လက်/ခြေသည်းများကပြောပြနေသော ကျန်းမာရေး…













လူတစ်ကိုယ် အကြိုက်တစ် မျိုးစီရှိကြမှာပါ။ တချို့တွေက ကိုယ့်အသံကောင်းတာကိုမြတ်နိုးကြမယ်၊ တချို့ကျတော့အသားအရေ တချို့က လက်/ခြေသည်းလေးတွေပေါ့။ လက်သည်းအလှချစ်သူ လေးတွေအတွက် သူတို့အလှကို ဖော်ပြဖို့နည်းလမ်းမျိုးစုံရှိကြပါတယ်။ မကြာခဏ လက်/ခြေသည်းအလှ ပြုပြင်တာ၊ ဆေးဆိုးတာ၊ လက်သည်းအရှည်ထားပြီးအလှပုံဖော်တာမျိုးပေါ့။ လက်/ခြေသည်းလေးတွေ က ခန္ဓာကိုယ်မှာ အသေးငယ်ဆုံး အစိတ်အပိုင်းလေးတွေဖြစ်ကြပေမယ့် သူတို့က တခြားကိုယ်အင်္ဂါအစိတ် အပိုင်းတွေလိုပဲ အရေးကြီးကြပါတယ်။ လက်သည်းခွံလေးတွေက လက်ထပ်လေးတွေ၊ လက်ချောင်း အချို့နဲ့ တစ်သျှူးတွေကို အကာ အကွယ်ပေးပါတယ်။ အဲဒီလိုပဲ ခန္ဓာ ကိုယ်အတွင်းမှာ ရောဂါတစ်စုံ တစ် ခုဖြစ်တဲ့အခါ လက်/ခြေသည်း လေးတွေကနေ ပထမဆုံးလက္ခ ဏာပြတတ်ကြပါသေးတယ်။ မျက် လုံးတွေက ကမ္ဘာကြီးရဲ့ ပြတင်း ပေါက်တွေဆိုရင် လက်/ခြေသည်း တွေက ခန္ခာကိုယ်ကျန်းမာရေးအ တွက် ပြတင်းပေါက်တွေပါ။ ကဲ အဲဒီတော့ ဘယ်ရောဂါဖြစ်ရင် လက်/ခြေသည်းလေးတွေမှာ ဘယ်လိုလက္ခဏာပြလဲဆိုတာ သ တိထားကြည့်ရအောင်။

အ၀ါရာင်လက်/ခြေသည်း
လက်/ခြေသည်းအ၀ါရောင် ထနေခြင်းက ကျန်းမာရေးပြဿနာ တော်တော်များများကို ဖော်ပြနေပါတယ်။ အဓိကတော့ လက်သည်း မှိုစွဲခြင်းပါ။ ဆီးချိုဝေဒနာရှင်တွေက လက်သည်းတွေ ၀ါကျင်ကျွတ် ဆတ်ပြီးလက်သည်းဝါတဲ့ပြဿနာကို ပိုပြီးခံစားရနိုင်ပါတယ်။ ဒီကူးစက်ရောဂါကို အချိန်မီမကုသဘူး ဆိုရင်တော့ လက်သည်းပန်း ကုံးလေးတွေဟာ ကျုံ့ဝင်လာပြီး လက်သည်းတွေပါထူလာပါတယ်။ တစ်ခါတစ်ရံ လက် သည်းဝါခြင်းက သဘာဝကြောင့် လည်းဝါလာနိုင်သလို လက်သည်း ဆိုးဆေးအသုံးများတာကြောင့် လည်းဖြစ်နိုင်ပါတယ်။ လက်သည်း ၀ါတာကာကွယ်ဖို့ လက်သည်းဆိုး ဆေးမကြာခဏအသုံးပြုခြင်းရှောင်ပါ။ သံပုရာခွံအတွင်းသားလိုမျိုးနဲ့ လက်သည်းကို ပွတ်ပြီးသန့်ရှင်းရေလုပ်ပေးပါ။ တစ်ခါတစ်ရံမှာတော့ လည်းကူးစက်ရောဂါ၊ အသည်းမ ကောင်းတာလိုမျိုး၊ ကိုယ်တွင်းအင်္ဂါ ချို့ယွင်းတာကြောင့်လည်းလက် သည်းဝါတာမျိုးဖြစ်နိုင်ပါတယ်။

ဖျော့တော့မွဲခြောက်သော လက်သည်း
ဖျော့တော့ပြီး မွဲခြောက်နေတာက သံဓာတ်ချို့တဲ့ခြင်းသင်္ကေတတစ်ခုပါ။ သွေးနီဥဆဲလ်နည်းပါးတဲ့အတွက် သွေးထဲမှာ အောက် ဆီဂျင်လုံလောက်စွာမရတော့ပါဘူး။ အဲဒါကြောင့် အရေပြား၊ လက်/ ခြေသည်းအောက်ခြေက တစ်သျှူးတွေက ဖျော့တော့လာပါတယ်။ အောက်ဆီဂျင်ရောက်ရှိမှုနည်းတာ ကြောင့်ဆိုရင်တော့ လက်သည်း အောက်ခြေပန်းကုံးလေးတွေကို သံလွင်ဆီ၊ အုန်းဆီခပ်နွေးနွေးလေးနဲ့ နှိပ်ပေးနိုင်ပါတယ်။ အာဟာရချို့တဲ့ခြင်း၊ အသည်း၊ နှလုံး၊ ကျောက်ကပ် ဝေဒနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့လက်သည်း အရောင်ဖျော့တာ ၁-၂ လ ထက်ပိုနေရင်တော့ ဆရာဝန်နဲ့တိုင် ပင်လိုက်တာအကောင်းဆုံးပါ။

ကွဲအက်နေသောလက်သည်း
လက်/ခြေသည်းကွဲအက်နေခြင်းက အာဟာရချို့တဲ့ခြင်း၊ စိတ်ရောဂါအပါအ၀င် တခြားကျန်းမာ ရေးပြဿနာအတွက်ပါ ပြသနေပါတယ်။ ဖောလစ်အက်ဆစ်၊ ဗီတာမင်စီ၊ ဒါမှမဟုတ် ပရိုတင်းချို့တဲ့ ခြင်းကလည်း လက်သည်းကွဲအက်စေပါတယ်။ ကျွတ်ဆတ်ပြီး အဖျားကွဲနေတဲ့လက်သည်းက လက် သည်းမှိုကူးစက်ခြင်းရဲ့သင်္ကေတပါ။ ဆပ်ပြာသုံးပြီး မကြာခဏလက် ဆေးတာ၊ လက်သည်းဆိုးဆေး တွေ သုံးစွဲလွန်းတာကလည်းလက်သည်းကို ၀ါပြီးကွဲအက်စေပါတယ်။ လက်သည်းကွဲအက်တာကို ကာကွယ်ဖို့အတွက် ရေမကြာခ ဏထိတွေ့ခြင်းကိုရှောင်ကျဉ်ပါ။ အတတ်နိုင်ဆုံးလက်ကိုခြောက်သွေ့နေပါစေ။ ဓာတုပစ္စည်းတွေပါဝင်လွန်းတဲ့ လက်သည်းဆိုးတာမျိုးရှောင်ပါ။ တကယ်လို့ အဲဒီလိုလိုက်နာလို့မှ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့သာပြသပြီးကုသမှုခံယူပါ။

ထူထဲသောလက်သည်း
ထူထဲတဲ့လက်သည်းတွေကလည်း ပုံမှန်မဟုတ်ကြပါဘူး။ စိတ်ရောဂါကြောင့်လည်းဖြစ်နိုင်သလို လက်သည်းမှိုကူးစက်ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူကြီးအရွယ်တွေမှာ လက်သည်းမှိုကြောင့် ထူထဲလာသလို လည်ပင်းရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ တင်းကျပ်လွန်းတဲ့ဖိနပ်တွေဝတ်ဆင် တာကလည်းလက်သည်း၊ ခြေသည်းတွေကိုထူလာစေပါတယ်။ ထူထဲတဲ့ လက်/ခြေသည်းတွေကို ညှပ်ဖို့အတွက် ရေခပ်နွေးနွေးလေး ထဲမှာ ခြေ/လက်တွေကို (၁၀)မိနစ် ခန့် စိမ်ပေးပြီးမှ ညှပ်ပါ။

ခုံးဝိုင်းလွန်းသောလက်သည်း
လက်သည်းအရင်းကပျော့နေပြီး ထိပ်ရင်းကျိုးပဲ့လွယ်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ခြေမ၊ ခြေညှိုးတို့မှာ ပိုပြီးဖြစ်နိုင်ချေရှိပါတယ်။ သွေးတွင်းအောက်ဆီဂျင်နည်းပါးခြင်း၊ အဆုတ်၊ နှလုံး၊ အသဲ၊ ကျောက် ကပ်ဝေဒနာတို့ကြောင့်လည်းဖြစ်လာနိုင်ပါတယ်။

ဇွန်းကဲ့သို့ခွက်နေသောလက်သည်း
လက်သည်းခွံကပါးလွှာပြီး ဇွန်းကဲ့သို့ခွက်နေတဲ့ပုံစံမျိုးပါ။ လက်သည်းတွေမှာပိုပြီးအဖြစ်များပါတယ်။ လက်သည်းခွက်ခြင်းက နာတာရှည် သံဓာတ်အားနည်းခြင်းကြောင့်ဖြစ်နိုင်သလို အာဟာရချို့တဲ့ခြင်း သံကောင်၊ တုတ်ကောင်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
ရန်နိုင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment