ကြက်ဥမွှေကြော်၊ ငါးနီတူရခိုင်သုပ်၊ ပိန်းဥကြော်ချက်









ဒီတစ်ပတ်တော့ အပြင်လေးလည်းသွားစရာရှိနေလို့ ချက်ရလွယ်တာလေးနဲ့ပဲ အဆင်ပြေသလို ချက်လိုက်တော့မယ်။ ချက်ရလည်းလွယ် မြန်လည်းမြန် စားလို့လည်းကောင်း အကုန်လည်းသက်သာ အာဟာရ လည်းဖြစ်မယ် တော်မားသားရော ကိုယ်ပါအကြိုက်လည်းဖြစ်တဲ့ ဟင်းပွဲအတွဲအစပ်လေးပေါ့နော်။ တစ်ခါတလေ မှာလည်း ဒီလိုမျိုးလေးချက်စားရတာ ထမင်းစားလို့တော်တော် ကောင်းသားဆွေမျိုးတို့ရေ။ အိမ်မှာ ဈေးမသွား အားတဲ့အခါ ချက်ဖို့အလွယ်ထားတာလေးတွေနဲ့ အမြန်လေးချက်။ ပြီးတာနဲ့ ထမင်းပူပူ ဟင်းပူပူလေးကို မိသားစုတွေဝိုင်းဖွဲ့ပြီးစားကြ။ အဲ့လိုအချိန်မျိုးဆို ရှိတဲ့ဟင်းလေးနဲ့ စားလို့ကတော့ကောင်းပဲပေါ့။

ကြက်ဥမွှေကြော်
ကြက်သွန်ဖြူတစ်တက်လောက်ကို အခွံခွာ၊ ဓားပြားရိုက်ပြီးစဉ်းထားတာကို ဆီအရင်သတ်ပြီးရင် လှီး ထားတဲ့ ကြက်သွန်နီနဲ့ခရမ်းချဉ်သီးထည့်။ ကြက်သွန်မြိတ်လေးပါ လက်တစ်ဆစ်လောက်အပိုင်းလေးတွေ လှီးထည့်၊ အရသာအတွက် ဆားနဲ့ခရုဆီလေးပါထည့်မွှေပေး။ ပြီးမှ ကြက်ဥနှစ်လုံးလောက်ဖောက်ထည့်ပြီး မွှေပေးလိုက်မယ်ဆိုရင် အရသာလည်းရှိ အာဟာရလည်းဖြစ် စားလို့လည်းကောင်းတဲ့ ကြက်ဥမွှေကြော်လေး တစ်ပွဲရပြီပေါ့။ သူ့ကိုတော့ စားခါနီးပူပူလေးကြော်လိုက်ပေါ့နော်။ ဒါမှ စားတဲ့အခါပူပူနွေးနွေးလေးနဲ့ စားလို့ ပိုကောင်းသွားတာပေါ့။

ငါးနီတူသုပ်
ငါးနီတူသုပ် ငါးနီတူခြောက်တွေကို ခေါင်းခြွေတဲ့အခါ ခေါင်းတင်မက ဗိုက်လေးတွေပါပါအောင် ခြွေပေး၊ ဒါမှ မခါးတော့မှာလေ။ ဗိုက်တွေကုန်အောင် ချွေမထားတဲ့အခါ စားတဲ့အခါ ခါးသက်သက်နဲ့စားလို့မကောင်းလို့ ပါ။ ပြီးရင် ငါးနီတူကို မီးနည်းနည်းနဲ့ကြွပ်တဲ့အထိလှော်ထား။ လှော်တဲ့အခါ မတူးအောင်ရယ် လှော်တာမကျက် လို့ ပျော့ပျော့ကြီးပဲဖြစ်မနေဖို့ရယ်တော့ သတိထားရတာပေါ့နော်။ ပြီးရင် အဆာအတွက် ငရုတ်ကောင်း ဆယ် စေ့၊ ဆယ်ငါးစေ့လောက်ကို အရင်ညက်အောင်ထောင်းထား။ ပြီးမှ ကြက်သွန်ဖြူတစ်တက်လောက်ရယ် ငရုတ်သီးစိမ်းကြိုက်သလောက်ရယ် နံနံပင်နှစ်ချောင်းလောက်ရယ်၊ မီးပြထားတဲ့စိမ်းစားငါးပိလေးရယ်ထည့် ထောင်းထား။ ဒါဆို သုပ်ဖို့အတွက် အဆာလေးရပြီပေါ့။
ကြက်သွန်နီကိုခပ်ပါးပါးလှီးပြီး ရေစင်စင်ဆေးရေပြန်ညှစ်ထား။ နံနံပင်ကိုလည်းအနေတော်လေးတွေ လှီးထား။ ပြီးမှ အားလုံးသမအောင်နယ်ပေးလိုက်ရုံပေါ့။ သစ်သားဆုံရှိရင်တော့ အားလုံးရောပြီးမွှေလိုက် ခပ်ဖွဖွလေးထောင်းလိုက်ပေါ့။ အချဉ်အတွက်ကတော့ သံပုရာရည်လေးပဲလိုသလောက်ထည့်လိုက်ရုံပေါ့ ဆွေမျိုးတို့ရာ။ ဒါဆိုရင်တော့ ဒီလိုမိုးရာသီနဲ့လိုက်ဖက်တဲ့ ငါးနီတူရခိုင်သုပ် ချဉ်ချဉ်ငန်ငန်စပ်စပ်မွှေးမွှေးလေး ရပြီပေါ့။

ပိန်းဥကြော်ချက်
ပိန်းကြက်ဥလေးတွေကို အခွံခွာရေစင်စင်ဆေးပြီး အနေတော်လေးတွေတုံးထား။ ပုဇွန်ခြောက်ကို မညက်တညက်ထောင်းထား။ ငရုတ်ကောင်းနည်းနည်းနဲ့ ကြက်သွန်ဖြူနီရောထောင်းထားတာကို နနွင်းမှုန့် နည်းနည်းထည့်ပြီး အရင်ဆီသတ်၊ မွှေးလာပြီဆိုမှ ခုနကမညက်တညက်ထောင်းထားတဲ့ ပုဇွန်ခြောက်ထည့် ဆီသတ်၊ ပြီးရင် ပိန်းဥထည့်ပြီး ခပ်နာနာလေးလုံးပေး။ ပြီးမှ ရေနည်းနည်းချင်းထည့်ပြီးနူးအောင်တည် အရသာ အတွက်ကတော့ ဆားနဲ့ကြက်သားမှုန့်လေးပဲထည့်ရင် ရပါပြီ။ ပိန်းဥလေးလည်းနူးအိလာပြီ။ အရသာလေး လည်း စိတ်ကြိုက်နဲ့အရည်ခပ်များများ အနေအထားလေးနဲ့ ရပြီဆိုရင် သောက်လို့လည်းရ ဆမ်းစားလို့လည်း အဆင်ပြေတဲ့ ပိန်းဥကြော်ချက်ဟင်းတစ်ပွဲ ရပါပြီ။

ဒီတစ်ပတ်တော့ ဒီလောက်ပဲချက်ကြတာပေါ့ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်တော့ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment