ဒီတစ်ပတ်တော့
မိုးလေးလည်း စရွာထားပြီဆိုတော့ မိုးဦးကျမှာပေါ်တဲ့ ဖလံတောင်ဝှေးလေးတွေလည်း ထွက်လာပြီပေါ့။
မယ်တော်မားသားအရမ်းကြိုက်တဲ့ ရာသီစာလေးဖြစ်တာကြောင့် ပေါ်ဦးပေါ်ဖျားမို့ ဈေးကြီး ပေမယ့်လည်း
ချက်စားကြရအောင် စကားစပေးလိုက်တော့ ကောင်းသားပဲ ပုဇွန်လေးနဲ့ အချိုကြော်စားရအောင် တဲ့
ဆီပြန်ဟင်းကျ ၀က်ပေါင်သားလေးကိုစဉ်းပြီး ငရုတ်သီးစပ်စပ် ငရုတ်ကောင်းလေးအုပ်ပြီး ဆီပြန်ချောက်
ချောက်လေး ချက်လိုက်မယ်ပေါ့နော်။ အရည်သောက်ကျတော့လည်း ရာသီပေါ်မန်ကျည်းရွက်လေးကိုပဲ
ဟင်းချိုလေးချက်လိုက်မယ်စိတ်ကူးတယ်…
ဝက်သားစဉ်းကော
ဝက်ပေါင်သားကို
ရေသေချာဆေး ရေပြန်စစ်ပြီး မညက်တညက်လေးစဉ်း ငါးငံပြာရည်နဲ့ဆားလေး သင့်ရုံထည့် ပြီးနှပ်ထားလိုက်မယ်။
ငရုတ်ကောင်း၊ ကြက်သွန်ဖြူနီနဲ့ ငရုတ်သီးခွဲခြမ်းရောပြီးထောင်းထားတာကို နနွင်းမှုန့်
နည်းနည်းထည့်ပြီး ဆီအရင်သတ် စိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုမှ ခုနကနှပ်ထားတဲ့ ၀က်သားထည့်ပြီး
ရေခန်း တဲ့အထိ ခပ်နာနာလေးလုံးပေး။ ပြီးမှ ရေနည်းနည်းချင်းထည့်ညပီး နူးအောင်တည်။ အပေါ့အငန်လိုသေးရင်
ဆားလေးပဲထည့်။ သူကငန်ငန်စပ်စပ်လေးချက်တာမို့ ကြက်သားမှုန့်ထည့်လိုက်ရင် ချိုရဲရဲဖြစ်ပြီးစားလို့
မကောင်းတော့ဘူးလေ။ ရေလည်းခန်းဆီပြန်ပြီး ခပ်ချောက်ချောက်လေးနဲ့ဖြစ် အရသာလည်း စိတ်ကြိုက်ရပြီ
ဆိုရင်တော့ ၀က်သားစဉ်းကော ငန်ငန်စပ်စပ်မွှေးမွှေးလေးရပြီပေါ့။
ဖလံတောင်ဝှေးပုဇွန်အချိုကြော်
ဖလံတောင်ဝှေးကို
ရင့်တာတွေဖယ်ပြီးဓားပြားရိုက် လိုချင်တဲ့အနေလေးတွေဖြတ်ထား။ ပြီးမှ ရေထဲထည့်ပြီး သေချာဆေး။
ရေပြန်ညှစ်ထား။ ပုဇွန်ကိုလည်း အခွံခွာပြီးလက်နဲ့နည်းနည်းဖြစ်ထား။ မန်ကျည်းရွက်ဟင်းချိုကိုလည်း
ပုဇွန်လေးနဲ့ပဲချက်မှာဆိုတော့ သူ့ကိုချက်ဖို့နည်းနည်းဖယ်ထားပေး။ ကြက်သွန်နီကိုမထူမပါးလှီးပြီး
ဆီအရင်သတ်၊ စိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုမှ နနွင်းမှုန့်နဲ့ငါးငံပြာရည် နည်းနည်းပဲထည့်။
ဘာဖြစ်လို့လည်းဆိုတော့ ဖလံတောင်ဝှေးက အငန်ကြောက်တယ်လေ။ ပြီးမှ လက်နဲ့ ဖြစ်ထားတဲ့ ပုဇွန်ထည့်လုံးပေး။
နောက်ဆုံးမှ ဖလံတောင်ဝှေးထည့်လုံးပြီး ရေလေးနည်းနည်းထည့်ပြီး ရေလည်းပြန်ခန်း ဟင်းလည်းကျက်ပေါ့နော်။
အငန်လိုအပ်မှ ဆားလေးနည်းနည်းထည့်။ ဒါဆိုရင်တော့ ဖလံတောင်ဝှေး ပုဇွန်အချိုကြော်ဟင်းတစ်ပွဲရပါပြီ။
မန်ကျည်းရွက်ဟင်းချို
မန်ကျည်းရွက်ကို
ရင့်တာတွေဖယ်ပြီး ရေစင်စင်ဆေး ရေပြန်ညှစ်ထား။ ကြက်သွန်နီကို ခပ်ထူထူလှီးပြီး ဆီအရင်သတ်။
ပြီးမှ ဟင်းခပ်လုပ်မယ့်ပုဇွန်နဲ့ ငါးငံပြာရည်သင့်ရုံထည့်ပြီးလုံးပေး။ နောက်မှ ရေပြန်ညှစ်ထားတဲ့
မန်ကျည်းရွက်လေးတွေထည့်လုံး။ ရေအနေတော်ထည့်ပြီး ဆူလာအောင်တည်။ ရေလည်းဆူလာပြီ။ မန်ကျည်း
ရွက်ကလည်း အချဉ်ထွက်လာပြီဆိုရင် အပေါ့အငန်မြည်းကြည့် လိုအပ်ရင်ဆားလေးသင့်ရုံထည့်။ ဒါဆိုရင် တော့ ၀က်သားစဉ်းကောငန်ငန် စပ်စပ်မွှေးမွှေးလေးရယ်
ဖလံတောင်ဝှေး ပုဇွန်အချိုကြော်လေးရယ်နဲ့ တွဲစားဖို့ အရမ်းလိုက်ဖက်တဲ့ မန်ကျည်းရွက်ဟင်း
ချိုချဉ်ချဉ်လေးရပြီပေါ့။
ဒီတစ်ပတ်တော့ဒီလောက်ပဲ ချက်ကြတာပေါ့
ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်မှနောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment