ငါးနီတူအချိုသုပ်၊ မန်ကျည်းရွက်ရေသန်ရပွက်ချည်ဟင်း၊ ကြက်ဥအချပ်ကြော်









ရာသီဥတုကအရမ်းပူနေတော့ သားငါးတွေဆီပြန်ချက်တာထက် ငါးခြောက်ငါးခြမ်းလေး ရာသီပေါ် ဟင်းရွက်လေးတွေပဲ စားချင်ပါတယ်ဆိုတဲ့ မယ်တော်မားသားအတွက် ငါးနီတူလေးအချိုသုပ် ရာသီပေါ် မန်ကျည်းရွက်နဲ့ ရေသန်ရပွက်နှစ်မျိုးရောပြီး ချဉ်လည်းချဉ် ချွဲလည်းချွဲတဲ့ချဉ်ဟင်းလေးတစ်ခွက်ချက်၊ ချဉ်ချဉ် စပ်စပ်လေးဖြစ်အောင် ငရုတ်သီးစိမ်းလေးပါ ဓားပြားရိုက်ထည့်လိုက်မယ်။ မယ်တော်မားသားလို လူကြီးတွေ အတွက် အာဟာရလည်းဖြစ်အောင် လွယ်လွယ်ကူကူ ကြက်ဥလေးသေချာခေါက်ပြီး အချပ်လိုက်ကြော်ပေး လိုက်မယ်။ ဒါဆိုရင်တော့ ချက်ရတာလည်းလွယ် အရသာလည်းစုံ အကုန်အကျလည်းသက်သာ ထမင်းစားလို့ လည်း မြိန်မှာသေချာတဲ့ ဟင်းပွဲအတွဲအစပ်လေးဖြစ်မယ်ထင်ပါတယ်။

ငါးနီတူအချိုသုပ်
ငါးနီတူခြောက်ကိုခေါင်းနဲ့ ဗိုက်နဲ့သေချာခြွေပြီး မီးနည်းနည်းနဲ့ကျွပ်လာတဲ့အထိ လှော်လိုက်မယ်။ တူးလို့တော့မဖြစ်ဘူးပေါ့နော်။ တူးရင် ခါးသွားမှာလေ။ ပြီးရင် ခရမ်းချဉ်သီးအစိမ်းနဲ့ ကြက်သွန်နီကို မထူမပါး လှီးထား၊ မြေပဲလေးပါလေးစိပ်ကွဲရုံထောင်းထား။ လှော်ထားတဲ့ငါးနီတူရယ် မထူမပါးလှီးထားတဲ့ ခရမ်းချဉ်သီး အစိမ်းနဲ ကြက်သွန်နီရယ်ကို မြေပဲဆီမွှေးမွှေးလေးနဲ့ ဆားသင့်ရုံထည့်ပြီးသေချာနယ်၊ လေးစိပ်ကွဲရုံထောင်းထား တဲ့မြေပဲလေးပါထည့်နယ်။ ဒါဆိုရင်တော့ ငါးနီတူအချိုသုပ်လေး တစ်ပွဲရပါပြီ။

မန်ကျည်းရွက်ရေသန်ရပွက်ချဉ်ဟင်း
တချို့ဈေးတွေမှာ မန်ကျည်းရွက်နဲ့ရေသန်ရပွက်ကိုတွဲပြီး ရောင်းလေ့ရောင်းထရှိကြတယ်။ စမ်းပြီး ၀ယ်ချက်ကြည့်တော့ စားလို့အဆင်ပြေသား။ မန်ကျည်းရွက်ကချဉ်တဲ့ အရသာလေးရယ် ရေသန်ရပွက်က ချွဲချွဲလေးဆိုတော့ ဟင်းရည်က ကျဲကျဲကြီးဖြစ်မနေတော့ဘဲ ခပ်ချွဲချွဲလေးနဲ့စားလို့တော်တော်လေးကောင်းသား။ ချဉ်ချဉ်စပ်စပ်လေးဖြစ်ချင်ရင်တော့ ငရုတ်သီးစိမ်းလေးဓားပြားရိုက်ထည့်လိုက်ရုံပေါ့နော်။ ချက်ရတာလည်း လွယ်မှလွယ်ပါပဲ။ မန်ကျည်းရွက်နဲ့ ရေသန်ရပွက်ကိုခြွေပြီး ရေဆေးရေပြန်စစ်ထား။ ကြက်သွန်နီဥလတ် တစ်ဥ ကို မထူမပါးလှီးထား၊ ပုဇွန်ခြောက်နည်းနည်းကို မညက်တညက်ထောင်းထား။ ဆီပူလာရင် လှီးထားတဲ့ ကြက်သွန်နီထည့် ဆီသတ် စိမ်းနံ့ပျောက်တာနဲ့ မညက်တညက်ထောင်းထားတဲ့ ပုဇွန်ခြောက်ရယ် နနွင်းမှုန့်နဲ့ ငါးငံပြာရည်နည်းနည်းရယ် ထည့်ပြီးဆီသတ်၊ ပြီးရင် အရွက်နှစ်မျိုးလုံးထည့်ပြီး ခပ်နာနာလေးလုံးပေး။ ရေသင့်ရုံ ထည့်ပြီး ဆူလာတဲ့ထိတည် ဆူလာရင် အပေါ့အငန်အချဉ်မြည်းကြည့် အားလုံးအဆင်ပြေပြီဆိုရင် ဓားပြားရိုက် ထားတဲ့ ငရုတ်သီးစိမ်းထည့်လိုက်မယ်ဆိုရင် ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေးဖြစ်နေတဲ့ မန်ကျည်းရွက် ရေသန်ရပွက် ချဉ်ဟင်းတစ်ခွက်ရပြီပေါ့။

ကြက်ဥအချပ်ကြော်
သူကတော့ကြော်ပြီးကာစ ပူပူလေးစားရင် ပိုစားကောင်းတာမို့ အားလုံးပြီးလို့စားခါနီးမှပဲ ကြော် ဖြစ်တယ်။ ကြက်ဥကိုဆားသင့်ရုံထည့်ပြီး အမြုပ်ထလာတဲ့အထိ ခေါက်ပေးထား။ ကြော်ဖို့ကတော့ မကပ်တဲ့အိုးဆိုရင် ပိုအဆင်ပြေတာပေါ့နော်။ အိုးကို အပူပေးပြီးမှ ဆီလေးနည်းနည်းထည့်၊ ဆီကျက်ရင် ခုနခေါက်ထားတဲ့ ကြက်ဥထည့်။ ဟိုဘက်ဒီဘက် လှန်ပေးလိုက်ရင် ဟင်းချက်တာထဲမှာအလွယ်ဆုံးဖြစ်တဲ့ ကြက်ဥအချပ်ကြော်လေးရပါပြီ။ 

ဒါဆိုရင်တော့ အရမ်းပူနေတဲ့ ရာသီဥတုမှာ အရသာစုံစုံလင်လင်လေးနဲ့ စားလို့အဆင်ပြေလောက်မယ် ထင်ပါရဲ့။ ဒီတစ်ပတ်တော့ဒီလောက်ပဲ ချက်ကြတာပေါ့ ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်မှနောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment