ငါးကျည်းမွကြော်၊ ရုံးပတီသီး အိုးကပ်၊ ဘူးသီးချဉ်ရေဟင်း











ဒီအပတ်နားရက်တော့ မယ်တော်မားသားစားချင်နေတဲ့ ငါးကျည်းမွကြော်ကို ငရုတ်သီးခွဲခြမ်းနဲ့ စပ်စပ်လေးကြော်မယ်၊ ရုံးပတီသီးကို ပုဇွန်ခြောက်နဲ့အိုးကပ်လေးချက်မယ်။ အရည်သောက်ကိုတော့ အလွယ်လေးလည်းဖြစ်အောင် ဘူးသီးကိုပဲ ချဉ်ရေဟင်းချက်လိုက်တော့မယ်။ ဒါဆိုရင် အခုလိုရာသီဥတု ပူနေတဲ့အချိန် စားလို့ဝင်တာပေါ့နော်။ အခုလိုရာသီဥတု အရမ်းပူနေတဲ့အချိန်မျိုးကျတော့ မယ်တော်မားသား တို့လိုအသက်ကြီးနေတဲ့သူတွေအတွက်က သားကြီးငါးကြီးတွေချက်ပေးရင် မစားချင်ကြဘူးလေ။

ငါးကျဉ်းမွကြော်
ငါးကျည်းငါးကို ကျပ်တိုက်မသုံးပဲ အစိမ်းပဲသုံးပါ့မယ်။ ငါးကို ရေနွေးဖျောပြီးရင်အသားလေးတွေ ခါထုတ်ထား။ မြန်မာနည်းလေးနဲ့ပဲဆိုတော့ ဂျုံတွေဘာတွေမလိုတော့ဘူး။ ငရုတ်သီးခွဲခြမ်းကို ကြက်သွန်နီ နည်းနည်းနဲ့ရောထောင်းထား။ ကြက်သွန်ဖြူလေးလည်းနည်းနည်းထည့်၊ ပင်စိမ်းကိုခြွေပြီးရေသေချာစစ် အခြောက်ခံထား၊ ဆီပူလာရင် ပင်စိမ်းကိုထည့်ပြီးတာနဲ့ ပြန်ဆယ်ထား။ ဒါမှ ပင်စိမ်းရွက်လေးတွေက ကြွပ်ကြွပ် မွှေးမွှေးလေးဖြစ်၊ ကျန်ခဲ့တဲ့ဆီလည်း ပင်စိမ်းနံ့လေးမွှေးကျန်ခဲ့တာပေါ့နော်။ ပြီးမှ ပင်စိမ်းနံ့မွှေးနေတဲ့ ဆီထဲကို ငရုတ်သီးခွဲခြမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီရောထောင်းထားတာနဲ့ နနွင်းမှုန့်လေးနည်းနည်းထည့်ဆီသတ်၊ မွှေး လည်းမွှေး၊ ကြွပ်လည်းကြွပ်လာပြီဆိုရင် ခဏပြန်ဆယ်ထား၊ ကျန်တဲ့ဆီထဲကို ခုနငါးကျည်းအသားလေးတွေ ထည့်ပြီး ခပ်ဖြေးဖြေးမွှေကြော်ပေး။ အရသာလိုရင် ဆားလေးသင့်ရုံထည့်၊ ငါးကျည်းအသားလေးတွေ မွမွ ကြွပ်ကြွပ်လေးဖြစ်လာပြီဆိုမှ ခုနကကြော်ထားတဲ့ ငရုတ်သီးနဲ့ကြက်သွန်ဖြူနီကြော်ထည့်မွှေပေး။ ပြီးရင် အပေါ်က ပင်စိမ်းရွက်ကလေးတွေဖြူးပေးလိုက်ရင် ကြွပ်ကြွပ်မွမွလေးနဲ့ စပ်စပ်မွှေးလေးဖြစ်နေတဲ့ မယ်တော် မားသားတို့လို လူကြီးတွေအကြိုက် ငါးကျည်းမွကြော်ရပြီပေါ့ဆွေမျိုးတို့ရာ။

ရုံးပတီသီးဆီပြန်
ရုံးပတီသီးကို ရေသေချာဆေးပြီးမှ အနေတော်လေးတွေပိုင်းထား။ ပုဇွန်ခြောက်ကို မညက်တညက် ထောင်းထား။ ကြက်သွန်နီကို မထူမပါးလှီးထား၊ ငရုတ်သီးစိမ်းကို စွေစွေထူထူလေးလှီးထား၊ ဆီပူလာရင် ကြက်သွန်နီဆီသတ်၊ စိမ်းနံ့ပျောက်လို့မွှေးလာရင် မညက် ညက်ထောင်းထားတဲ့ ပုဇွန်ခြောက်ထည့်ပြီး ခပ်နာနာလေးလုံးပေး။ ပြီးမှ နနွင်းမှုန့်နည်းနည်းထည့်၊ ငါးငံပြာရည်လေးသင့်ရုံထည့်။ ရုံးပတီသီးလေးထည့်ပြီး နှံ့အောင်မွှေ၊ ရေလေးနည်းနည်းထည့်ပြီး ရုံးပတီသီးလေးလည်း အိအိလေးဖြစ်၊ အိုးလေးမကပ်တကပ်လေးနဲ့ ဆီလေးပြန်လာပြီဆိုရင်တော့ ထမင်းစားလို့မြိန်စေတဲ့ ရုံးပတီသီးအိုးကပ်ဟင်း တစ်ပွဲရပြီပေါ့ဆွေမျိုးတို့ရာ။

ဘူးသီးချဉ်ရေဟင်း
ဘူးသီးကို အခွံခွာရေစင်စင်ဆေးပြီး အနေတော်လေးတွေတုံးထား။ ငရုတ်သီးအရောင်တင်မှုန့် နည်းနည်းနဲ့ကြက်သွန်နီဥလတ် တစ်ဥလောက်ကိုရောထောင်းထား။ မန်ကျည်းသီးမှည့်ကို ရေဆေးပြီးရေ နွေးပူပူနဲ့စိမ်၊ ပြီးရင် အဖတ်တွေဖယ်ပြီး မန်ကျည်းနှစ်လေးယူထား။ ဆီပူလာရင် ငရုတ်သီးအရောင်တင်မှုန့်နဲ့ ကြက်သွန်နီရောထောင်းထားတာကို နနွင်းမှုန့်လေးနည်းနည်းထည့်ပြီး ဆီသတ်၊ ပြီးရင် ဘူးသီးထည့်လုံးပေး။ ရေနည်းနည်းချင်းထည့်ပြီး နူးအောင်တည်၊ အရသာအတွက်က ငါးငံပြာရည်နည်းနည်းနဲ့ ကြက်သားမှုန့်လေး ထည့်၊ ဘူးသီးနူးပြီဆိုမှ မန်ကျည်းနှစ်လေးထည့်။ အရသာစိတ်ကြိုက်ရပြီဆိုရင် အပေါ်ကနေ နံနံပင်လေးအုပ် ပေးလိုက်မယ်ဆိုရင် အပေါ်ကဟင်းနှစ်မျိုးနဲ့တွဲစားလို့ လိုက်ဖက်တဲ့ ဘူးသီးချဉ်ဟင်းလေးတစ်ပွဲရပါပြီ။

ဒီတစ်ပတ်တော့ ဒီလောက်ပဲချက်ကြတာပေါ့ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်တော့ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment