ငါးပေါင်းကြော်၊ အုန်းဖူးကြက်သားနှပ်၊ ကင်းမွန်ချဉ်ပတက်စာ ဟင်းချို










ဒီတစ်ပတ်တော့ ရှားရှားပါးပါး အိမ်ကအုန်းပင်လှဲတာကနေရထားတဲ့ အုန်းဖူးကိုကြက်သားနဲ့နှပ်မယ်။ မစားရတာလည်းကြာနေ ကြိုက်လည်းအရမ်းကြိုက်တာမို့ သူ့တစ်မျိုးတည်းနဲ့တောင် ထမင်းစားလို့ မြိန်မှာ သေချာနေသလောက်ပဲ။ အုန်းဖူးဆိုတာက အုန်းပင်အပေါ် အုန်းလက်တွေထွက်တဲ့ခေါင်းပိုင်းအတွင်းထဲက အနုလေးတွေကိုပြောတာပါ။ ဒီတိုင်းစားရင်တောင် ချိုချိုဆိမ့်ဆိမ့်လေးနဲ့စားလို့ကောင်းတာမျိုးပါ။ မယ်တော် မားသားနဲ့ ကျွန်တော်ကတော့ ကြိုက်မှကြိုက်ပဲဗျာ အုန်းဖူးနဲ့နှပ်ဖို့ CP  ကြက်သားသွားဝယ်ရင်း ငါးမှီးတန်သွယ် လေးတွေ့တာနဲ့ ငါးပေါင်းကြော်လေးကြော်စားမယ်ဆိုပြီး ၀ယ်ဖြစ်ပြန်ရော။ ဟင်းရည်ကိုတော့ ကင်းမွန်ချဉ်ရွက် အညွှန့်လေးတွေကောင်းတာနဲ့ ရာသီပေါ်ပတက်စာလေးနဲ့ ငရုတ်သီးစိမ်းလေးဓါးပြားရိုက်ထည့်ပြီး ချဉ်ချဉ် စပ်စပ်မွှေးမွှေးလေးချက်လိုက်မယ်ဗျာ။ ဒါဆိုရင်တော့ စားလို့ကတော့ ကောင်းပြီပေါ့ဗျာ

ငါးပေါင်းကြော်
ငါးမှီးတန်သွယ်ငါးလေးတွေကို ခေါင်းဖြုတ်အူထုတ်ပြီး ရေစင်စင်ဆေး ရေပြန်စစ်ထား။ ပြီးရင် ချင်း ကို ညက်ညက်လေးထောင်းထားတာရယ်၊ ဆားလေးနည်းနည်းရယ်ထည့်နယ်။ ကိုယ့်အိမ်မှာလုပ်စားတာဆိုတော့ ငါးလေးတွေတစ်ကောင်နဲ့ တစ်ကောင်ကွဲထွက်မသွားပဲ ကပ်ရင်ရပြီပေါ့နော်။ ငါးပဲဦးစားပေးကြော်လိုက်တာပေါ့။ ပြီးရင် အိုးထဲကိုဆီများများထည့်ပြီး ဆီပူလာရင်နှပ်ထားတဲ့ငါးလေးတွေကို ကိုယ်လိုချင်တဲ့အချပ်အရွယ်ရအောင် ထည့်ပြီး တစ်ခုချင်းကြော်လိုက်ရင် ထမင်းနဲ့ပဲစားစား ဒီအတိုင်းပဲစားစား စားလိ့အရမ်းကောင်းတဲ့ ငါးပေါင်း ကြော်ကြွပ်ကြွပ်လေးရပါပြီ။

အုန်းဖူးကြက်သားနှပ်
အုန်းဖူးကိုအနေတော်လေးတွေစိပ်ပြီး ရေဆေး၊ ရေပြန်စစ်ထား၊ ကြက်သားကိုခပ်လတ်လတ်လေးတုံး ပြီး ဆားလေးသင့်ရုံထည့်နယ်ထား ငရုတ်သီးအရောင်တင်မှုန့်နည်းနည်းနဲ့ ကြက်သွန်နီကိုမညက်တညက် ထောင်းပြီး နနွင်းမှုန့်နည်းနည်းထည့် ဆီသတ်၊ စိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုရင် ခုနကနှပ်ထားတဲ့ ကြက် သားထည့်ပြီး ရေခန်းတဲ့အထိခပ်နာနာလုံးပေး။ ဆီပြန်လာရင် အုန်းဖူးပါထည့်လုံး။ ပြီးရင် ရေနည်းနည်းချင်း ထည့်ပြီးနူးအောင်တည်။ အပေါ့အငန်လိုရင် ကြက်သားမှုန့်လေးထည့် အရသာလေးလည်းစိတ်ကြိုက်ရ ဆီကျန်ရေကျန်အနေအထားလေးနဲ့ အုန်းဖူးလေးလည်းအိအိလေးဖြစ် ကြက်သားလည်းနူးပြီဆိုရင်တော့ အရသာအရမ်းရှိတဲ့ အုန်းဖူးကြက်သားနှပ်တစ်ပွဲရပြီပေါ့ ဆွေမျိုးတို့ရာ။

ကင်မွန်းချဉ်ရွက်ပတက်စာဟင်းချို
ကင်မွန်းချဉ်ရွက်ကတော့ ၀ယ်လာတာအညွှန့်လေးတွေကြီးပဲမို့ ရေပဲသေချာဆေးရေစစ်ထား လိုက်ရုံပါပဲ။ ပတက်စာကိုတော့ ရင့်တာတွေဖယ်ပစ်ပြီး နုတာလေးတွေကိုခြွေထုတ်ပြီး ရေစင်စင်ဆေး ရေ ပြန်စစ်ထားလိုက်တယ်။ ကြက်သွန်နီဥလတ်တစ်ဥကို ခပ်ထူထူလေးလှီးပြီး မညက်တညက်ထောင်းထားတဲ့ ပုဇွန်ခြောက်ထည့် ဆီသတ်၊ ငါးငံပြာရည်လေးပါ နည်းနည်းထည့်။ ပြီးရင် ရေစစ်ထားတဲ့ ကင်မွန်းချဉ်ရွက်နဲ့ ပတက်စာထည့်လုံးပေး ရေထည့်ပြီးဆူလာအောင်တည်။ ကင်မွန်းချဉ်က အချဉ်အရသာထွက်ပြီ။ အပေါ့ အငန်လေးလည်း စိတ်ကြိုက်ရပြီဆိုမှ ဓားပြားရိုက်ထားတဲ့ ငရုတ်သီးစိမ်းထည့်လိုက်ရင် ကင်မွန်းချဉ် အရသာချဉ်ချဉ်လေး ငရုတ်စိမ်းကြောင့်လည်း ခပ်စပ်စပ်လေးဖြစ်နေပြီး ပုတက်စာနံ့မွှေးမွှေးလေးနဲ့ ကင်မွန်းချဉ်ပတက်စာ ဟင်းချိုတစ်ခွက်ရပြီပေါ့။
ဒီတစ်ပတ်တော့ ဒီလောက်ပဲချက်ကြတာပေါ့ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်တော့ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment