ကြက်သားစဉ်းကော၊ ပဲအာလူးနှပ်၊ ငါးခေါင်းချဉ်ဟင်း











ဒီတစ်ပတ်တော့ ကြက်သားကို ငရုတ်သီးစပ်စပ် ငရုတ်ကောင်းနံ့မွှေးမွှေးလေးနဲ့ စဉ်းကောလေးချက် မယ်။ ဆီပြန်ခပ်ခြောက်ခြောက်လေးပေါ့နော်။ ပြီးတော့ ကုလားပဲနဲ့အာလူးကိုမယ်တော်မားသားအကြိုက် အချိုလေးနျပ်မယ်။ အရည်ဟင်းကိုလည်း မယ်တော်မားသားအကြိုက်လေးဖြစ်တဲ့ ငါးကြင်းခေါင်းကို ချဉ်ရေ ဟင်းချက်မယ် ငါးခေါင်းကြီးပဲချက်ရင် သိပ်စားလို့အဆင်မပြေတော့ ဒန့်ဒလွန်သီးနဲ့မုန်လာဥလေးပါ နည်းနည်း ထည့်ချက်လိုက်မယ်။ ဒါဆိုရင်တော့ အရသာစုံစုံလင်လင်လေးနဲ့ စားလို့ကောင်းမှာအသေအချာပဲပေါ့ ဆွေမျိုး တို့ရာ။ ဒီရာသီကလည်း အရည်သောက်ဟင်းလေး အချဉ်လေးမှမပါရင် စားလို့သိပ်အဆင်မပြေအောင်ကို ပူနေတာဆိုတော့ အရသာလေးလည်းစုံ အရည်သောက်လေးလည်းပါမှ မယ်တော်မားသားတို့လို လူကြီးတွေ အတွက် စားလို့ဝင်မှာကိုး။ အဲဒါကြောင့် နားရက်ပိတ်ရက်လေးရပြီဆိုရင် အသေအချာလေးတော့ ချက်ဖြစ်တယ် ပေါ့နော်။ ပွားနေတာတွေလည်းများပြီဆိုတော့ ချက်ရေးပြုတ်ရေးစလိုက်ရအောင်လား။

ကြက်သားစဉ်းကော
ကြက်သားကိုတော့ CP ကြက်ရင်ပုံသားကိုပဲ သုံးပါ့မယ်။ သူက အသားများတော့ စဉ်းကောချက်ရတာ အဆင်ပြေလို့ပါ။ ကြက်ရင်ပုံသားကို အရိုးထုတ်ပြီး အသားချည်းသက်သက်ကို ဓားနဲ့မညက်တညက်လေး စဉ်းပြီး ငါးငံပြာရည်နဲ့ ဆားသင့်ရုံထည့်နယ်ပြီး ခဏနှပ်ထား။ ငရုတ်ကောင်း၊ ငရုတ်သီးခွဲခြမ်း ကြက်သွန်ဖြူ ကြက်သွန်နီကိုရောထောင်းပြီး ဆီပူလာရင် နနွင်းမှုန့်နည်းနည်းထည့်ဆီသတ်။ စိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုမှ ခုနက နှပ်ထားတဲ့ကြက်သားထည့်ပြီး ခပ်နာနာလေးလုံးပေး။ ပြီးရင် ရေနည်းနည်းချင်းထည့်ပြီး နူးအောင်တည်။ အရသာလည်းစိတ်ကြိုက်ရပြီ ရေလည်းခန်းပြီး ဆီပြန်ခပ်ခြောက်ခြောက်လေးရပြီဆိုရင်တော့ ကြက်သားစဉ်း ကော စပ်စပ်မွှေးမွှေးလေးတစ်ပွဲရပြီပေါ့။ နေပူပူမှာ ငရုတ်ကောင်းထည့်ချက်ရင်သွေးတိုးမှာစိုးတဲ့ ဆွေမျိုးတွေ အတွက်ကတော့ ငရုတ်ကောင်းကို အနံ့ပါရုံလေးလျှော့ထည့်ပေါ့ ဒါမှမဟုတ်လည်း ရှောက်ဘီလူးခေါ် တော ရှောက်သီးရဲ့ အရွက်လေးသုံးလေးရွက်လောက် လှီးထည့်ပေးလိုက်ရင်လည်းရတာပဲမလား။ အနံ့လေးတောင် ပိုမွှေးပြီး တစ်မျိုးလေးနဲ့ပိုစားကောင်းသေး။

ပဲအာလူးနှပ်
ကုလားပဲကို ညတည်းကရေစိမ်ထားတော့ ပြုတ်ရတာလည်းမြန် ပဲလည်းပိုနူးညံ့တာပေါ့နော်။ ကုလားပဲကိုကျက်ခါနီးလောက် ဆားလေးနည်းနည်းထည့်ပြီးပြုတ်ထား။ အာလူးကို အခွံခွာရေစင်စင်ဆေးပြီး အနေတော်လေးတွေတုံးထား။ ကြက်သွန်ဖြူဓားပြားရိုက်ပြီး စဉ်းထားတာကို ဆီအရင်သတ်စိမ်းနံ့ပျောက်တာနဲ့ အာလူးထည့်ပြီးလုံးပေး။ ပြီးမှ ကုလားပဲပါထည့်ပြီး နူးတဲ့အထိတည်။ ပဲရော အာလူးပါနူးပြီး ရေလည်းခန်း အရသာလည်းစိတ်ကြိုက်ရပြီဆိုရင်တော့ ပဲအာလူးနှပ်ချိုချိုဆိမ့်ဆိမ့်လေးတစ်ပွဲရပြီပေါ့နော်။ ပဲကြာဇံလေး ပါထည့်ချင်ရင်တော့ ပဲကြာဇံလေးကို ရေအရင်စိမ်ထားပြီး ပဲနဲ့အာလူးနူးခါနီး ရေလည်းခန်းခါနီးလေးမှာ ထည့် လိုက်ရုံပါပဲ။ ပိုပြီးလှလည်းလှ မွှေးလည်းမွှေးချင်ရင်တော့ ကြက်သွန်နီလေးကြော်ပြီး အပေါ်ကနေ ဖြူးပေးလိုက် ပေါ့နော်။

ငါးခေါင်းချဉ်ဟင်း
ငါးခေါင်းကိုတော့ ငါးကြင်းခေါင်းပဲသုံးပါ့မယ်။ ငါးခေါင်းကို မလိုတာတွေဖယ်ပြီး ရေစင်စင်ဆေးထား။ မုန်လာဥလေးနည်းနည်းကိုလည်း အခွံခွာပြီး အနေတော်တုံးထား။ ဒန့်ဒလွန်သီးလေးသုံးလေးတောင့်ကိုလည်း အခွံတွေခြစ်ပစ်ပြီး အနေတော်ပိုင်းထား။ ငရုတ်သီးအရောင်တင်မှုန့်နဲ့ကြက်သွန်နီရောထောင်းထားတာကို နနွင်းမှုန့်သင့်ရုံထည့်ပြီး ဆီသတ်။ စိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုမှ ငါးခေါင်းထည့်ပြီးလုံးပေး။ ပြီးရင် ငါးခေါင်းကို ခဏပြန်ဆယ်ထားပြီး မုန်လာဥနဲ့ဒန့်ဒလွန်သီးထည့်လုံး။ ငါးငံပြာရည်လေးပါ နည်းနည်းထည့် ငါးခေါင်းပြန်ထည့် ရေထည့်ပြီးနူးအောင်တည်။ အရသာလိုရင်တော့ ကြက်သားမှုန့်လေးနည်းနည်းပေါ့နော်။ ငါးခေါင်းရော မုန်လာဥ နဲ့ ဒန့်ဒလွန်သီးပါနူးပြီဆိုမှ မန်ကျည်းနှစ်လေးထည့် နံနံပင်လေးအုပ်လိုက်ရင် ဒီရာသီနဲ့လည်းလိုက်ဖက် ကျန်တဲ့ ဟင်းနှစ်မျိုးနဲ့လည်း  တွဲစားလို့လိုက်တဲ့ ငါးခေါင်းချဉ်ဟင်းလေးတစ်ပွဲရပြီပေါ့။

ဒီတစ်ပတ်တော့ဒီလောက်ပဲ ချက်ကြတာပေါ့ ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်မှနောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment