ကြက်ကြော်၊ ချဉ်ပေါင်ရွက် ဟင်းချို၊ ထမင်းဆီဆမ်း











ဒီတစ်ပတ်တော့ မစားရတာကြာနေတဲ့ မယ်တော်မားသားက ဗမာကြက်လေးကိုကြော်၊ ချဉ်ပေါင် ရွက်ဟင်းချိုလေးနဲ့ ထမင်းဆီဆမ်းလေး စားချင်ပါတယ်တဲ့။ မယ်တော်မားသားတင်မဟုတ် ကိုယ်တွေလည်း အရမ်းကြိုက်ဆိုတော့ ချက်ဖို့တခြားဟာစဉ်းစားနေစရာမလိုတော့ဘူးပေါ့။ တစ်ခါတလေလည်း ထမင်းဆီ ဆမ်းလေးနဲ့ စားရတာပိုပြီးစားလို့ဝင်တယ်ဗျ။ လုပ်ရတာလည်း ဘာမှခက်တာမဟုတ်ဘူးလေ။ ကြက်သွန်နီဆီချက်လေးနဲ့ မြေပဲဆန်ကြော်လေးထောင်းထားရင် ရနေပြီကိုး။

ကြက်ကြော်
ကြက်ကိုတော့ ဗမာကြက်သုံးလေးဆယ်သားလောက်။ ကြက်ဖဆို ပိုအဆင်ပြေတယ်ဗျ။ ကြက်ဖသား က နည်းနည်းချွဲပေမယ့် စားရတာကကြက်မသားလောက်မမာဘဲ ပိုနူးညံ့တယ်။ အဲဒါကြောင့် ဗမာကြက်ကြော် တဲ့အခါ ကျွန်တော်ကတော့ ကြက်ဖသားကိုပဲရွေးဖြစ်တယ်။ သုံးလေးဆယ်သား ခပ်နုနုလေးဆိုတော့ ကြော်ပြီးရင်စားလို့ကတော့ ကောင်းမှကောင်းပဲပေါ့။ ကြက်ကို လေးစိပ်စိပ်၊ အလယ်ရိုးနဲ့ခြေထောက်၊ ခေါင်းကိုဖယ်ထား။ အရိုးတွေတော့ပြုတ်ပြီး ချဉ်ပေါင်ရွက်နဲ့ဟင်းချိုလေး ချက်လိုက်မယ်လေ။ တုံးထားတဲ့ ကြက်ကို ဂျင်းလေးညက်အောင်ထောင်းထားတာရယ်၊ ဆားလေးသင့်ရုံရယ်၊ သကြားလေးနည်းနည်းရယ်နဲ့ နယ်ပြီး ခဏနှပ်ထား။ ပြီးမှ ဆီများများကို အပူရှိန်မြင့်မြင့်လေးဖြစ်လာအောင် တည်ထားတဲ့အထဲကို ထည့်ပြီး ကြော်ရုံပေါ့နော်။ ကြက်သားက အပေါ်ယံအရေခွံနဲ့ အသားတွေရွှေညိုရောင်လေးရပြီဆိုရင် အဆင်ပြေပါပြီ။
ဒါဆိုရင်တော့ စားလို့အရမ်းကောင်းတဲ့ ဗမာကြက်ကြော်မွှေးမွှေးလေးရပါပြီ။

ချဉ်ပေါင်ရွက်ဟင်းချို
ခုနကဖယ်ထားတဲ့ ကြက်ရိုးလေးတွေအနေတော်တုံးပြီး ဆားနည်းနည်းထည့် နူးပြီးအချိုရည် ထွက်လာတဲ့အထိတည်ပြီးမှ ကြက်သွန်နီမထူမပါးလှီးထားတာထည့်။ ခြေပြီးရေစင်စင်ဆေး ရေစစ်ထားတဲ့ ချဉ်ပေါင်ရွက်ထည့်၊ အရသာအဆင်ပြေပြီဆိုမှ ငရုတ်သီးစိမ်းလေးဓါးပြားရိုက်ထည့်ပေးလိုက်ရင် ကြက်ကြော်၊ ထမင်းဆီဆမ်းနဲ့တွဲစားလို့လိုက်မှလိုက်တဲ့ ချဉ်ပေါင်ရွက်ဟင်းချိုလေးရပြီပေါ့ ဆွေမျိုးတို့ရာ။ ထမင်းဆီဆမ်း မှာလည်း အပေါ့အငန်တစ်ခါတည်းထည့်ထားမှာမို့ သူ့ကိုတော့အငန်လေးနည်းနည်းလျော့ထားဖို့တော့ လိုတာပေါ့။

ထမင်းဆီဆမ်း
          ကြက်သွန်နီဆီချက်ကို ကြွပ်ကြွပ်လေးချက်ထား၊ မြေပဲဆန်ကြော်လေးလည်း အသင့်ပြင်ထား။ ထမင်းထဲကို ကြက်သွန်နီဆီချက်လေးနဲ့ မြေပဲလေးသင့်ရုံထည့်ပြီးနယ်။ အပေါ့အငန်အတွက် ဆားလေး နည်းနည်းထည့်။ ဒါဆိုရင်တော့ မြေပဲဆန်ကြော်ဆိမ့်ဆိမ့်လေးနဲ့ ဆီချက်နံ့မွှေးမွှေးလေးပါတဲ့ ထမင်းဆီ ဆမ်းလေးရပါပြီ။

ဒီတစ်ပတ်ကတော့ဒီလောက်ပဲချက်ကြတာပေါ့။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံ ကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment