ဒီတစ်ပတ်မှာတော့
အသားငါးတွေမစားချင်လို့ ငါးခြောက်ငါးခြမ်းလေးစားချင်ပါတယ်ဆိုတဲ့ မယ်တော် မားသားအတွက်
ဘဲဥနဲ့ငါးခြောက်ကို မဆလာနိုင်နိုင်နဲ့ ဆီပြန်လေးချက်မယ်။ ပြီးတော့ ခရမ်းသီးကို မီးဖုတ်ပြီး
သုပ်မယ်။ ဒါကတော့ မယ်တော်မားသားရော ကိုယ်ရောအကြိုက်ပေါ့နော်။ အရည်သောက်အတွက်ကတော့ ချဉ်ပေါင်ရွက်
ရခိုင်စတိုင်လ်ချဉ်ချဉ် စပ်စပ်ဟင်းချိုချက်မယ်။ ဒါဆိုရင်တော့ မယ်တော်မားသားနဲ့ ကိုယ်
သားအမိ နှစ်ယောက်စားလို့ကောင်းမှာတော့ သေချာပြီပေါ့နော်။
ဘဲဥငါးခြောက်မဆလာချက်
ဘဲဥကိုအရင်ပြုတ်ပြီးအခွံခွာ
နည်းနည်းဓားရာပေးထားလိုက်မယ်။ ငါးခြောက်ကိုတော့ စားလို့လည်း ကောင်း၊ အညှီလည်းသက်သာတဲ့
ငါးကွမ်းရှပ်ခြောက်ကိုပဲ သုံးလိုက်မယ်။ ချက်စားမှာဆိုတော့ ငါးခြောက်ကို ဗိုက်သားပဲရွေးသုံးမယ်။
ဒါမှ အပေါ်အသားမြှောင်တွေက ဖုတ်စားဖို့ကျန်မှာပေါ့။ ငါးကွမ်းရှပ်ခြောက်ဗိုက်သားကို အနေတော်
လေးတွေတုံးပြီး ရေစင်စင်ဆေးရေပြန်စစ်ထားမယ်။ ငရုတ်သီးပွအခြောက်ကို မှိုပါမပါစစ် ရေနွေး
လေးနဲ့စိမ် အလည်အူနဲ့အစေ့တွေဖယ်ပြီး အသားကြီးသက်သက် ရေပြန်ညှစ်ထားပြီးမှ ကြက်သွန်ဖြူနီနဲ့ရောပြီး
ညက်အောင်ထောင်း၊ နနွင်းမှုန့်နည်းနည်းထည့်ပြီးဆီသတ်၊ မုန်ညင်းစေ့ပါနည်းနည်းထည့်၊ စိမ်းနံ့ပျောက်လို့
မွှေးလာပြီဆိုမှ ငါးခြောက်ထည့် ခပ်နာနာလေးလုံး၊ ပြီးရင် ဘဲဥထည့် ရေနည်းနည်းထည့် အရသာအပေါ့အငန်
အတွက်ကတော့ ငါးငံပြာရည်နဲ့ကြက်သားမှုန့်လေးပဲထည့်ပေါ့နော်။ ဆီလေးလည်းပြန်၊ အရသာလည်း
စိတ်ကြိုက်ရပြီဆိုမှ မဆလာခပ်များများလေးဖြူးပေးလိုက်ရင် ဘဲဥငါးခြောက်မဆလာချက် မွှေးမွှေးလေးရပါပြီ။
ခရမ်းသီးမီးဖုတ်သုပ်
ခရမ်းသီးကို
အရင်မီးဖုတ် အခွံခွာပြီးအနေတော်လေးတွေဖဲ့ထား။ ပုဇွန်ခြောက်ကို မညက်တညက် ထောင်းထား၊
ကြက်သွန်နီကို မထူမပါးလေးလှီးထား၊ ပြီးရင် အားလုံးစုထည့်၊ ဆားလေးသင့်ရုံနဲ့မြေပဲ ဆီမွှေး
မွှေးလေးထည့်နယ်။ နှမ်းလှော်လေးရှိရင်နှမ်းလှော်လေးပါထည့်။ ဒါဆိုရင်တော့ စားလို့ကောင်းမှကောင်းတဲ့
ခရမ်းသီးမီးဖုတ်သုပ်ဟင်းတစ်ပွဲရပြီပေါ့ ဆွေမျိုးတို့ရာ။
ချဉ်ပေါင်ရွက်ဟင်းချို
ချဉ်ပေါင်ရွက်ကိုခြွေပြီး
ရေစင်စင်ဆေး၊ ရေစစ်ထား၊ ငရုတ်သီးစိမ်း ဆယ့်လေးငါးတောင့်ကို အညှာခြွေ ပြီး မညက်တညက်ထောင်းထား၊
ကြက်သွန်နီကို ခပ်ထူထူလေးလှီးထား၊ ရေကိုအရင် ဆူလာအောင်တည်၊ ရေဆူလာမှ နနွင်းမှုန့်၊ ငါးငံပြာရည်၊
ကြက်သွန်နီထည့်၊ ကြက်သွန်နီစိမ်းနံ့ပျောက်လောက်ပြီဆိုမှ ချဉ်ပေါင်ရွက် ထည့် ချဉ်ပေါင်ရွက်ကအချဉ်လည်းထွက်
အပေါ့အငန်လည်းစိတ်ကြိုက်ရပြီဆိုမှ ထောင်းထားတဲ့ငရုတ်သီးစိမ်း ထည့်၊ ဒါဆိုရင်တော့ ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေးဖြစ်နေတဲ့
ချဉ်ပေါင်ရွက်ဟင်းချိုတစ်ခွက်ရပြီပေါ့။ ဒီတစ်ပတ်တော့ ဒီလောက်ပဲချက်ကြတာပေါ့ဆွေမျိုးတို့ရာ။
နောက်တစ်ပတ်တော့ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment