ဝက်လက်ချဉ်စပ်၊ ကိုက်လန်ခရုဆီ၊ ဂေါ်ရခါးညွှန့်သုပ်













ဒီတစ်ပတ်ကတော့ မယ်တော်မားသားဈေးသွားရင်း ၀က်လက်ကောင်းကောင်းရလို့ ၀ယ်လာတာကို ချဉ်စပ်ချက်မယ်။ နောက်ပြီးတော့ ကိုက်လန်ရွက်ကို ခရုဆီနဲ့ကြော်မယ်။ ပြီးတော့ ဂေါ်ရဂါးညွှန့်ကို သုပ်လိုက် မယ်။ ဒါဆိုရင်တော့ လိုက်လည်းလိုက်ဖက်၊ စားလို့လည်းကောင်းပေါ့နော်၊ ပိတ်ရက်လေးမှာ မိုးအေးအေးလေးနဲ့ အစားကောင်းကောင်းလေးစား၊ စာလေးဖတ်ပြီး အိမ်မှာနားရတဲ့အရသာလေးက တော်တ်ာကောင်းတာနော့ အခုလိုမိုးရာသီမိုးအေးအေးလေးနဲ့ဆို ပိုလို့တောင်ကောင်းသေး။ ဆွေမျိုးတို့ထဲမှာလည်း ကျွန်တော်နဲ့ အကြိုက် တူတဲ့သူတွေရှိလောက်မယ်ထင်ပါရဲ့နော်။

ဝက်လက်ချဉ်စပ်
ဝက်လက်ကိုဝယ်ကတည်းက အတုံးခပ်သေးသေးတုံးခိုင်းခဲ့လိုက်တယ်။ အိမ်ရောက်မှရေစင်စင်ပြန် ဆေး၊ ရေပြန်စစ်ထား၊ ဆား၊ သကြား၊ ကြက်သားမှုန့်နဲ့နယ် ချဉ်စော်ကားသီးသင့်ရုံထည့်ပြီး နူးတဲ့အထိ ပြုတ်လိုက်တယ်။ ၀က်လက်နူးပြီဆိုမှ ငရုတ်သီးခွဲခြမ်းနဲ့ စပါးလင်ဓါးပြားရိုက်ထားတာကို နနွင်းမှုန့် နည်းနည်းထည့်ပြီးဆီသတ်၊ ၀က်လက်ပြုတ်ထဲထည့်၊ ငရုတ်သီးစိမ်းကိုလည်း ဓါးပြားရိုက်ထည့်ပြီး ခဏ ပြန်တည်ထား၊ ပြီးရင် အရသာမြည်းကြည့် ချဉ်ချဉ်စပ်စပ်လေးရ၊ အရည်ကလည်းများများလေးနဲ့ဖြစ်ပြီဆိုမှ အပေါ်ကနေ နံနံပင်လေးအုပ်ပေးလိုက်ရင် သောက်လို့လည်းရ၊ ဆမ်းစားလို့လည်းအဆင်ပြေတဲ့ ၀က်လက် ချဉ်စပ်ဟင်းတစ်ပွဲရပြီပေါ့နော်။

ကိုက်လန်ခရုဆီ
ကိုက်လန်ကို ရင့်တာတွေဖယ်ပြီး အနေတော်လှီး၊ ရေစင်စင်ဆေးပြီး ရေပြန်စစ်ထားပါ။ ကြက်သွန်ဖြူ ဓါးပြားရိုက်ထားတာကို ဆီသတ်၊ စိမ်းနံ့ပျောက်လို့ မွှေးလာပြီဆိုမှ ခရုဆီနည်းနည်းထည့်ပြီး ကိုက်လန်ခြွေထား တာထည့်လုံးပေး။ ပဲငံပြာရည်အကြည်၊ ဆား၊ သကြားသင့်ရုံထည့်ပြီး ကိုက်လန်နူးတဲ့အထိ ခဏတည်ထား။ ကိုက်လန်နူးပြီဆိုမှ ခရုဆီနည်းနည်းထပ်ထည့်ပြီးမွှေပေး၊ အရသာမြည်းကြည့်လို့ ချိုချိုငန်ငန်လေးနဲ့ ခရုဆီနံ့ မွှေးမွှေးလေးနဲ့ဆိုရင် ကိုက်လန်ခရုဆီဟင်းပွဲရပါပြီ။

ဂေါ်ရဂါးညွှန့်သုပ်
ဂေါ်ရခါးညွှန့်ကို ရင့်တာနဲ့မလိုတာတွေဖယ်၊ ရေစင်စင်ဆေးပြီး ခဏပြုတ်၊ ပြီးရင် ရေအေးနဲ့ပြန်စိမ် ပြီးရေပြန်ညှစ်ထား၊ မြေပဲလှော်ကို မညက်တညက်ထောင်းထား၊ ကြက်သွန်နီကိုရွှေရောင်ရတဲ့အထိ ကြော်ပြီးဆီစစ်ထား၊ ပြီးရင် ဂေါ်ရဂါးညွှန့်၊ မြေပဲမှုန့်၊ ပဲငံပြာရည်အကြည်၊ ဆား၊ သကြားသင့်ရုံထည့်ပြီးနယ်ပေး၊ အရသာက ချိုငံဆိမ့်လေးရပြီဆိုမှ အပေါ်ကနေကြက်သွန်နီကြော်လေးတွေဖြူးပေးလိုက်ရင် စားလို့လည်း ကောင်း၊ မြည်းလို့လည်းအဆင်ပြေတဲ့ ဂေါ်ရဂါးညွှန့်သုပ် ချိုငံဆိမ့်လေးရပြီပေါ့ ဆွေမျိုးတို့ရာ။ 

ဒီတစ်ပတ်ကတော့ဒီလောက်ပဲချက်ကြတာပေါ့။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံ ကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment