ့အငန်မြည်း လိုအပ်ရင်လည်း ငါးငံပြာရည်လေးပဲထည့်ပေါ့နော်။ ဒါဆိုရင်တော့ သောက်လို့
ကောင်းမှကောင်းတဲ့ ပြည်ပန်းညိုရွက်ဟင်းချိုတစ်ခွက်ရပြီပေါ့။
ဒီတစ်ပတ်တော့ဒီလောက်ပဲ ချက်ကြတာပေါ့
ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်မှနောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment