ရာသီကလည်းမိုးအကုန်
ဆောင်းကူးခါစလေးဆိုတော့ လူကလည်းဖျားချင်သလိုလိုနဲ့ အစားအသောက် ကပျက်လာတယ်။ ဒါနဲ့ ဈေးကိုမယ်တော်မားသားနဲ့
အတူလိုက်သွားပြီး ပတ်ကြည့်တော့ ၀ါပိုးလေးတွေ ရောင်း နေတာတွေ့တယ်။ မယ်တော်မားသားကို
ဝါးပိုးလေးတွေနဲ့ ၀က်သားချက်ရအောင်ပြောတော့ အဆင်ပြေသားပဲ၊ ရာသီပေါ်လေးလည်းဖြစ်၊ မစားရတာလည်းကြာနေပြီဆိုတော့
ဝက်သားနဲ့ဝါးပိုးချက်ဖို့ ဖြစ်သွားတယ်ပေါ့နော်။
သူက ချိုဆိမ့်ဆိမ့်လေးမို့
အသုပ်နဲ့ဟင်းရည်ကိုတော့ ချဉ်စပ်လေးနဲ့ပဲတွဲလိုက်တော့မယ်လို့ စိတ်ကူးတယ်။ မြင်းခွာရွက်လေးသုပ်ပြီး
အိမ်မှာရှိတဲ့ချဉ်စော်ကားသီးလေး ဟင်းရည်တစ်ခွက်ချက်လိုက်မယ်ဆိုရင်တော့ ပိတ်ရက်လေးမှာ
စားလို့ကောင်းမှာသေချာပြီပေါ့ဆွေမျိုးတို့ရာ။
ဝက်သားနဲ့ဝါးပိုးချက်
ဝက်သားကို
ပေါင်သားပဲရွေးပါ့မယ်။ ၀က်သားကို အနေတော်တုံးပြီး ဆား၊ ကြက်သားမှုန့်နဲ့နယ်ပြီး ခဏနှပ်ထားလိုက်မယ်၊
ဝါးပိုးလေးတွေကို ရေသေချာဆေး၊ ရေပြန်စစ်ပြီး ကျက်ရုံလေးကြော်၊ ပြန်ဆယ်ထား၊ ငရုတ်သီးအရောင်တင်မှုန့်၊
ကြက်သွန်နီ၊ ကြက်သွန်ဖြူရောထောင်းထားတာကို နနွင်းမှုန့်နည်းနည်းထည့် ဆီသတ်၊ စိမ်းနံ့ပျောက်လို့
မွှေးလာပြီဆိုရင် ခုနကနှပ်ထားတဲ့ ၀က်သားထည့်ပြီး နာနာလုံးပေး ရေခန်းပြီဆိုမှ ၀ါးပိုကြော်ထားတာ ထည့်ပြီးမွှေပေး၊
ပြီးမှ ရေထည့်ပြီးနူးအောင်တည်၊ ၀က်သားလည်းနူး၊ ၀ါးပိုလေးတွေ လည်းကြေသင့်သလောက် ကြေပြီးအရသာလည်း
စိတ်ကြိုက်ရပြီဆိုမှ အပေါ်ကနေ ပင်စိမ်းလေးအုပ်ပေး လိုက်မယ်ဆိုရင် ချိုချိုဆိမ့်ဆိမ့်လေးနဲ့
အရမ်းအရသာလည်းရှိ၊ ပင်စိမ်းနံ့လေးသင်းနေတဲ့ ၀က်သားနဲ့ ၀ါးပိုးချက် ဟင်း တစ်ပွဲရပြီပေါ့။
မြင်းခွာရွက်သုပ်
မြင်းခွာရွက်ကို
ဒီတစ်ခါ ရှမ်းစတိုင်လ်လေးသုပ်မယ်၊ ပဲပုပ်တစ်ချက်လောက်ကို မီးကင်ထား၊ ခရမ်းချဉ် သီးနှစ်လုံးလောက်ကို
မီးဖုတ်ပြီးအခွံခွာထား၊ ငရုတ်သီးစိမ်းလေးငါးဆယ်တောင့်လောက်ကိုလည်း မီးကင်ထား၊ မြင်းခွာရွက်ကို
ရေသေချာဆေး၊ ရေပြန်စစ်ပြီး အနေတော်လှီးထား၊ ပဲပုတ်နဲ့ငရုတ်သီးစိမ်းမီးကင်ထားတာကို မညက်တညက်လေးဖြစ်အောင်ထောင်း၊
ခရမ်းချဉ်သီးမီးဖုတ်ထားတဲ့အထဲထည့်၊ မြင်းခွာရွက်ပါထည့်ပြီး ခရမ်း ချဉ်သီးကြေတဲ့အထိနယ်ပေး၊
အရသာအပေါ့အငန်လိုရင် ဆားလေးနည်းနည်းထည့်။ ဒါဆိုရင်တော့ စားနေကျ ပုံစံနဲ့မတူတဲ့ မြင်းခွာရွက်သုပ်
ရှမ်းစတိုင်လ်တစ်ပွဲရပါပြီ။
ချဉ်စော်ကားသီးဟင်းရည်
ရေနွေးအရင်ဆူအောင်တည်၊
ရေဆူလာရင် ချဉ်စော်ကားသီးခြောက်ထည့်၊ ကြက်သွန်နီခပ်ကြီး ကြီးလှီးထားတာထည့်၊ ငရုတ်သီးစိမ်း၊
ဂျင်းနဲ့ကြက်သွန်ဖြူဓါးပြားရိုက်ထားတာထည့်၊ ဆားသင့်ရုံထည့်၊ အရသာက ချဉ်ငန်စပ်လေးရပြီဆိုမှ
မွှေးမွှေးလေးဖြစ်သွားအောင် နံနံပင်လေးလှီးထည့်လိုက်ရုံပေါ့နော်၊ ဒါဆိုရင်တော့ ချဉ်စော်ကားသီးဟင်းရည်
ချဉ်ချဉ်စပ်စပ်ပူပူမွှေးမွှေးလေးရပြီပေါ့ဆွေမျိုးတို့ရာ။
ဒီတစ်ပတ်ကတော့ဒီလောက်ပဲချက်ကြတာပေါ့။
နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံ ကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment