ငါးဟင်းခဲချက်၊ ရွှေပဲရွက်ဟင်းချို၊ ဘူးသီးကြော်သုပ်










ရာသီလေးကအေးလာပြီဆိုတော့ ဒီတစ်ပတ်နားရက်လေးမှာ ငါးဟင်းခဲချိုချိုပူပူစပ်စပ်လေး ချက် မယ်စိတ်ကူးတယ်။ မယ်တော်မားသားအကြိုက်လေးပေါ့နော်။ ပြီးတော့ ရွှေပဲရွက်ကို ဟင်းချိုလေးချက်၊ ဘူးသီးကြော်ကိုချဉ်ချဉ်စပ်လေး သုပ်လိုက်မယ် ဒါဆိုရင်တော့ မယ်တော်မားသားနဲ့ ကျွန်တော် ဒီတစ်ပတ် နားရက်မှာ ထမင်းကတော့စားလို့မြိန်ဦးမယ်ဗျို့။ ငါးဟင်းခဲချက်မယ်ဆိုတော့ တစ်ရက်တော့ကြိုချက်ရမှာပေါ့။ ဒါမှ မနက်ကျငါးဟင်းခဲရမှာ ငါးဟင်းခဲလောက်အောင်မအေးရင်တော့လည်း ရေခဲသေတ္တာပဲ အားကိုးရတော့ မှာပေါ့နော်။

ငါးဟင်းခဲချက်
ငါးဟင်းခဲချက်ဖို့အတွက်ကျတော့ ငါးခုံးမအကောင်ကြီးကြီး သုံးမယ်ဗျာ။ ငါးခုံးမငါးကို အကြေးထိုးပြီး အတုံးကြီးကြီးတုံး။ ဆား၊ နနွင်းနဲ့နယ်ပြီး ခဏနှပ်ထားလိုက်မယ်။ ရေဆူလာမှ ခုနကနှပ်ထားတဲ့ငါးထည့်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ငရုတ်သီး အားလုံးကို ဓါးပြားရိုက်ပြီးထည့်၊ ပြီးရင် မီးဖိုပေါ်မှာတစ်နာရီလောက် တည်ထားလိုက်မယ်။ ရေလိုရင်ရေထည့်ပေါ့နော်။ တစ်နာရီပြည့်လို့ မီးဖိုပေါ်ကချခါနီးကျ အရသာသေချာ မြည်းကြည့်ပေါ့နော်။ အရသာက ငါးအရသာချိုချိုလေးနဲ့မွှေးမွှေးလေးရယ်နဲ့ ရေချိုချက်ပုံစံအနေအထား အရည်ခပ်များများပုံစံလေးပေါ့။ ပြီးရင် အအေးခံထားလိုက်ရုံပါပဲ။ ညနေပိုင်းလောက်ချက်ထားပြီး မနက်ကျမှ အခဲဖြစ်နေတာလေး။ အဆင်သင့်စားရုံပေါ့နော်။ သိပ်မအေးတဲ့ရန်ကုန်လိုနေရာမျိုးဆိုရင်တော့ ရေခဲသေတ္တာ ထဲထည့်ထားပေးပေါ့။ ရေခဲကန့်ထဲထိတော့ ထည့်စရာမလိုပါဘူး။ သစ်သီးထည့်တဲ့ အခန်းလောက်ဆို အဆင် ပြေပါပြီ။

ရွှေပဲရွက်ဟင်းချို
သူကတော့လွယ်ပါတယ်။ ရွှေပဲရွက်က ချိုချိုလေးဆိုတော့ ဟင်းခါးချက်လိုက်ရင် ချိုချိုပူပူလေးနဲ့ သောက်လို့ကတော့ ကောင်းမှကောင်းပဲ ရွှေပဲရွက်လေးတွေကို အနေတော်ခြွေထား၊ ရေကိုအရင်ဆူအောင် တည်၊ ရေဆူလာမှ ကြက်သွန်ဖြူဓါးပြားရိုက်ထားတာထည့်၊ ဆားသင့်ရုံထည့်၊ ရွှေပဲရွက်ထည့် အရသာ အဆင်ပြေမှ ငရုတ်ကောင်းမှုန့်လေးဖြူးပေးလိုက်ရုံပါပဲ။ ချက်ရတာလည်းလွယ် သောက်လို့လည်း အဆင်ပြေတဲ့ ဟင်းချိုလေးပေါ့နော်။

ဘူးသီးကြော်သုပ်
ဘူးသီးကြော်ကို သိပ်မခက်တာမို့ ကိုယ်ဘာသာပဲကြော်လိုက်တော့မယ်။ ဘူးသီးကို အခွံခွာပြီး အချောင်းပုံစံလေးတွေလှီးထား၊ ဆန်မှုန့်အကြော်ခံမှုန့်ကိုတစ်ဝက်စီလောက်ရောပြီး မပြစ်မကျဲလေးဖျော်ထား။ ပိုပြီးရွရွလေးနေချင်ရင် ရွှေကြည်ဆန်မှုန့်လေးနည်းနည်းပါထည့်။ ဂျင်းလေးနည်းနည်းကိုပါ ညက်နေအောင် ထောင်းထည့်ပြီးမှ ဆီများများနဲ့ကြော်ရုံပေါ့နော်။ သုပ်ဖို့အတွက်ကတော့ ကြက်သွန်နီဆီချက်လေးချက်ထား။ မန်ကျည်းမှည့်လေးရေဖျော်ထား၊ ငရုတ်သီးလှော်မှုန့်မွှေးမွှေးလေးလည်း အသင့်လုပ်ထား၊ ကြက်သွန်နီနဲ့ဂေါ်ဖီကို ခပ်ပါးပါးလှီးရေဆေး၊ ရေပြန်ညှစ်ပြီး ဖွထား၊ နံနံပင်ကိုလည်း ရေသေချာ ဆေးပြီးအနေတော်လှီးထား။ ပြီးရင် နံနံပင်မပါ သုပ်မယ့်အဆာပလာအားလုံးကို ဆား၊ ပုဇွန်ငံပြာရည် သင့်ရုံထည့်နယ်။ အရသာချဉ်ငံစပ်လေးပြီဆိုမှ ဘူးသီးကြော်လေး ညှပ်ထည့်ပြီး ခပ်ဖွဖွလေးနယ်။ အပေါ်ကနေ နံနံပင်လေးဖြူးပေးလိုက်မယ်ဆိုရင် ဘူးသီးကြော်သုပ် ချဉ်ငံစပ်မွှေးလေးတစ်ပွဲရပါပြီ။

ဒီတစ်ပတ်ကတော့ဒီလောက်ပဲချက်ကြတာပေါ့။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံ ကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment