ကြက်ချဉ်စပ်ကြော်၊ အာလူးမဆလာဆီပြန်၊ ဘူးသီးကြော်ချက်











ဒီတစ်ပတ်တော့နားရက်လေးမှာ မယ်တော်မားသားနဲ့ သားမိနှစ်ယောက်ဈေးတူတူသွား၊ ဟိုရောက်မှ စားချင်တာ၊ လတ်တာလေးတွေ စိတ်ကူးတည့်ရာချက်မယ်ပေါ့နော်။ ဗမာကြက်အနေတော် လတ်လတ်လေး တွေတွေ့တော့ မယ်တော်မားသားကို ချဉ်စပ်လေးကြော်ရအောင်  စားမလားဆိုတော့ အေး … မစားရတာ ကြာပြီ၊ ကောင်းသားပဲဆိုတာနဲ့ ဗမာကြက်ပဲဝယ်ဖြစ်လိုက်တယ်။ 

ကိုယ်ကချဉ်စပ်လေးကြော်မှာဆိုတော့ ကြက်ဖသားပဲရွေးဝယ်ခဲ့လိုက်တယ်။ ကြော်စားမယ်ဆို ကြက်ဖငါးဆယ်သား၊ ခြောက်ဆယ်သားကောင်လေး တွေက ပိုကောင်းတယ်ဗျ။ ချက်စားမယ်ဆိုရင်တော့ ကြက်မသားကပိုကောင်းတာပေါ့နော်။ နောက်တစ်ခါ ပဲကြီး ရေစိမ်အခွံချွတ်ထားတာလေးတွေတွေ့တော့ ဆူးပုပ်ရွက်လေးနဲ့ ဟင်းချိုလေးချက်ရအောင်လားလို့ မယ်တော် မားသားကပြောတော့ ပဲကြီးဆူးပုတ်ရွက်ဟင်းချိုတစ်ခွက် ချက်ဖြစ်မယ်ပေါ့။ ကြက်သားကြော်ထားပြီဆိုတော့ သူနဲ့လိုက်မယ့် အာလူးကို မဆလာနိုင်နိုင်နဲ့ဆီပြန်လေးပဲ ချက်မယ်စိတ်ကူးရသွားတယ်။ အာလူးကတော့ အိမ်မှာဆောင်ထားနေကျရှိနေတာမို့ ၀ယ်စရာမလိုတော့ဘူးပေါ့နော်။ အိမ်ပြန်ရောက်တာနဲ့ ဈေးခြင်းတောင်း လေးချပြီး သားမိနှစ်ယောက် ချက်ရေးပြုတ်ရေး စကြတယ်ဆိုပါတော့။

ဗမာကြက်ကိုအတုံးခပ်သေးသေးတုံး၊ ရှောက်ရည်၊ ငါးငံပြာရည်နဲ့နယ်ပြီး ခဏနှပ်ထားပြီးရင် ကြက် သွန်ဖြူ၊ နံနံပင်အမြစ်၊ ဂျင်း၊ ငရုတ်သီးစိမ်းထောင်းထားတာရယ်၊ နနွင်းမှုန့်နည်းနည်းရယ်ပါထည့်နယ်ထား စပ်စပ်ကြိုက်ရင်တော့ ငရုတ်သီးစိမ်းများများလေးပိုထည့်ပေါ့နော်။ အိုးထဲကို ဆီသင့်ရုံပဲထည့်၊ ဆီပူလာ ရင် ခုနက အဆာပလာတွေနဲ့ နှပ်ထားတဲ့ကြက်သားထည့် ရေခန်းပြီး ခြောက်လည်းခြောက်ကျက်လည်း ကျက်တဲ့ အထိ မီးနည်းနည်းနဲ့ နှပ်ကြော်လေးကြော်လိုက်မယ်ဆိုရင်တော့ စားနေကျနဲ့မတူတဲ့ ကြက်ချဉ်စပ် ကြော်မွှေးမွှေး လေးရပြီပေါ့။

ပဲကြီးဆူးပုတ်ဟင်းချို
ကြက်သွန်နီကို မထူမပါးလှီးပြီး ရွှေရောင်နည်းနည်းရတဲ့အထိကြော်ပြီးရင် ဆီစစ်ပြီးပြန်ဆယ်ထား၊ ဆူးပုပ်ရွက်ကို အရင့်တွေဖယ်ပြီး ခြွေထားတာကိုလည်း ခုနက ကြက်သွန်နီကြော်တဲ့ဆီထဲ ခဏထည့်လုံးပြီး ပြန်ဆယ်ထား။ ကြက်သွန်နီနဲ့ ဆူးပုပ်ရွက်ကြော်ထားတဲ့ဆီထဲကို ပဲကြီးထည့်၊ နနွင်းမှုန့်နဲ့ ဆားပါနည်းနည်း ထည့်ပြီး ရေခန်းတဲ့အထိလုံးပေး၊ ပြီးမှ ရေနည်းနည်းချင်းထည့်ပြီး ပဲကြီးနူးတဲ့အထိတည်၊ ပဲကြီးလည်း နူးအိလာပြီ၊ ရေလည်းအနေတော်နဲ့ အရသာလည်း စိတ်ကြိုက်ရပြီဆိုမှ ခုနကကြော်ထားတဲ့ ကြက်သွန်နီနဲ့ ဆူးပုတ်ရွက်ထည့်လိုက်ရင် ပဲကြီးဆူးပုတ်ရွက်ဟင်းချိုတစ်ခွက်ရပါပြီ။

အာလူးမဆလာဆီပြန်
အာလူးကိုအခွံခွာပြီး အတုံးကြီးကြီးတုံး၊ ရေဆေး၊ ဆားနည်းနည်းထည့်နယ်ပြီး အပေါ်ယံတင်း ရုံလေးကြော်ထား၊ ဇီယာ၊ ငရုတ်သီးခွဲခြမ်း၊ ကြက်သွန်ဖြူနီရောထောင်းထားတာကိုဆီသတ်၊ စိမ်းနံ့ပျောက်လို့ မွှေးလာပြီဆိုရင် ကိုယ်ထည့်မယ်မှန်းထားတဲ့ မဆလာတစ်ဝက်ပါထည့်ဆီသတ်၊ ကျန်တဲ့တစ်ဝက်ကိုတော့ ဟင်းကျက်မှ အပေါ်ကနေဖြူးတော့မယ်။ ဆီသတ်တဲ့အထဲထည့်လိုက်တော့ မဆလာက ပိုမွှေးသွားတာ ပေါ့နော်။ ပြီးရင် ခုနကကြော်ာထားတဲ့အာလူးထည့်လုံး၊ ရေနည်းနည်းချင်းထည့်ပြီး နူးအောင်တည်၊ အာလူးလည်းနူး၊ ဆီလည်းပြန်၊ အရသာလည်းအဆင်ပြေပြီဆိုရင်တော့ အာလူးမဆလာ ဆီပြန်ဟင်း တစ်ခွက်ရပြီပေါ့။ အရသာအတွက်ကတော့ ဆား၊ ကြက်သားမှုန့်ထည့်ရင်ရပါပြီ။ ဒီတစ်ပတ်ကတော့ဒီလောက်ပဲချက်ကြတာပေါ့။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံ ကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment