ဝက်နံရိုးပင်စိမ်းသီးချက်၊ ပဲပိုးတီကြော်၊ မုန်ညင်းချဉ်ပဲသီးဟင်းရည်











ဒီတစ်ပတ်တော့ ရာသီပေါ်ပင်စိမ်းသည်လေးရှိနေတာနဲ့ မယ်တော်မားသားအကြိုက် ၀က်နံရိုးနဲ့ ပင်စိမ်းသီးကို ငရုတ်သီးစိမ်းလေးထည့်ပြီး ချဉ်ချဉ်စပ်စပ်လေးချက်လိုက်မယ်။ နောက်ပြီး ရာသီပေါ် ပဲပိုးတီလေးတွေကို ကြက်အသည်းနဲ့ ချိုချိုဆိမ့်ဆိမ့်ကြော်မယ်၊ ဟင်းရည်ကိုတော့ မုန်ညင်းချဉ်နဲ့    ဘိုစားပဲသီးကို အရေသောက်လေးချက်လိုက်မယ်။ ဒါဆိုရင်တော့ အရသာစုံစုံလင်လင်လေးလည်းဖြစ်၊     စားလို့လည်းကောင်းမှာ အသေအချာပဲပေါ့ ဆွေမျိုးတို့ရာ။ မယ်တော်မားသား ပြန်လာတာနဲ့ ချက်ရေးပြုတ်ရေး လည်း စကြတယ်ပေါ့နော်။

ဝက်နံရိုးပင်စိမ်းသီးချက်
ဝက်နံရိုးကို အနေတော်တုံးပြီးရင် အခွံခွာပြီးအစိတ်လေးတွေလှီးထားတဲ့ ပင်စိမ်းသီးရယ် ဆားလေး နည်းနည်းရယ်ထည့်ပြီး ၀က်နံရိုးလည်းနူး၊ ပင်စိမ်းသီးကလည်း ချဉ်ဖန်ဖန်အရသာထွက်တဲ့အထိတည် ထားပေါ့နော်။ ၀က်နံရိုးလည်းနူး ပင်စိမ်းသီးကလည်းချဉ်ဖန်အရသာလေးထွက်ပြီ ရေလည်းအနေတော်လေး ဖြစ်ပြီဆိုမှ ကြက်သွန်ဖြူနီနဲ့ ငရုတ်သီးစိမ်းရောထောင်းတာကို နနွင်းမှုန့်နည်းနည်းထည့် ဆီသတ်ထားတာကို အပေါ်ကနေလောင်းထည့်ပြီး နှံ့အောင်မွှေပေး အရသာအပေါ့အငန်လိုရင်လည်း ဆားလေး ကြက်သားမှုန့် လေးထည့်လိုက်ပေါ့ ဒါဆိုရင်တော့ ၀က်နံရိုးနဲ့ပင်စိမ်းသီးချက် ချဉ်စပ်မွှေးလေးရပါပြီ။

ပဲပိုးတီကြော်
ပဲပိုးတီကပေါ်တဲ့အချိန်ကာလ အရမ်းမြန်တယ်မလား။ ဒါကြောင့် ပေါ်ဦးပေါ်ဖျားလည်းဖြစ် မယ်တော် မားသားလည်းအရမ်းကြိုက်တာမို့ ရာသီပေါ်ဈေးမှာရောင်းတာနဲ့ မလွတ်တမ်းဝယ်စားနေကျဆိုလည်း မမှားပါဘူး။ ပဲပိုးတီလေးတွေကို ရေစင်စင်ဆေးပြီးရင် ထက်ခြမ်းခြမ်းထား။ ကြက်အသည်းကိုလည်း ရေစင်စင်ဆေးပြီး အနေတော်အပြားလေးတွေလှီးထား။ ကြက်သွန်ဖြူဓါးပြားရိုက်စဉ်းထားတာကို ငရုတ်သီးခွဲခြမ်းနည်းနည်း နနွင်းမှုန့်သင့်ရုံထည့်ပြီး ဆီသတ်၊ စိမ်းနံ့ပျောက်လို့ မွှေးလာပြီဆိုမှ ကြက်အသည်း ထည့် ခရုဆီနဲ့ပဲငံပြာရည်အကြည်ထည့်ပြီး နှစ်မိနစ်လောက်မွှေပေးပြီးရင် ပဲပိုးတီလေးတွေထည့် ဆား၊ သကြားနဲ့ကြက်သားမှုန့်သင့်ရုံထည့်ပြီးခဏမွှေပေး အရသာချိုငံစပ်လေးရပြီဆိုရင် မီးဖိုပေါ်ကချလိုက်ရုံပါပဲ။ ပဲပိုးတီက ကြွပ်ကြွပ်လေးမှစားလို့ကောင်းတာမို့ အရမ်းတော့မနူးသွားစေနဲ့ပေါ့။

မုန်ညင်းချဉ်ပဲသီးဟင်းရည်
မုန်ညင်းချဉ်အချိုကို ရေနွေးဆူဆူထဲထည့်ပြီး ဆယ့်ငါးမိနစ်လောက်တည်ထား၊ ဘိုစားပဲသီးကို ရေစင်စင်ဆေးပြီး အနေတော်လှီးထား၊ ဆယ့်ငါးမိနစ်လောက်တည်ထားပြီဆိုတော့ အချဉ်အရသာ ဟင်းရည်ထဲကောင်းကောင်းရောက်နေပြီမို့ အငေါ့အငန်အတွက် ဆားနဲ့ကြက်သားမှုန့်လေးသင့်ရုံထည့်လှီး ထားတဲ့ ပဲသီးစိမ်းလေးတွေထည့်ပြီး တစ်မိနစ်လောက်နေရင် မီးဖိုပေါ်ကချလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ မုန်ညင်းချဉ်အရသာချဉ်ချဉ်လေးရယ် ဘိုစားပဲသီးအရသာချိုချိုလေးရယ်နဲ့ ပေါင်းထားတဲ့ မုန်ညင်းချဉ်ပဲသီး ဟင်းရည်တစ်ခွက်ရပြီပေါ့။

ဒီတစ်ပတ်ကတော့ဒီလောက်ပဲချက်ကြတာပေါ့။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံ ကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment