ငါးခြောက်အစပ်ကြော်၊ ခရမ်းသီးနှပ်၊ သီးစုံချဉ်ဟင်း








ဒီတစ်ပတ်နားရက်လေးမှာတော့ မယ်တော်မားသား လတ်လို့ဆိုဝယ်လာတာ အဆင်သင့်ရှိနေတဲ့ အာပြဲခြောက်ကိုပဲ ငရုတ်သီးခွဲခြမ်းလေးနဲ့ အစပ်မွမွကြွပ်ကြွပ်လေးကြော်လိုက်မယ်။ ပြီးတော့ မစားရတာ ကြာနေတဲ့ ခရမ်းသီးကို ပုဇွန်ခြောက်နဲ့ အချိုလေးနှပ်မယ်။ နောက်ပြီး သီးစုံချဉ်ဟင်းလေး တစ်ခွက်ချက်လိုက် မယ်။ ဒါဆိုရင်တော့ မယ်တော်မားသားရော ကိုယ်ပါကြိုက်တဲ့ ဟင်းပွဲအတွဲအစပ်လေး တစ်တွဲရပြီပေါ့ဆွေမျိုး တို့ရာ။ သားစိမ်းငါးစိမ်းတွေမပါပေမယ့် အရသာစုံစုံလေးနဲ့ဆိုတော့ အခုလိုရာသီဥတုကပူပြင်းနေပေမယ့် စားလို့ ကောင်းမှာကတော့ အသေအချာပဲပေါ့နော်။

ငါးခြောက်အစပ်ကြော်
ငါးခြောက်ကိုတော့ အာပြဲခြောက်အလတ်စားလေးတွေသုံးပါ့မယ်။ ကြီးလွန်းပြန်တော့လည်း ကြွပ်ကြွပ်မွမွလေးရဖို့မလွယ်၊ သေးပြန်တော့လည်း စားရတာငါးခြောက်အရသာသိပ်မရှိသလို ဖြစ်နေလို့ပါ။ အရင်ဆုံး အာပြဲခြောက်ကို ရေစင်စင်ဆေး၊ မလိုတဲ့ဟာတွေအကုန်ဖယ်၊ လက်တစ်ဆစ်လောက်လေးတွေ တုံးထား၊ ပြီးရင် ဆီနဲ့ကြွပ်အောင်ကြော်ပြီး ပြန်ဆယ်၊ ဆီခဏစစ်ထား၊ ငရုတ်သီးခွဲခြမ်းနဲ့ ကြက်သွန်ဖြူနီ ရောထောင်းထားတာကို နနွင်းမှုန့်နည်းနည်းထည့်ဆီသတ်၊ အားလုံးကြွပ်ပြီးမွှေးလာပြီဆိုရင် အရသာရှိအောင် ကြက်သားမှုန့်လေးပါနည်းနည်းထည့်။ ပြီးမှ ခုဆီစစ်ထားတဲ့ ငါးခြောက်ကြော်ပြန်ထည့်ပြီး မွှေပေးလိုက်ရင် ကြွပ် ကြွပ်မွမွလေးနဲ့ ခပ်စပ်စပ်လေးလည်းဖြစ်၊ မွှေးလည်းမွှေးနေတဲ့ ငါးခြောက်ကြော်ဟင်းတစ်ပွဲရပြီပေါ့။

ခရမ်းသီးနှပ်
ခရမ်းသီးကိုတော့ ခရမ်းရောင်အရှည်သီးတွေကိုသုံးပါ့မယ်။ ခရမ်းသီးကို ရေစင်စင်ဆေးပြီးထက်ပိုင်း ပိုင်းထား၊ ပြီးမှ အရင်းဘက်ကိုမပြတ်စေဘဲ လေးစိတ်လေးလှီးထား၊ ကြက်သွန်နီကိုခပ်ထူထူလှီးပြီး အရင် ဆီသတ်၊ ကြွပ်သွားတဲ့အထိမထားဘဲ စိမ်းနံ့ပျောက်ပြီး ခပ်အိအိလေးဖြစ်လာပြီဆိုရင် နနွင်းမှုန့်နည်းနည်းနဲ့ မညက်တညက်ထောင်းထားတဲ့ ပုဇွန်ခြောက်ထည့်ပြီးလုံးပေး။ အရသာအတွက်က ငါးငံပြာရည်လေး သင့်ရုံထည့်၊ အစာအဆင်ပြေပြီဆိုရင် ခုနကခရမ်းသီးထဲအစာလေးကိုထည့်ပြီးရင် အစာချက်ထားတဲ့အိုးထဲကို ခရမ်းသီးပိုင်းလေးတွေစီထည့်ပြီး ရေခပ်နည်းနည်းထည့်၊ အဖုံးအုပ်ပြီး ခရမ်းသီးနူးတဲ့အထိတည်ထား။ ခရမ်းသီး ကိုတော့ ဟိုဘက်ဒီဘက်လှန်ပေးဖို့ လိုတာပေါ့နော်။ တစ်ခုသတိထားရဖို့ကတော့ အစာလေးတွအအေးခံတဲ့ အချိန်မှ ခရမ်းသီးကိုလှီးတာပိုအဆင်ပြေတာပေါ့နော်။ နို့မို့ လှီးထားတာကြာပြီဆိုရင် ခရမ်းသီးကမဲသွားတတ်လို့ ပါ။ ခရမ်းသီးလည်းအိအိလေးဖြစ် ဆီလေးလည်းပြန် အရသာလည်း စိတ်ကြိုက်ရပြီဆိုရင်တော့ အရသာရှိတဲ့ ခရမ်းသီးနှပ်တစ်ပွဲရပါပြီ။ မွှေးမွှေးလေးဖြစ်ချင်ရင်တော့ ငရုတ်သီးစိမ်းလေးအုပ်ပေးလိုက်ရုံပေါ့ ဆွေမျိုးတို့ရာ။

သီးစုံချဉ်ဟင်း
သီးစုံဆိုပေမယ့် ဒီတစ်ခါတော့ ဘူးသီးရယ်၊ အာလူးရယ် ဒန့်ဒလွန်သီးရယ် သုံးမျိုးပဲသုံးပါ့မယ်။ ခရမ်းသီးနှပ်လည်းရှိနေလို့ပါ။ အာလူးနဲ့ဘူးသီးကိုအခွံခွာပြီး အနေတော်လေးတွေတုံးထား၊ ဒန့်ဒလွန်သီးကို အခွံတွေခြစ်ထုတ်ပြီး အနေတော်လေးတွေပိုင်းထား။ ငရုတ်သီးအရောင်တင်မှုန့်နည်းနည်းနဲ့ ကြက်သွန်နီရော ထောင်းထားတာကို နနွင်းမှုန့်သင့်ရုံထည့်ဆီသတ်၊ စိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုမှ မညက်တညက်ထောင်း ထားတဲ့ ပုဇွန်ခြောက်လေးပါထည့်။ ငါးငံပြာရည် နည်းနည်းထည့်။ ပြီးမှ အာလူးနဲ့ ဒန့်ဒလွန်သီးထည့်ပြီး ခပ်နာနာလေးလုံးပေး၊ ပြီးရင် ရေထည့်ပြီးအာလူးနဲ့ ဒန့်ဒလွန်သီးနူးတဲ့အထိ တည်ထား။ အာလူးနဲ့ဒန့်ဒလွန်သီး နူးခါနီးကျမှ ဘူးသီးထည့်။ ရေနွေးနဲ့စိမ်ထားတဲ့ မန်ကျည်းမှည့်ရေထည့်၊ အပေါ့အငန်မြည်းကြည့်၊ လိုသေးရင် ကြက်သားမှုန့်လေးထည့်။ အားလုံးစိတ်ကြိုက်ရပြီဆိုရင်တော့ အိမ်ချက်သီးစုံချဉ်ဟင်းတစ်ခွက်ရပြီပေါ့နော်။

ဒီတစ်ပတ်တော့ ဒီလောက်ပဲချက်ကြတာပေါ့ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်တော့ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment