ကြက်သားစပါးလင်ချက်၊ ကန်ဇွန်းရွက်ကြော်၊ ပိန်းဥမုန်ညင်း ချဉ်ဟင်းရည်၊












ဒီတစ်ပတ်ကတော့ ဗမာကြက်အရွယ်တော် လတ်လတ်ဆတ်ဆတ်လေးတွေ့လို့ စပါးလင်နဲ့ ခပ်စပ်စပ်လေးချက်မယ်၊ ကန်ဇွန်းရွက်ကိုလည်း ကြော်နေကျပုံစံမဟုတ်ဘဲ စတိုင်လေးတစ်မျိုးပြောင်း ပြီးကြော်လိုက်မယ်။ မုန်ညင်းချဉ်အချိုကို ပိန်းဥနဲ့အရည်သောက်ဟင်းရည်ပုံစံမျိုးလေး တစ်ခွက်ချက်လိုက်မယ်။ ဒါဆိုရင်တော့ မယ်တော်မားသားဈေးခြင်းတောင်းယူပြီး ကိုယ့်ဖာသာပဲဈေးသွား၊ မယ်တော်မားသားရော ကိုယ်ပါ စားလို့အဆင်ပြေလောက်မယ်ထင်တဲ့ ဟင်းပွဲအတွဲအစပ်လေးပဲစီစဉ်လိုက်တော့မယ်။ မယ်တော် မားသားကိုဈေးမသွားစေဘဲ အနားပေးချင်တာလည်းပါတာပေါ့နော်။

ကြက်သားစပါးလင်ချက်
ဗမာကြက်လေးငါးဆယ်သားအရွယ်ကို အတုံးခပ်ကြီးကြီးတုံးပြီးမှ ငါးငံပြာရည်နဲ့နယ်ပြီး ခဏနှပ်ထား၊ ငရုတ်သီးခွဲခြမ်း၊ ကြက်သွန်ဖြူနီကိုရောပြီးထောင်းထားတာကို နနွင်းမှုန့်နည်းနည်းထည့်ပြီးဆီသတ်၊ စိမ်းနံ့ ပျောက်ပြီးမွှေးလာပြီဆိုမှ ဓါးပြားရိုက်ထားတဲ့ စပါးလင်သုံးလေးပင်ပါထည့်ဆီသတ်၊ ပြီးမှ ခုနက နှပ်ထားတဲ့ ကြက်သားထည့်ပြီး ရေခန်းထဲ့အထိခပ်နာနာလေးလုံးပေး။ ရေနည်းနည်းချင်းထည့်ပြီး ကြက်သားနူးတဲ့အထိ တည် အရသာလိုရင် ဆားလေး၊ ကြက်သားမှုန့်လေး လိုက်ပေးလိုက်ပေါ့နော်။ မီးဖိုပေါ်က ချခါနီးရင်တော့ ဆီကျန်ရေကျန် အရည်ခပ်များများလေးနဲ့ထားပေါ့နော်။ ဒါမှ စပါးလင်နံ့မွှေးမွှေးလေးနဲ့ အချိုချက်ပုံစံမျိုးလေး ဖြစ်ပြီး ပိုစားလို့ကောင်းတာပေါ့။

ကန်ဇွန်းရွက်ကြော်
ကန်ဇွန်းရွက်ကို အနေတော်လေးခြွေ ရေစင်စင်ဆေး၊ ရေစစ်ထား၊ ငရုတ်သီးစိမ်း လေးငါးတောင့်နဲ့ ကြက်သွန်ဖြူ၊ ဂျင်းနည်းနည်းကိုလည်း ဓါးပြားရိုက်ထား၊ ကြက်သွန်ဖြူနဲ့ဂျင်းကို အရင်ဆီသတ် မွှေးလာပြီဆိုမှ ငရုတ်သီးခွဲခြမ်းနည်းနည်းပါထည့်ဆီသတ် ပြီးမှကန်ဇွန်းရွက်ထည့် ခရုဆီ၊ ဆား၊ သကြားသင့်ရုံထည့်ပြီး အိုးကို အဖုံးမပိတ်ဘဲကြော်ပေါ့နော်။ ဒါဆိုရင်တော့ ချိုစပ်မွှေးဖြစ်နေပြီးစားနေကျနဲ့မတူတဲ့ ကန်ဇွန်းရွက်ကြော်လေး တစ်ပွဲရပြီပေါ့။

ပိန်းဥမုန်ညင်းချဉ်ဟင်းရည်
သူကတော့လွယ်ပါတယ်၊ ပိန်းဥကိုအခွံခွာ အနေတော်တုံးပြီး ရေထဲထည့်ပြီး နူးအောင်အရင်ပြုတ်ထား၊ ပိန်းဥနူးပြီဆိုမှ မုန်ညင်းချဉ်အချိုလေးထည့်ပြီး ဆယ်မိနစ်လောက်ထပ်တည်၊ အရသာအတွက် ဆား၊ ကြက်သား မှုန့်လေးထည့်ရုံပါပဲ။ ဒါဆိုရင်တော့ ကြက်သားစပါးလင်ချက်၊ ကန်ဇွန်းရွက်ကြော်တို့နဲ့ တွဲစားလို့အဆင်ပြေမယ့် ချဉ်ချဉ်ဆိမ့်ဆိမ့် ပိန်းဥမုန်ညင်းချဉ် ဟင်းရည်တစ်ခွက်ရပါပြီ။

ပင်စိမ်းသီးထောင်း
          ပင်စိမ်းသီးကို အခွံခွာပြီး ပါးပါးလေးတွေလှီးထား၊ မုန်ညင်းစိမ်းနည်းနည်းနဲ့ ငရုတ်သီးစိမ်းသင့်ရုံကို လည်း ရေသေချာဆေးပြီး ခပ်ပါးပါးလှီးထား၊ ပဲပုပ်တစ်ချပ်လောက်ကို မီးကင်ပြီးအရင်ထောင်း၊ ပဲပုပ်ညက်ပြီ ဆိုမှ ပင်စိမ်းသီးထည့်ထောင်းပြီးမှ ငရုတ်သီးစိမ်းနဲ့ မုန်ညင်းစိမ်းထည့်၊ ဆားနည်းနည်းထည့်ထောင်းလိုက်ရင်  စားလို့အရမ်းကောင်း၊ မယ်တော်မားသားလည်း အရမ်းကြိုက်တဲ့ ရာသီပေါ်ပင်စိမ်းသီးထောင်း တစ်ခွက်ရပါပြီ။

ဒီတစ်ပတ်ကတော့ဒီလောက်ပဲချက်ကြတာပေါ့။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံ ကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment