ဒီတစ်ပတ်နားရက်တော့
ငါးကိုကြော်ပြီးချည်ရည်ဟင်းပုံစံ ချဉ်ချဉ်စပ်စပ်လေးကိုအရည်များများလေး နဲ့ချက်မယ်။
ပြီးတော့ ပိန်းဥကိုအချိုလေးနှပ်လိုက်မယ်။ ချိုချိုဆိမ့်ဆိမ့်လေးပေါ့နော်။ ပြီးတော့
မြင်းခွာရွက်ကို ဟင်းခါးပုံစံလေးချက်လိုက်မယ်။ ဒါဆိုရင်တော့ အရသာစုံစုံလေးနဲ့ စားလို့ကောင်းမှာ
သေချာတာပေါ့ ဆွေမျိုးတို့ရာ။ မယ်တော်မားသားအကြိုက်လေးဖြစ်တော့ ပိုအဆင်ပြေသွားတာပေါ့။
ရာသီဥတု အေးအေး လေးမှာ အရသာစုံစုံလေးနဲ့ဆိုတော့ စားလို့ကောင်းမှာသေချာတာပေါ့ဆွေမျိုးတို့ရာ။
မယ်တော်မားသား အကြိုက်လေးလည်းဖြစ်တော့ ပိုအဆင်ပြေသွားတာပေါ့ ရာသီဥတုအေးအေးလေးမှာ အရသာစုံစုံလေးနဲ့
ဆိုတော့ စားမကောင်းမှာလည်း မပူရတော့ဘူးပေါ့ မယ်တော်မားသားကတော့ ငါးချဉ်ဟင်းကိုပဲ ငါးကြင်း
ခုတ်သားလေးနဲ့ပဲချက်မယ်ဆို ဈေးသွားတယ်ဆိုပါတော့။ ကိုယ်ကတော့ မယ်တော်မားသားအပြန်ကိုပဲ
ပြင်စရာရှိတာလေးတွေပြင်ပြီးစောင့်။ မယ်တော်မားသားဈေးကပြန်လာမှ ချက်ရေးပြုတ်ရေးစဖြစ်တယ်
ဆိုပါတော့။
ငါးချဉ်စပ်
မယ်တော်မားသားဝယ်လာတဲ့
ငါးကြင်းခုတ်သားကို အရိုးထွင်ရလွယ်အောင် ခပ်ကြီးကြီးလေးတုံး၊ ဆားသင့်ရုံထည့်နယ်ပြီး
နီရုံလေးကြော်ထားလိုက်တယ်။ ပြီးမှ ကြက်သွန်ဖြူနီငရုတ်သီးအရောင်တင်မှုန့်၊ ဂျင်းနည်းနည်းကိုရောထောင်းထားတာကို
နနွင်းမှုန့်နည်းနည်းထည့်ပြီး မွှေးလာတဲ့အထိဆီသတ်၊ ခုနကြော်ထား တဲ့ ငါးကြော်ပါထည့်လုံး။
ရေခပ်များများလေးထည့်၊ ချဉ်စော်ကားသီးခြောက်လေးပါ သင့်ရုံတစ်ခါတည်းထည့်ပြီး တည်ထားလိုက်မယ်။
ဟင်းရည်လည်းဆူလာပြီ။ ချဉ်စော်ကားသီးခြောက်က အချဉ်လည်းထွက်လာပြီဆိုမှ အပေါ့အငံမြည်းကြည့်။
လိုအပ်ရင် ငါးငံပြာရည်နဲ့ကြက်သားမှုန့်လေးသင့်ရုံထည့်၊ ငရုတ်သီးစိမ်း ဓါးပြားရိုက်ထား
တာလေးပါထည့်။ အရသာကချဉ်ငံစပ်လေးစိတ်ကြိုက်ရပြီဆိုမှ ပိုမွှေးသွားအောင် ရေစင်စင်ဆေးပြီး
အနေတော် လေးတွေခြွေထားတဲ့ နံနံပင်လေးအုပ်လိုက်ရင် အရည်များများချဉ်ချဉ်စပ်စပ်လေးနဲ့
မွှေးမွှေးလေးဖြစ်နေတဲ့ ငါးချဉ်စပ်ဟင်းတစ်ပွဲရပြီပေါ့ဗျာ။
ပိန်းဥနှပ်
ပိန်းဥကို
ပိန်းကြက်ဥလို့ခေါ်တဲ့ ပိန်းဥအသေးလေးတွေသုံးပါမယ်။ ပိန်းဥလေးတွေကိုအခွံခွာ ရေစင်စင်
ဆေးပြီး ထက်ခြမ်းလေးတွေခြမ်းထား၊ ကြက်သွန်ဖြူဆယ်တက်လောက်ကို ကြေရုံလေးဓါးပြားရိုက်ထား။
ကြက်သွန်ဖြူကိုအရင်ဆီသတ်၊ စိမ်းနံ့ပျောက်ပြီဆိုတာနဲ့ ပိန်းဥပါထည့်ပြီးခပ်နာနာလေးလုံးထား။
ရေနည်းနည်းချင်းထည့်ပြီး ပိန်းဥနူးအိလာတဲ့အထိ နှပ်ချက်ပုံစံမျိုးလေးထားပေါ့နော်။ အရသာအတွက်ကတော့
ဆားနဲ့ကြက်သားမှုန့်လေး ထည့်လိုက်ရုံပေါ့။ ပိန်းဥလေးလည်း နူးအိလာပြီ ရေလည်းခမ်းလာပြီဆိုမှ
ငရုတ်ကောင်းမှုန့်လေးဖြူးပေးလိုက်ရင် စားလို့အရမ်းကောင်းတဲ့ ပိန်းဥနှပ်ချိုဆိမ့်လေးတစ်ပွဲရပြီပေါ့နော်။
မြင်းခွာရွက်ဟင်းခါး
အစာလည်းဆေး၊
ဆေးလည်းအစာအဖြစ် စားတဲ့အထဲမှာ မြင်းခွာရွက်လေးတွေကို ရေစင်စင် ဆေးပြီးရေစစ်ထား။ ရေကို
အရင်ဆူအောင်တည်၊ ရေဆူလာရင် ကြက်သွန်ဖြူဓါးပြားရိုက်ထားတာရယ်၊ မညက်တညက်ထောင်းထားတဲ့
ပုဇွန်ခြောက်မှုန့်ရယ်၊ ညက်အောင်ထောင်းထားတဲ့ ငရုတ်ကောင်းလှော် မှုန့်လေးရယ်၊ ငါးငံပြာရည်လေးသင့်ရုံရယ်ထည့်၊
ကြက်သွန်ဖြူလေးလည်းနူး၊ ပုဇွန်ခြောက်ကလည်း အချို ရည်ထွက်ပြီဆိုမှ မြင်းခွာရွက်လေးထည့်ပြီး
ဆူရုံတည်လိုက်ရင် မြင်းခွာရွက်ဟင်းခါးပူပူမွှေးမွှေးလေးရပါပြီ။
ဒီတစ်ပတ်တော့
ဒီလောက်ပဲချက် ကြတာပေါ့ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်တော့ နောက်တစ်မျိုး ချက်ဖို့ ပြန်ဆုံကြတာပေါ့။
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment