ဝက်နံရိုးဘဲဥနှပ်၊ ၀က်လိုင်းသား ဂျူးဖူးကြော်၊ ကြက်ခြေထောက် စွန်တန်ဟင်းချို












ဒီတစ်ပတ်တော့ မချက်စားဖြစ်တာကြာနေတဲ့ တရုတ်ဟင်းပွဲလေးတွေကို မယ်တော်မားသားက စားချင်ပါတယ်တဲ့။ အဲတော့လည်း ဒီတစ်ပတ်ကတော့ မြန်မာတွေကြိုက်တတ်တဲ့ တရုတ်ဟင်းပွဲလေးတွေ ချက်မယ်ပေါ့နော်။ မယ်တော်မားသားက ရာသီပေါ်ဂျူးဖူးလေးတွေကို ၀က်လိုင်းသားနဲ့ကြော်စားချင်ပါတယ်တဲ့။ နောက်ပြီး ကြက်ခြေထောက်နဲ့ချက်တဲ့ စွန်တန်ဟင်းရည်လေးလည်း သောက်ချင်သေးတယ်တဲ့။ ဒီတော့ အဲ့ ဟင်းပွဲလေးတွေနဲ့လိုက်ဖက်မယ့် ကိုယ့်အကြိုက်ဝက်နံရိုးနဲ့ဘဲဥလေးပါနှပ်လိုက်ရုံပေါ့။ ဒါဆိုရင်တော့ မစားရတာ ကြာနေတဲ့ ဟင်းပွဲတွေလည်းချက်ဖြစ်၊ အကြိုက်တွေကြီးပဲဆိုတော့လည်း စားလို့ကောင်းမှာကတော့ အသေအချာပဲပေါ့ဆွေမျိုးတို့ရာ။

ဝက်နံရိုးဘဲဥနှပ်
ဝက်နံရိုးကိုအသားများများနဲ့ အရိုးနုလေးတွေပါတာကိုပဲ ရွေးဝယ်လိုက်တယ်။ မလိုတာတွေဖယ်ပြီး အနေတော်တုံးပြီးမှ ငံပြာရည်အနောက် ခရုဆီ၊ သကြား၊ ဆားနဲ့နယ်ပြီးနှပ်ထားလိုက်မယ်။ ဘဲဥကို ကျက်တဲ့ အထိပြုတ်ပြီးအခွံခွာ၊ ဓားရာလေးတွေပေးထား၊ ဆီပူလာရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူထည့်ပြီးဆီသတ်၊ စိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုမှ ခုနကနှပ်ထားတဲ့ ၀က်နံရိုးပါထည့်ပြီးခပ်နာနာလေးလုံးပေး။ ငရုတ်ကောင်းကို လည်း အစေ့သုံးလေးဆယ်လောက် အစေ့လိုက်ထည့်။ ပြီးရင် ဘဲဥပါထည့်ပြီးလုံးပေး။ ရေနည်းနည်းချင်းထည့် ပြီး နူးအောင်တည်၊ ၀က်နံရိုးလည်း နူးအိလာပြီ။ ဘဲဥထဲလည်း အရသာတွေဝင်နေပြီဆိုရင်တော့ ရေလည်းခန်း၊ အရသာလည်းစိတ်ကြိုက်ရပြီဆိုမှ တရုတ်မဆလာလေး နည်းနည်းဖြူးပေးလိုက်ရုံပေါ့နော်။ ဒါဆိုရင်တော့ ၀က်နံရိုးကလည်း နူးနူးအိအိလေးနဲ့စားလို့ကောင်းသလို ဘဲဥကလည်း ဟင်းရည်ထဲကအရသာတွေ အကုန်ဝင် နေပြီမို့ စားလို့အရမ်းကောင်းတဲ့ဟင်းတစ်ပွဲရပြီပေါ့ ဆွေမျိုးတို့ရာ။

ဝက်လိုင်းသားဂျူးဖူးကြော်
ဂျူးဖူးလေးတွေကို ရင့်တာတွေဖယ်ပြီး အနေတော်လေးတွေပိုင်းပြီးရင် ရေသေချာဆေးပြီး ရေပြန်စစ်ထား။ ၀က်လိုင်းသားကို အလွှာလိုက်ပါးပါးလှီးပြီး ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ဆား၊ သကြား  သင့်ရုံထည့်ပြီးနှပ်ထား။ ကြက်သွန်ဖြူနဲ့ချင်းကို ခပ်ထူထူလေးအချောင်းလိုက်ပုံစံလှီးထားတာကို ဆီအရင်သတ်။ စိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုမှ ခုနကနှပ်ထားတဲ့ ၀က်လိုင်းသားထည့်ပြီး တစ်မိနစ်လောက်လုံးပေး။ ပြီးရင် ရေစစ်ထားတဲ့ ဂျူးဖူးလေးတွေထည့်ပြီး နှစ်မိနစ်၊ သုံးမိနစ်လောက်ကြော်လိုက်မယ်ဆိုရင် စားလို့ကောင်းမှ ကောင်းတဲ့ ၀က်လိုင်းသားဂျူးဖူးကြော်ဟင်းတစ်ပွဲရပြီပေါ့နော်။

ကြက်ခြေထောက် စွန်တန်ဟင်းရည်
ကြက်ခြေထောက်ကို ပိုနူးညံ့တဲ့ CP ကြက်ခြေထောက်ကိုသုံးပါ့မယ်။ ကြက်ခြေထောက်က ခြေသည်း တွေကိုဖြတ်ထုတ်ပြီး အပေါ်ယံအခွံကြမ်းကို ရေနွေးလောင်းပြီးခွာထားပါ။ ပြီးရင် ကြက်ခြေထောက်မြုပ်ရုံ ရေနွေး အရင်ဆူအောင်တည်ထားပါ။ ရေနွေးဆူလာရင် ကြက်ခြေထောက်တွေထည့်ပြီး တစ်မိနစ်လောက်မွှေ ပေး။ ပြီးရင် ကြက်ခြေထောက်တွေကိုပြန်ဆယ်။ ရေတွေသွန်ပစ်လိုက်ပါ။ ဒါမှ ကြက်ခြေထောက်မှာရှိတဲ့ အချွဲတွေလည်းစင် အညှီလည်းနည်းသွားတာပေါ့နော်။ ပြီးမှရေပြန်ထည့်၊ ကြက်ခြေထောက်ထည့်။ ဆားသင့်ရုံ ထည့်ပြီး ကြက်ခြေထောက်နူးအိလာတဲ့အထိပြုတ်ပါ။ ရေလည်းစိတ်ကြိုက်အနေအထားရ၊ ကြက်ခြေထောက် တွေလည်း နူးအိလာပြီဆိုမှ မထူမပါးလှီးထားတဲ့ကြက်သွန်နီနဲ့ ကြက်သွန်ဖြူထည့်၊ စွန်တန်ထည့်ပြီး စွန်တန်က အချဉ် ထွက်လာတဲ့အထိ ပြန်တည်။ အပေါ့အငန်လိုရင် ကြက်သားမှုန့်နဲ့ သကြားလေးသင့်ရုံထည့်၊ အရသာ စိတ်ကြိုက်ရပြီဆိုမှ ငရုတ်သီးလှော်မှုန့်နဲ့ပဲပင်ပေါက်လေးထည့်လိုက်ရင် ချဉ်ချဉ်စပ်စပ်လေးနဲ့ မွှေးမွှေးလေးဖြစ် နေတဲ့ ကြက်ခြေထောက်စွန်တန်ဟင်းရည်တစ်ပွဲရပါပြီ။ ဒီတစ်ပတ်တော့ အရသာစုံစုံလင်လင်လေးနဲ့ တရုတ် ဟင်းပွဲလေးတွေကို စားလို့အဆင်ပြေကြလိမ့်မယ်မျှော်လင့်ပါတယ်။

ဒီတစ်ပတ်တော့ဒီလောက်ပဲ ချက်ကြတာပေါ့ ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်မှနောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment